Latest News

Thursday, March 30, 2017

ဘဏ်ဝန်ထမ်းတွေကို သင်္ကြန်ပိတ်ရက် ၁၀ ရက်ပေးဖို့ ဗဟိုဘဏ်ညွှန်ကြား

ဘဏ်ဝန်ထမ်းတွေကို သင်္ကြန်ပိတ်ရက် ၁၀ ရက်ပေးဖို့ ဗဟိုဘဏ်ညွှန်ကြား

နိုင်ငံပိုင်ဘဏ်တွေအားလုံး၊ ပုဂ္ဂလိကဘဏ်တွေအားလုံး နဲ့ နိုင်ငံခြားဘဏ်ခွဲတွေအားလုံးက ၀န်ထမ်းတွေကို လာမယ့်သင်္ကြန်ကာလမှာ ပိတ်ရက် ၁၀ ရက် ခွင့်ပြုပေးဖို့အတွက်  မြန်မာနိုင်ငံဗဟိုဘဏ်ကနေ ပြီးခဲ့တဲ့ ၂၈ ရက်နေ့က ညွှန်ကြားလိုက်ပါတယ်။

ငွေကြေးဆိုတာ တိုင်းပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့အတွက် ဘဏ်တွေ အဲဒီလိုကြာကြာပိတ်လို့ မကောင်းဘူးလို့ ကမ္ဘောဇဘဏ်ရဲ့အကြံပေး ဦးသန်းလွင် က ပြောပါတယ်။

" ဘဏ်ကျတော့ သိပ်များများ ပိတ်လို့မကောင်းဘူး၊ ဥပမာ- နိုင်ငံခြားက ပိုက်ဆံတွေဝင်နေတာလည်း ပိတ်သွားတယ်ဗျာ၊ မကောင်းဘူးလေ၊ နိုင်ငံခြားမှာဆို၊ Foreign Exchange Market ဆိုတာ ၂၄ နာရီ ပိတ်ရက်မရှိလုပ်ရတာ၊ ငွေကြေးဆိုတာ တိုင်းပြည်ရဲ့ အသက်သွေးကြောကို သွားပိတ်လို့မရဘူးလေ၊ မြန်မာပြည်သူတွေအနေနဲ့ နားလည်ဖို့ကောင်းတာက ၅ ရက်ဆိုတာ အင်မတန်များလှပြီ၊ ကမ္ဘာမှာစံချိန်တင်ထားတာက တရုတ်ပြည်က တောင်လျှောက် ၅ ရက်၊ အဲဒီအပေါ်မှာမှ စံချိန်တက်ထားတာ ဗမာပြည်တင်လိုက်တာ ပေါ့ဗျာ၊ ၁၀ရက် ပိတ်ရက်တောက်လျှောက် ပိတ်တာက မြန်မာနိုင်ငံက ကမ္ဘာမှာ နံပါတ်တစ်ရခဲ့တယ်၊ ကိုယ့်တိုင်းပြည် အခုဟာ တိုင်းပြည်တည်ထောင်စမှာ ပိုတောင်အလုပ်လုပ်ရမှာ။ "

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက် နဲ့ ၁၇ ရက်နေ့တွေက ထုတ်ပြန်ခဲ့တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ နဲ့ မြန်မာနိုင်ငံ ဗဟိုဘဏ်တို့ရဲ့ ထုတ်ပြန်ချက်တွေမှာ သင်္ကြန်ကာလရှည် ရုံးပိတ်ရက်ကြောင့် နိုင်ငံတကာနဲ့ ဆက်သွယ်ဆောင်ရွက်ရာမှာ ရုံးလုပ်ငန်းနဲ့ ဘဏ်လုပ်ငန်းတွေ အခက်အခဲတွေ ဖြစ်ပေါ်လာတာ၊ ကုန်စည်စီးဆင်းမှုတွေ နှောင့်နှေးကြန့်ကြာတာတွေ တွေ့ရှိရတာကြောင့် နှစ်သစ်ကူးရုံးပိတ်ရက်ကို သင်္ကြန်အကြိုနေ့ကနေ အတက်နေ့အထိ ၅ ရက်သာပိတ်ဖို့ ရေးသားထားတာ ဖြစ်ပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့က သင်္ကြန်နှစ်သစ်ကူးရုံးပိတ်ရက် ၅ ရက်သတ်မှတ်ထားပေမဲ့ ခွင့်ပြန်လိုတဲ့ ဘဏ် အရာထမ်း၊ အမှုထမ်းတွေအတွက် ကြိုတင်စီစဉ်ထားတဲ့ အစီအစဉ်တွေအတိုင်း ဆက်လက်ဆောင်ရွက်နိုင်ဖို့  ၁၀ ရက်အဖြစ် ခွင့်ပြုကြောင်း မြန်မာနိုင်ငံဗဟိုဘဏ်ရဲ့စာမှာ ရေးသားထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ဘဏ်တွေအနေနဲ့ ၀န်ထမ်းတွေနဲ့ ၂ ဖက်ညှိနှိုင်းပြီး သင့်တော်တဲ့နည်းလမ်းတွေ၊ ခွင့်အမျိုးအစားတွေအနေနဲ့ ဆောင်ရွက်သွားဖို့လည်း ညွှန်ကြားထားပါတယ်။ RFA

No comments:

Post a Comment