ကင်မ်ဂျုံနမ် လုပ်ကြံမှုနှင့် ပတ်သက်၍ အဖမ်းခံထားရသည့် အမျိုးသမီး
နှစ်ဦးကို မလေးရှား စွဲချက်တင်
ကင်မ်ဂျုံနမ် လုပ်ကြံခံရမှုတွင် ဆက်စပ် ပါဝင်ခဲ့သည့် အမျိုးသမီး နှစ်ဦးကို လူသတ်မှုဖြင့် မလေးရှား တရားရုံးတွင် စတင်စွဲချက် တင်လိုက်ပြီဟု သိရသည်။
မလေးရှား ရဲတပ်ဖွဲ့က ဗီယက်နမ်မှ ဒိုယန်သီဟောင်နှင့် အင်ဒိုနီးရှား နိုင်ငံသူ ဆီတီ အိုင်စ်ရာတို့သည် VX အဆိပ်ရည်ကို အသုံးပြုကာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်မ်ဂျုံအန်း၏ ဖအေတူ မအေကွဲ အစ်ကိုဖြစ်သူကို လုပ်ကြံခဲ့ကြောင်း စွပ်စွဲထားသည်။ ကင်မ်ဂျုံအန်းနှင့် ဆက်ဆံရေး အေးခဲတင်းမာမှုများ ရှိခဲ့သည့် ကင်မ်ဂျုံနမ်သည် ဖေဖော်ဝါရီ ၁၃ ရက် လုပ်ကြံမှုတွင် အဆိပ်နှင့် ထိတွေ့ပြီး နာရီဝက်အတွင်း သေဆုံးသွားခဲ့သည်။
မလေးရှား ရဲတပ်ဖွဲ့သည် လေဆိပ်ထဲတွင် ကင်မ်ဂျုံနမ်ကို အလစ်အငိုက် ချုပ်နှောင်ပြီး မျက်နှာကို အဆိပ်ရည်ဖြင့် ပက်သွားသည့် အမျိုးသမီးနှစ်ဦး အပါအဝင် လူလေးဦးကို ဖမ်းဆီးထားပြီး ဖြစ်သည်။ အဆိုပါ လုပ်ကြံမှုကို
မြောက်ကိုရီးယား အေးဂျင့်များ ကျူးလွန်သည်ဟု စွပ်စွဲမှုများ ထွက်ပေါ်နေပြီး နောက်ထပ် သံသယ တရားခံ အချို့ကိုလည်း ရဲများက လိုက်လံရှာဖွေနေသည်။
အမျိုးသမီးနှစ်ဦးသည် မတ်လ ၁ ရက်တွင် ကွာလာလမ်ပူရှိ တရားရုံးသို့ အထူးတပ်ဖွဲ့ဝင်များ ခြံရံလျက် ရောက်ရှိလာပြီး စစ်ဆေးမှု ခံယူခဲ့ရသည်။ ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ပြစ်ဒဏ်အဖြစ် သေဒဏ်ထိ ချမှတ်
ခံရနိုင်ကြောင်းလည်း သိရသည်။ တရားခွင် စစ်ဆေးမှုများကို မီဒီယာများ သတင်းယူခွင့် မရှိခဲ့ချေ။
အစောပိုင်းက အမျိုးသမီးများကို ရဲတပ်ဖွဲ့က စစ်ဆေးရာ၌ Prankခေါ် ကျီစယ်နောက်ပြောင်သည့် TV အစီအစဉ် တစ်ခုတွင် ပါဝင်ခဲ့သည်ဟုသာ ထင်မှတ်ထားခဲ့ကြောင်း ထွက်ဆိုခဲ့ကြသည်။ လေဆိပ်ထဲတွင် လူအချို့ကို မျက်နှာတွင် ရေဖြင့်လိုက်သုတ်ကာ နောက်ပြောင်ရကြောင်း၊ ယခုဖြစ်စဉ် မတိုင်မီ သုံးလေးဦးကိုလည်း ယင်းကဲ့သို့ လိုက်လံ နောက်ပြောင်ပြီးဖြစ်ကြောင်း အမျိုးသမီးများက ပြောကြားခဲ့သည်။ ထို့အတွက် TV အစီအစဉ် ရိုက်ကူးသူများဟု သူမတို့ကို မိတ်ဆက်ထားသူများက ဒေါ်လာ ရာဂဏန်းမျှ ပေးချေခဲ့သည်ဟု ဆိုသည်။
ကင်မ်ဂျုံနမ် အလှည့်တွင်မူ ၎င်းတို့က ရေအစား VX အဆိပ်ရည်ကို ပြောင်းလဲ ထည့်ပေးလိုက်ခြင်း ဖြစ်ဖွယ်ရှိသည်။ လုံခြုံရေး ကင်မရာ မှတ်တမ်းများ၌ အမျိုးသမီးတစ်ဦးက ကင်မ်ဂျုံနမ်၏ နောက်ဘက်မှ ချဉ်းကပ်ပြီး တစ်ဦးက ရှေ့ဘက်မှာ ချဉ်းကပ်ပြီး မျက်နှာကို ပွတ်သပ်သွားကြောင်း တွေ့ရသည်။
မလေးရှား ရဲတပ်ဖွဲ့သည် ကင်မ်ဂျုံနမ်၏ သေဆုံးမှုနှင့် ဆက်စပ်၍ ဖမ်းဆီးထားသည့် မြောက်ကိုရီးယား နိုင်ငံသား ရီဂျောင်ချိုလ်ကို တရားစွဲရန် ချိန်ဆနေဆဲ ဖြစ်သည်။ အစိုးရ ရှေ့နေချုပ် မိုဟာမက် အေပန်ဒီ အလီက ၎င်းကို တရားစွဲရန် ကိစ္စမှာ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှု ရလဒ်များကို အခြေခံ ဆုံးဖြတ်ရမည်ဟု ပြောကြားထားသည်။
အသက် ၄၂ နှစ်ရှိ ကင်မ်ဂျုံနမ်သည် နေရပ် မကာအိုသို့ ပြန်သွားရန် လေဆိပ်ထဲ၌ Check-in ဝင်နေစဉ် ရုတ်တရက် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ မြောက်ကိုရီးယားက ကင်မ်ဂျုံနမ် သေဆုံးမှုသည် လုပ်ကြံခံရခြင်းဟု အသိအမှတ် မပြုဘဲ မိမိတို့ နိုင်ငံသားတစ်ဦး သေဆုံးမှုကို ခွင့်ပြုချက် မရဘဲ ရင်ခွဲစစ်ဆေးသည့် မလေးရှားကို ရှုတ်ချကြောင်း ကြေညာပြီး အလောင်းကို အမြန်ဆုံး ပြန်လည် လွှဲအပ်ပေးရန် တောင်းဆိုထားသည်။
Ref: The Star
7Day News Journal
Wednesday, March 1, 2017
ကင်မ်ဂျုံနမ် လုပ်ကြံမှုနှင့် ပတ်သက်၍ အဖမ်းခံထားရသည့် အမျိုးသမီး နှစ်ဦးကို မလေးရှား စွဲချက်တင်
ကင်မ်ဂျုံနမ် လုပ်ကြံမှုနှင့် ပတ်သက်၍ အဖမ်းခံထားရသည့် အမျိုးသမီး နှစ်ဦးကို မလေးရှား စွဲချက်တင်
Reviewed by Ar Ti
on
1:03 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment