Latest News

Thursday, March 30, 2017

"အန်အယ်လ်ဒီ အစိုးရ (၁ )နှစ်ပြည့် ဘာတွေ ပြောင်းလဲခဲ့ပြီလဲ"

"အန်အယ်လ်ဒီ အစိုးရ (၁ )နှစ်ပြည့် ဘာတွေ ပြောင်းလဲခဲ့ပြီလဲ"

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့မှာ ပြည်သူလူထုရဲ့ ထောက်ခံမှုနဲ့ အာဏာရယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အန်အယ်လ်ဒီ အစိုးရ၊ လွှတ်တော် အသက်ဝင်လာတာ ၁ နှစ်ပြည့်လာပြီဖြစ်ပေမယ့် နိုင်ငံအတွက် အပြောင်းအလဲ ဘာမှ မလုပ်နိုင်သေးဘူးဆိုပြီး ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးပွဲတွေမှာ တိုင်းပြည်နဲ့ ပြည်သူလူထုကို ပေးခဲ့တဲ့ ကတိတွေကို အန်အယ်လ်ဒီ အစိုးရ ဖြစ်လာချိန်မှာ အကောင်အထည်ဖော်နိုင်ပြီလား ဆိုတာကို သုံးသပ်တင်ပြသွားမှာပါ။

ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ပွဲဝင် ကတိကဝတ် ၃ ခု
၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲ မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူလူထုနဲ့ တိုင်းပြည်ကို ပေးခဲ့တဲ့ ရွေးကောက်ပွဲဝင် ကတိက၀တ် ၃ ခုရှိခဲ့ပါတယ်။ အဲဒါကတော့ ပြည်တွင်းငြိမ်းချမ်းရေး၊ တရားဥပဒေ စိုးမိုးရေး၊ အခြေခံဥပဒေ ပြင်ဆင်ရေးပါပဲ။ အန်အယ်လ်ဒီ အစိုးရနဲ့ လွှတ်တော်တွေဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရွေးကောက်ပွဲဝင် ကတိက၀တ် ၃ ခုကို အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေပေမယ့်လည်း အရာမထင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

ပြည်တွင်းငြိမ်းချမ်းရေး
ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံ ညီလာခံ ကျင်းပခဲ့ပေမယ့်လည်း ငြိမ်းချမ်းရေးအတွက် ခရီး နီးမလာဘဲ တိုက်ပွဲတွေ ပိုအရှိန်မြှင့်ပြီး စစ်ဘေးရှောင် ပြည်သူတွေ ထောင်နဲ့ချီ တိုးပွားလို့ လာနေဆဲပါပဲ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးဖို့အတွက် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို တိုက်တွန်းနေတာမို့ NCA ကို လက်မခံသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး၊ နိုင်ငံရေး ဆွေးနွေးဖို့ရာ ပိုမိုအလှမ်း ဝေးလာနေပါတယ်။ ဒါ့အပြင် မတ်လမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ဒုတိယအကြိမ်၂၁ ရာစု ပင်လုံညီလာခံဟာလည်း တိုင်းရင်းသားတွေ လိုလားချက် ရယူပေးနိုင်ပါ့မလားဆိုတဲ့ သံသယတွေ တိုးပွားနေပြီး ညီလာခံကျင်းပမယ့် အချိန်ကလည်း တဖြည်းဖြည်း နောက်ဆုတ်နေပါတယ်။ အန်အယ်လ်ဒီ အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေရင်းမှာပဲ တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု တဖြည်းဖြည်း လျော့နည်းလာနေတာကတော့ အသေအချာပါပဲ။ တပ်မတော်နဲ့ အဆင်ပြေစေရေးကို ဦးတည်နေရတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁ နှစ်အတွင်း ငြိမ်းချမ်းရေး ကြိုးပမ်းမှုတွေဟာ အရာမထင်သေးဘဲ ရှေ့ဆက် ပိုမိုဆိုးဝါးတဲ့ အခြေအနေတွေဆီ မရောက်ဖို့ အန်အယ်လ်ဒီ အနေနဲ့ ရုန်းကန်နေရတယ်လို့ နိုင်ငံရေးလေ့လာသူတွေက ဝေဖန်သုံးသပ်ကြပါတယ်။

တရားဥပဒေစိုးမိုးရေး
တရားဥပဒေစိုးမိုးရေး ဆိုတာကို အန်အယ်လ်ဒီ က အကြိမ်ကြိမ်ပြောဆိုခဲ့ပေမယ့်လည်း အန်အယ်လ်ဒီ အစိုးရ ၁ နှစ်ပြည့်လာချိန်အထိ တရားဥပဒေစိုးမိုးရေးဟာ စိန်ခေါ်မှုများစွာနဲ့ ရင်ဆိုင်နေရပါတယ်။ တရားရုံးတွေမှာ အကျင့်ပျက်ခြစားမှုတွေ ရှိနေဆဲဖြစ်တာကြောင့် ပြည်သူ့လွှတ်တော်ကနေ မတ်လ ၇ ရက်နေ့က တရားဥပဒေစိုးမိုးရေးအတွက် တရားရေးကဏ္ဍ တိမ်းစောင်းနေမှု ပြန်လည်တည့်မတ်ရေး အဆိုတရပ်တင်ပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို တိုက်တွန်းကြောင်း ဆွေးနွေးခဲ့ရာမှာ ပြည်ထောင်စု တရားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်အကြား အခြေအနေတွေ တင်းမာတဲ့အထိ ဖြစ်ခဲ့ပါသေးတယ်။
လတ်တလော အမှုအခင်းတွေ မျာားတာ၊ ပြည်သူလူထုရဲ့ လုံခြုံမှုအပိုင်း စိုးရိမ်စရာ ဖြစ်လာတွေကြောင့် တရားဥပဒေစိုးမိုးရေး ကဏ္ဍမှာ အတော်ကို ဝေဖန်ခံနေရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးရာထူးကို တပ်မတော်က အဆိုပြုတဲ့ တပ်မတော်သားကိုသာ သမ္မတက ခန့်အပ်ပိုင်ခွင့်ရှိတာမို့ တရားဥပဒေစိုးမိုးမှု အားနည်းတာက အစိုးရမှာ တာဝန်မရှိဘဲ တပ်မတော်က ကြီးကြပ်ကွပ်ကဲတဲ့ ပြည်ထဲရေး ဝန်ကြီးမှာပဲ တာဝန်ရှိတယ်ဆိုတဲ့ ဝေဖန်သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ရွေးကောက်ပွဲ ကတိကဝတ်တွေထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆိုတာဟာ တိုင်းရင်းသားတွေနဲ့ ပြည်သူလူထုတရပ်လုံး ထောက်ခံမှု ရှိခဲ့တဲ့ ကတိကဝတ် ၁ ခုလည်း ဖြစ်ပါတယ်။ သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်မှာ အန်အယ်လ်ဒီ ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး လူထု လှုပ်ရှားမှုတရပ် ဖော်ဆောင်ခဲ့ပြီး လူထုရဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး လက်မှတ် ၅ သန်းကို ကောက်ခံ ရယူခဲ့ပါတယ်။
ဒါပေမယ့်လည်း တကယ်တမ်း အန်အယ်လ်ဒီ အစိုးရနဲ့ လွှတ်တော်တွ အသက်ဝင် လာချိန်မှာတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟာ အတော်ကို အသံတိတ်သွားခဲ့ပါတယ်။ လွှတ်တော်ထဲမှာလည်းပဲ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ လှုပ်ရှားမှု အတော်ကို နည်းပါးနေဆဲပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ကတိကဝတ်ဟာ ၁ နှစ်ပြည့်လာပေမယ့်လည်း အရာမထင်သေးဘူးလို့ပဲ ဆိုရမှာပါ။

အမျိုးသားပြန်လည် ရင်ကြားစေ့ရေး
အန်အယ်လ်ဒီ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး ဆိုတဲ့ မူဝါဒဟာ ၁ နှစ်ပြည့်လာချိန်မှာတော့ တိုင်းရင်းသားတွေဘက်က မေးခွန်းထုတ်စရာတွေ ဖြစ်လာနေပါတယ်။ အန်အယ်လ်ဒီ အစိုးရ စတင် တာဝန်ယူချိန်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေကို တိုင်းရင်းသားနိုင်ငံရေး ပါတီတွေက အမတ်တွေကို ခန့်အပ်နိုင်ပေမယ့်လည်း မခန့်ဘဲ အန်အယ်လ်ဒီ အမတ်တွေကိုသာ အဓိကထား ခန့်အပ်ခဲ့တာကြောင့် ရခိုင်တိုင်းရင်းသား နိုင်ငံရေးပါတီတချို့က ဝန်ကြီးချုပ် တင်မြှောက်တဲ့နေ့မှာ လွှတ်တော်ထဲက ထွက်သွားပြီး ဆန္ဒပြတာမျိုး လုပ်ခဲ့ကြပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ လူမျိုးစု ပဋိပက္ခတွေနဲ့ပတ်သက်လို့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ် စုံစမ်းရေးကော်မရှင်ကို ဖွဲ့စည်းခဲ့တာကြောင့်လည်း ရခိုင်တိုင်းရင်းသားတွေဘက်က အကြီးအကျယ် ကန့်ကွက်ခဲ့ကြပါသေးတယ်။
အလားတူပါပဲ။ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွက် အစိုးရနဲ့ လွှတ်တော်ဘက်က တိတ်ဆိတ်နေလွန်းတာကြောင့် ကချင်တိုင်းရင်းသားတွေဘက်က အစိုးရကို မယုံမကြည်ဖြစ်လာနေပါတယ်။ မတ်လ ၂၈ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကချင်ပြည်နယ် ခရီးစဉ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က ပင်လုံစာချုပ်မှာ တိုင်းရင်းသား အားလုံး မပါဝင်လို့ ပုံသေစွဲကိုင်လို့မရဘူးလို့ ပြောဆိုခဲ့အပေါ် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ ထိပ်တန်းခေါင်းဆောင် ဗိုလ်ချုပ်ဂွမ်မော်က ဒေါ်အောင်ဆန်းစုကြည် ပြောဆိုချက်အပေါ် သဘောမကျစရာ၊ ပင်လုံ အနှစ်သာရဟာ မေးခွန်းထုတ်စရာပဲလို့ မှတ်ချက်ပေးထားပါတယ်။ ဒါတွေကိုကြည့်ရင် ကချင်တိုင်းရင်းသားတွေအနေနဲ့ အန်အယ်လ်ဒီအစိုးရနဲ့ လွှတ်တော်အပေါ် သံသယတိုးပွားနေတာမို့ အမျိုးသားရင်ကြားစေ့ရေးဟာ ရင်မောစရာ ဖြစ်လာနေပါတယ်။
မွန်တိုင်းရင်းသားတွေဘက်ကိုလည်း ကြည့်ရင် မွန်ပြည်နယ် ချောင်းဆုံတံတားကို ဗိုလ်ချုပ်အောင်ဆန်း တံတားအဖြစ် ပြည်သူ့လွှတ်တော်က အဆိုတရပ် တင်သွင်းသတ်မှတ် ခဲ့တာကြောင့် မွန်တိုင်းရင်းသားတွေက ကန့်ကွက်ဆန္ဒပြနေကြတယ်။ အန်အယ်လ်ဒီ အစိုးရ လွှတ်တော်အနေနဲ့ ဌာနေ တိုင်းရင်းသားတွေ လိုလားတဲ့ နာမည်ကို မပေးဘဲ လွှတ်တော်ကနေ အတင်းတံတားအမည် သတ်မှတ်ချက်ဟာ အန်အယ်လ်ဒီအပေါ် မွန်တိုင်းရင်းသားတွေရဲ့ ယုံကြည်မှု ကျဆင်းစေတယ်လို့ ဆိုပါတယ်။
အန်အယ်လ်ဒီ အစိုးရနဲ့ လွှတ်တော် ၁ နှစ်ပြည့်လာချိန်မှာ တိုင်းရင်းသားတွေနဲ့ အန်အယ်လ်ဒီအကြား အမျိုးသားရင်ကြားစေ့ရေးဟာ အတော်ကို ယိုယွင်းလာနေတယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ပြောဆို သုံးသပ်ပါတယ်။

ဝန်ကြီးလူမှန်နေရာမှန်နဲ့ ဗဟိုဦးစီးစနစ်
အန်အယ်လ်ဒီ အစိုးရမှာ အစိုးရ၀န်ကြီးနေရာတွေမှာ လူမှန်နေရာမှန်မရှိဘဲ ဗဟိုဦးစီးစနစ်နဲ့ သွားနေတာကြောင့် တိုးတက်မှု မရှိဘူးဆိုတဲ့ ဝေဖန်မှုတွေလည်း မြင့်တက်နေပါတယ်။ မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးအောင်နိုင်ဦးက အန်အယ်လ်ဒီ အစိုးရဟာ အမျိုးသားညီညွတ်ရေး ညွှန့်ပေါင်းအစိုးရသာ ဖြစ်သင့်ပေမယ့်လည်း တကယ်တမ်း လက်တွေ့မှာတော့ အဲဒီလို ဖြစ်မလာခဲ့တဲ့အတွက် မအောင်မြင်မှုတွေ ရှိနေတယ်လို့ သုံးသပ်ပြောဆိုပါတယ်။
နိုင်ငံရဲ့ စီးပွားရေး မောင်းနှင်အားဖြစ်တဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ရာထူးနဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးရာထူး တာဝန်ယူထားသူတွေအနေနဲ့လည်း ၁ နှစ်အတွင်းနိုင်ငံ့ စီးပွားရေး ကောင်းမွန်လာအောင် လုပ်ပြနိုင်ခြင်းမရှိတဲ့အတွက် လူမှန် နေရာမှန် မဟုတ်ဘူးဆိုတဲ့ ဝေဖန်မှုတွေ ရှိနေပြန်ပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရ၊ ဝန်ကြီးချုပ်တွေအနေနဲ့ ပြည့်ပြည့်ဝဝ လုပ်ပိုင်ခွင့်မရှိဘဲ ဗဟိုကို တင်ပြ လုပ်ကိုင်နေရတာကြောင့် တိုးတက်မှု နည်းတယ်ဆိုတဲ့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် ပါတီနဲ့ အစိုးရ မကွဲပြားမှုတွေအပေါ်မှာလည်း ဝေဖန်မှုတွေ မြင့်တက်နေပါတယ်။ အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်က အစိုးရ ဝန်ကြီးတွေ ခန့်အပ်မှု၊ ထုတ်ပယ်မှုတွေမှာ ခေါ်ယူပြောဆို ညှိနှိုင်းတာတွေ၊ မှတ်ချက်ပေး ပြောဆိုတာတွေကြောင့် ပါတီနဲ့ အစိုးရ မကွဲပြားဘူး ဆိုပြီး နိုင်ငံရေးအသိုင်းအ၀ိုင်းမှာ ပြောဆိုဝေဖန်နေခဲ့ကြတာပါ။ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဒုဝန်ကြီး ဒေါက်တာထွန်းဝင်း ရာထူးက ဖယ်ရှားမှု၊ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးမင်းမင်းဦး ရာထူးက နုတ်ထွက်မှုတွေမှာ အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်နဲ့ ပါတီ ဗဟိုအလုပ်အမှုဆောင်တွေဟာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တာကို တွေ့မြင်ရပါတယ်။

အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး
အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ အကျင့်ပျက် ခြစားမှုတိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ ဆောင်ရွက်ချက် အတော်ကို အားနည်းလွန်းလှပါတယ်။ အစိုးရ အဖွဲ့အစည်း ၁ ခုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှာလည်း အဖွဲ့ဝင်အသစ်တွေ ခန့်အပ်တာမျိုးမရှိဘဲ ယခင် လူဟောင်းတွေကိုသာ ဆက်လက်ခန့်ထားတာ တွေ့ရတဲ့အပြင် အရေးယူမှု အပိုင်းမှာလည်း အတော်ကို အားနည်းလှပါတယ်။ အကျင့်ပျက်ခြစားမှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ထံ တိုက်ရိုက် တိုင်ကြားနိုင်တဲ့ အွန်လိုင်းစာမျက်နှာ ဝန်ဆောင်မှုကို ဖွင့်လှစ်ခဲ့ပေမယ့်လည်း အစိုးရ တခုလုံးအနေနဲ့ ခြုံငုံကြည့်ရင်တော့ ခြစားမှုတွေအပေါ် အရေးယူ ဆောင်ရွက်မှု ထင်သာမြင်သာ မရှိတာကို တွေ့ရပါတယ်။ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ဦးဉာဏ်ဝင်းကတော့ သိပ်မကြာခင် အကျင့်ပျက်ခြစားမှုတွေနဲ့ပတ်သက်လို့ အစိုးရက လုပ်ဆောင်သွားမယ်လို့ မီဒီယာအင်တာဗျူးတခုမှာ ပြောဆိုထားပါတယ်။ အစိုးရ ခေါင်းဆောင်ပိုင်းမှာတော့ ခြစားမှု ကိစ္စမျိုး မကြားရဘူးဆိုတဲ့ ဝေဖန်သုံးသပ်မှုတွေလည်း ရှိပါတယ်။

ဒီမိုကရေစီနဲ့လူ့အခွင့်အရေး
အန်အယ်လ်ဒီ အစိုးရအနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မြှင့်တင်ပေးမယ့် အစိုးရအဖြစ် အများက မျှော်လင့်ထားခဲ့ပေမယ့်လည်း လက်တွေ့မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မြှင့်တင်မှု အတော်ကို နှေးကွေးတယ်လို့ နိုင်ငံရေး လေ့လာ သုံးသပ်သူတွေက ဆိုပါတယ်။
လတ်တလော နိုင်ငံတဝန်းမှာ နိုင်ငံရေး အကျဉ်းသား ဖမ်းဆီးထိန်းသိမ်းထားမှု ၂၅၀ လောက် ရှိနေပြီး ၉၀ ဝန်းကျင်လောက် ထောင်ဒဏ်ကျခံနေရကြောင်း၊ အမှုရင်ဆိုင်နေရသူတွေလည်း များပြားစွာရှိနေကြောင်း၊ အထူးသဖြင့် လယ်သိမ်းခံရလို့ လယ်ယာမြေပြန်လည်ရရှိရေးအတွက် တိုက်ပွဲဝင်ရင်း အမှုရင်ဆိုင်နေရသူ များပြားကြောင်း AAPP အဖွဲ့ရဲ့ ထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။
ဒါ့အပြင် ဆက်သွယ်ရေးဥပဒေ ၆၆(ဃ) နဲ့ အရေးယူခံရမှုတွေ များပြားလာတဲ့အပြင် အစိုးရနဲ့ တပ်မတော်ကိုယ်တိုင်က ၆၆(ဃ) ကို နိုင်ငံရေး လက်နက်သဖွယ် အသုံးပြုလာတာတွေလည်း ရှိနေပါတယ်။ ၆၆(ဃ) ပယ်ဖျက်ပေးဖို့ တောင်းဆိုမှုတွေကိုလည်း အန်အယ်လ်ဒီ အစိုးရနဲ့ လွှတ်တော်က မျက်ကွယ်ပြုထားပါတယ်။
အလားတူပါပဲ။ အစိုးရအနေနဲ့ လွတ်လပ်တဲ့ ပုဂ္ဂလိက သတင်းမီဒီယာတွေအပေါ်မှာလည်း ဆက်ဆံမှုနည်းပါးလှပြီး ပုဂ္ဂလိမီဒီယာတွေ ဖွံ့ဖြိုးရေးအတွက် လုပ်ဆောင်မှု နည်းပါးနေ ပါတယ်။ ယခင် စစ်အစိုးရ အသုံးပြုခဲ့တဲ့ အစိုးရမီဒီယာ ဝါဒဖြန့်ချိရေး ယန္တရားကို အန်အယ်လ်ဒီအစိုးရ လက်ထက်မှာ အကြီးအကျယ် ဆက်လက် အသုံးချနေတာကလည်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အားမပေးမှုအဖြစ် ရှုမြင်ခံနေတာပါ။

အထွေထွေ ကုန်ဈေးနှုန်းမြင့်တက်ခြင်း
အန်အယ်လ်ဒီ အစိုးရသစ်လက်ထက်မှာ စီးပွားရေး အတော်ကိုကျပ်တည်းလှပြီး အထွေထွေကုန်ဈေးနှုန်း မြင့်တက်မှုတွေ အကြီးအကျယ် ဖြစ်ပေါ်လာနေပါတယ်။ အမေရိကန် စီးပွားရေး ပိတ်ဆို့မှု ဖယ်ရှားလိုက်နိုင်ပေမယ့်လည်း မြန်မာ့စီးပွားရေး တိုးတက်လာခြင်းမရှိဘဲ အထွေထွေကုန်ဈေးနှုန်း မြင့်တက်လာတာကြောင့် ၁ နှစ်အတွင်း ပြည်သူလူထု ပိုမိုကျပ်တည်းလာနေပါတယ်။ ၂၀၁၆ ခုနှစ် ကုန်ဈေးနှုန်းတွေနဲ့ နှိုင်းယှဉ်ရင် ၁ နှစ်ပြည့်လာချိန် ၂၀၁၇ ခုနှစ်မှာ ကုန်ဈေးနှုန်း အားလုံးက ၃၀ ရာခိုင်နှုန်း မြင့်တက်သွားခဲ့ပါတယ်။ ငွေလဲနှုန်း မတည်ငြိမ်တာ၊ စက်သုံးဆီဈေးနှုန်းတွေ မြင့်တက်လာတာ၊ အစိုးရ လုပ်ထုံးလုပ်နည်းတွေ မကြာခဏ ပြောင်းလဲတာ၊ စီးပွားရေးမူဝါဒ မတည်ငြိမ်တာတွေကြောင့် မြန်မာ့စီးပွားရေးဟာ ၁ နှစ်အတွင်း အတော်ကို ကတိမ်းကပါး ဖြစ်စေခဲ့တယ်လို့ စီးပွားရေး လေ့လာသုံးသပ်သူတွေက ဆိုကြပါတယ်။ ဒါ့အပြင် နိုင်ငံခြား ရင်းနှီးမြှပ်နှံမှုအပိုင်းမှာလည်း အတော်ကို ကျဆင်းပြီး အစိုးရဘတ်ဂျက်မှာလည်း လိုငွေပြနေဆဲ ဖြစ်တယ်လို့ အစိုးရထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သိမ်းဆည်းမြေယာများ မူလပိုင်ရှင်ထံ ပြန်လည် ပေးအပ်ခြင်း
အန်အယ်လ်ဒီအစိုးရ လက်ထက်မှာတော့ သိမ်းဆည်းမြေယာအများစုကို မူလ ပိုင်ရှင်တွေထံကို ပြန်လည်လွှဲပြောင်းပေးအပ်တာတွေကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါတယ်။ မူလပိုင်ရှင်တွေကို သေချာစိစစ်ပြီး ပြန်လည်ထုတ်ပေးနေရာမှာ အခုဆိုရင် လယ်ယာမြေ သိန်းချီ မူလပိုင်ရှင်တွေထံကို ပြန်လည် ပေးအပ်နေတာလည်း တွေ့ရပါတယ်။ အန်အယ်လ်ဒီ အစိုးရသစ် လက်ထက်မှာတော့ မြေသိမ်းမှုတွေ လုံးဝနီးပါး မကြားရတော့တာမို့ အစိုးရသစ်ရဲ့ ရှားပါးတဲ့ အောင်မြင်မှုတွေထဲက ၁ ခုလို့ ဆိုနိုင်ပါတယ်။

သူတို့အမြင်…
ဦးဥာဏ်ဝင်း၊ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်
“ကျနော်တို့က ပြောင်းလဲချိန်တန်ပြီဆိုတဲ့ စကားလုံးအတိုင်းကို ကြိုးစားတာ၊ ကြိုးစားတော့ ခုအချိန်အထိ ပြောရရင် အပြောင်းအလဲတွေ အများကြီးရှိနေတယ်။ ကောင်းမွန်တဲ့ အပြောင်းအလဲတွေ အများကြီးရှိတယ်”

ဦးအောင်သူငြိမ်း၊ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ
“အခုအနေအထားမှာ တနှစ်ပြည့်လာတဲ့အထိ အန်အယ်လ်ဒီအစိုးရ ဘယ်ကို သွားမယ် ဘယ်လိုဘယ်ပုံ သွားမလဲဆိုတဲ့ Vision ပေါ့။ မျှော်မှန်းချက်လည်း မတွေ့ရသေးဘူးဆိုတဲ့ အနေအထားမျိုး ဖြစ်ပါတယ်”

သာလွန်ဇောင်းထက်

No comments:

Post a Comment