မွန်ပြည်နယ်အတွင်း ဖမ်းဆီးရမိပြီး အမှုပြီးပြတ်ထားသည့် လိုင်စင်မဲ့ယာဉ် ၃၀၀ ကျော် လေလံတင်ရောင်းချရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြထား
မွန်ပြည်နယ်အတွင်း ၂၀၁၆ ခုနှစ် ဇန် န၀ါရီလမှ ဒီဇင်ဘာလကုန်ထိ ဖမ်းဆီးရမိပြီး အမှုပြီးပြတ်ထားသည့် လိုင်စင်မဲ့ မော်တော်ယာဉ် ၃၃၄ စီးကို လေလံတင် ရောင်းချနိုင်ရန်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ထံသို့ တင်ပြထားကြောင်း မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။
မတ် ၂၄ ရက်ကကျင်းပသည့် ဒုတိယအကြိမ် မွန်ပြည်နယ်လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွင် တရားရုံးမှ နိုင်ငံပိုင် သိမ်းဆည်းထားသည့် မော်တော်ယာဉ်များ မည်သို့ ပြုလုပ်ထားသည့် ကိစ္စနှင့်ပတ်သက်ပြီး ပေါင်မြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းမင်းအောင်၏ မေးမြန်းထားမှုအပေါ် ၀န်ကြီးချုပ်က ယင်းကဲ့သို့ ဖြေကြားထားခြင်းဖြစ်သည်။
“၂၀၁၆ ခုနှစ် ဇန်န၀ါရီလမှ ဒီဇင်ဘာလကုန်ထိ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားပြီး တရားရုံးမှ အမှုပြီးပြတ်ပြီဖြစ်သည့် မော်တော်ယာဉ် ၃၃၄ စီးကို လေလံတင် ရောင်းချရန် ပြည်နယ်တရားလွှတ်တော်မှ တင်ပြလာသဖြင့် လေလံတင် ထုခွဲရောင်းချရေး ကော်မတီနှင့် ကြမ်းခင်းဈေး စိစစ်သတ်မှတ်ရေးအဖွဲ့ စနစ်တကျ ဖွဲ့စည်း၍ လေလံတင်ရောင်းချခွင့် ပြုပါရန် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးသို့ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက်နေ့စွဲဖြင့် တင်ပြထားကြောင်း မွန်ပြည်နယ် ၀န်ကြီးချုပ် ဒေါက်တာအေးဇံက ပြောကြားသည်။
“သိမ်းဆည်းရမိထားတဲ့ ကားတွေကို တရားရုံးမှာ စိစစ်တယ်။ ပြီးတော့ နိုင်ငံတော်ပိုင်အဖြစ် သိမ်းတယ်။ ပြီးလို့ရှိရင် လေလံတင်ရောင်းတယ်။ ဌာနဆိုင်ရာတွေကို ခွဲဝေပေးတာတွေရှိတယ်။ အဲဒီမှာ ကားတော်တော်များများဆိုရင် ဖမ်းဆီးရတုန်းကတော့ အကောင်းပေါ့။ မပျက်စီးဘဲ ကောင်းတဲ့အနေအထားမှာ ရှိနေတယ်။ ရဲကဖမ်းပြီးတော့ နိုင်ငံတော်ပိုင် သိမ်းဖြစ်ဖို့အတွက် တရားရုံးကနေ အမိန့်ချပြီးတော့ Release မလုပ်ခင် အချိန်တော်တော်လေးကို ကြာမြင့်တဲ့အတွက် ကားတွေက ပျက်စီး၊ အတွင်းပိုင်းမှာဆို ပျက်စီးကုန်တယ်။ အဲဒါကြောင့်မို့ ဒီကားတွေ ဘယ်လိုလုပ်ထားလဲ ဘယ်လိုဆောင်ရွက် ထားတာကို လွှတ်တော်မှာ မေးမြန်းတာ” ဟု လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမင်းအောင်က ပြောကြားသည်။
မွန်ပြည်နယ်အတွင်း နယ်စပ်မှတစ်ဆင့် တရားမ၀င် တင်သွင်းလာသည့် လိုင်စင်မဲ့ မော်တော်ယာဉ်များကို ၂၀၁၂ ခုနှစ် အောက်တိုဘာလမှစပြီး စီမံချက်ဖြင့် ဖမ်းဆီးမှု စတင်ခဲ့သည်။ ဖမ်းဆီးရမိထားသည့် လိုင်စင်မဲ့ မော်တော်ယာဉ်များအနက် တရားရုံးမှ စိစစ်ပြီးဖြစ်သည့် မော်တော်ယာဉ်များကို ပထမအကြိမ်အဖြစ် ၂၀၁၃ ခုနှစ် နိုဝင်ဘာ ၆ ရက်က မော်တော်ယာဉ် ၈၈ စီးကိုလည်းကောင်း၊ ဒုတိယအကြိမ်အဖြစ် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်က မော်တော်ယာဉ် ၁၅၀ စီးကိုလည်းကောင်း၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာ ၁ ရက်က မော်တော်ယာဉ် ၂၉၁ စီးကို တတိယအကြိမ်အဖြစ် လည်းကောင်း မွန်ပြည်နယ် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် လေလံတင် ရောင်းချခဲ့ပြီး ဖြစ်သည်။
လိုင်စင်မဲ့ မော်တော်ယာဉ်များသည် နယ်စပ်မြို့ဖြစ်သည့် ကရင်ပြည်နယ် မြ၀တီမှ တစ်ဆင့် မြန်မာပြည်အနှံ့ ပို့ဆောင်ကာ အထူးသဖြင့် ထိုင်းနယ်စပ်နှင့် အနီးစပ်ဆုံးဖြစ်သည့် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် လိုင်စင်မဲ့ မော်တော်ယာဉ် အသုံးပြုမှုများပြားပြီး သက်ဆိုင်ရာမှ လိုက်လံဖမ်းဆီးမှု ပြုလုပ်နေသော်လည်း လိုင်စင်မဲ့ယာဉ် အသုံးပြုမှု များပြားဆဲဖြစ်သည်။
Eleven Media Group
Sunday, March 26, 2017
မွန်ပြည်နယ်အတွင်း ဖမ်းဆီးရမိပြီး အမှုပြီးပြတ်ထားသည့် လိုင်စင်မဲ့ယာဉ် ၃၀၀ ကျော် လေလံတင်ရောင်းချရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြထား
မွန်ပြည်နယ်အတွင်း ဖမ်းဆီးရမိပြီး အမှုပြီးပြတ်ထားသည့် လိုင်စင်မဲ့ယာဉ် ၃၀၀ ကျော် လေလံတင်ရောင်းချရန် ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြထား
Reviewed by Ar Ti
on
7:32 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment