Latest News

Wednesday, March 1, 2017

အိမ်ထောင်ရေးဟာ ဘ၀အတွက်အရေးပါရဲ့လား…

အိမ်ထောင်ရေးဟာ ဘ၀အတွက်အရေးပါရဲ့လား…

အချစ်ရေးတို့ အိမ်ထောင်ရေးတို့ဆိုတာ စာဖွဲ့လောက်တဲ့ကိစ္စမဟုတ်ဘူးလို့ ထင်မှတ်ကြသူတွေရှိတာ တွေ့ရတော့အံ့သြမိတယ်။

ကျွန်မအတွက်တော့ အချစ်ရေးပဲဖြစ်ဖြစ်၊ အိမ်ထောင်ရေးပဲ ဖြစ်ဖြစ် အရေးပါလှတယ်။ အောင်မြင်တဲ့ အိမ်ထောင်ရေးကို
ထူထောင်နိုင်မှ အောင်မြင်ပျော်ရွှင်တဲ့ဘ၀တစ်ခုကို ရလိမ့်မယ်လို့ယူဆ လက်ခံထားသူလည်း ဖြစ်ပါတယ်။

ပြီးတော့ အိမ်ထောင်ရေးဆိုတာလည်း ချစ်ခြင်းမေတ္တာနဲ့ အောင်မြင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ဖို့ အနုပညာတစ်ရပ်လိုပဲ ခက်ခဲနက်နဲလှတဲ့ လူမှုရေးပညာရပ်ဖြစ်တဲ့အတွက် လေ့လာဆည်းပူးသင့်တယ်လို့ နားလည်ထားတဲ့ ကျွန်မလည်း အပါအ၀င်ပါပဲ။

ကျွန်မအနေနဲ့လည်း အိမ်ထောင်ရေးနဲ့သက်ဆိုင်တဲ့ စာအုပ်စာပေတွေကိုလည်း ဖတ်ခဲ့လေ့လာခဲ့ပါတယ်။ စာအုပ်တွေနဲ့ လူ့ပတ်ဝန်းကျင်မှာ ကျွန်မတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံတွေ ကြားသိခဲ့ရတဲ့အဖြစ်အပျက်တွေအရ အိမ်ထောင်ရေးဆိုတာ မထူခင်တုန်းကလည်း သေချာ စဉ်းစားရတဲ့ကိစ္စရပ်ကြီး ဖြစ်တယ်။

အိမ်ထောင် ထူပြီးတဲ့အခါမှာလည်း ကိုယ့်ရဲ့ အပြောအဆို၊ ကိုယ်က အိမ်ထောင်ဘက်ကို ပြောဆိုရာမှာပဲ ဖြစ်ဖြစ်၊ ကိုယ့်ပတ်ဝန်းကျင်ကို အိမ်ထောင်ဘက်နဲ့ပတ်သက်ပြီး ပြောဆိုရာမှာပဲ ဖြစ်ဖြစ် ဂရုတစိုက်နဲ့ ပြောဖို့ လိုအပ်တယ်လို့ နားလည်မိတယ်။

ဒါ့အပြင် အိမ်ထောင်ပြုလိုက်ပြီပဲ အမေ့နဲ့တုန်းကလို မဟုတ်တော့ဘူး။ လွတ်လပ်သွားပြီ သွားချင်တာ သွားလို့ရပြီ၊ စားချင်တာ စားလို့ရပြီ ဆိုတဲ့ အတွေးအခေါ်မျိုးက အန္တရာယ်ဖြစ်စေတယ်ဆိုတာကို သဘောပေါက်လာရတယ်။

အမေ့အိမ်မှာတုန်းက ဘယ်လိုနေထိုင်ခဲ့ပါစေ အမေက ဆူမှာ ပြောမှာက လွဲလို့အခြား ကြောက်စရာ မရှိပါဘူး။ ကိုယ့်အိမ်ထောင်ဘက်နဲ့မှာတော့  သားသမီးတွေရဲ့ကိစ္စရပ်တွေကို တစ် ခုမှ မလုပ်ဘဲနဲ့တစ်နေကုန် လျှောက်လည်ပြီး ညနေမှ အိမ်ပြန်လာတဲ့ဇနီး သည်ကို ဘယ်လို တုန့်ပြန်မှု တွေရှိနိုင်သလဲ။

 ခင်ပွန်းသည်က သဘောကောင်းလွန်းလို့ မပြောဘူး ၊ မဆိုဘူး ဆိုရင်တောင်မှ ပတ်ဝန်းကျင်က ပြောမှာပဲ၊ ပတ်ဝန်းကျင်ကလည်း မသိ မပြောဘူး ဆိုရင်တောင်မှ ကိုယ့်က ခင်ပွန်းအပေါ် တာဝန်ပျက်ကွက်သူ၊ သားသမီးတွေအပေါ် တာဝန်ပျက်ကွက်တဲ့အမေ ဖြစ်သွားမှာပေါ့။

သမီးတစ်ယောက်ရဲ့ နေထိုင်မှုထက် ဇနီးသည်တစ်ယောက်နဲ့မိခင်တစ်ယောက်ရဲ့ နေထိုင်ရှင်သန်မှုက ပိုပြီး တာဝန်ကြီးတယ်၊ ၀တ္တရားတွေလည်း လေးနက်လှပါတယ်။ ဒါကို သဘောပေါက်တယ်ဆိုရင်တော့ဇနီး ဘ၀မှာ အသွားအလာ၊ အနေအထိုင်ကလည်း ဆင်ခြင်ရပါတယ်။

သားသမီးတွေရဲ့စံပြ မေမေဖြစိဖို့လည်း ကိုယ့်ကိုယ်ကို ဂရုတစိုက်နဲ့ စောင့်ထိန်းရတာတွေလည်း ရှိပါသေးတယ်။ မိခင်က ဆဲတတ်ရင် သားသမီးတွေကလည်း ဆဲတတ်ပါမယ်။ မိခင်ဖြစ်သူက ချဲ ထိုး နှစ်လုံးထိုးနဲ့လောင်းကစားလုပ်တဲ့အခါ သားသမီးတွေက ဖဲရိုက်တတ်လာလိမ့်မယ်။ မိခင်နေထိုင်မှု အကျင့်စရိုက်တွေကို လေ့လာသင်ယူနေမှာ ကိုယ့်ရဲ့သားသမီးတွေပဲ ဆိုတာကို ကျွန်မတို့ မိခင်တွေ သတိပြုဖို့ လိုအပ်ပါတယ်။

ကိုယ့်သားသမီးကို မိဘထက်ပိုတော်တဲ့၊ပိုကောင်းတဲ့ သားသမီးတွေ ဖြစ်စေချင်ရင် ကိုယ့်က တော်ပြီးကောင်းဖို့ လိုအပ်တာပါ။
လေ့လာမိခဲ့တာတွေအရ အိမ်ထောင်ရေးကို ထိခိုက်ပျက်ဆီးစေတဲ့ အကြောင်းအချက်တွေရှိတာကိုလည်း မြင်မိတယ်။

အဲဒါကတော့  ကိုယ့်ရဲ့ခင်ပွန်းက အချစ်ပဲ ပေးပြီး မေတ္တာ မပေးတဲ့အတွက် ပျက်ရတဲ့ အိမ်ထောင်( ဇနီးသည်ကို နှမလို၊ အစ်မလို စောင့်ရှောက်ပေးရပါတယ်၊ ဇနီးသည်ကို ညအိပ်ဖော်လိုပဲ သဘောထားပြီး ဂရုစိုက်၊ စောင့်ရှောက်တာမျိုး ကြင်နာ ယုယတာမျိုးမရှိရင်လည်း အဲဒီအိမ်ထောင်ဟာ ပျက်စီးတတ်တယ်တဲ့။

ဇနီးသည်ကို ကျွန်တစ်ယောက်လို သဘောထားတာ၊ အကာကွယ်မပေးတာ၊ ဂရုမစိုက်တာ၊ မလေးစားတာ တွေလည်း ပါဝင်ပါတယ်။
နောက် ပျက်ဆီးတတ်တာကတော့ တစ်ဖက်စောင်းနင်း အနိုင်ယူမှုများကြောင့် ပြိုကွဲရသော အိမ်ထောင်ရေးပါပဲ။

ခင်ပွန်းကဖြစ်ဖြစ် ဇနီးသည်က ဖြစ်ဖြစ် တစ်ယောက်ယောက်က အခြားတစ်ယောက်ကို အနိုင်ယူနေတာများရင်လည်း အဲဒီအိမ်ထောင်ဟာ ရေရှည်မတည်တန့်နိုင်ပါဘူး။

ဘာကြောင့်လဲ ဆိုတော့ဘယ်သူကမှ တစ်ဖက်သတ်ကြီး အနိုင်ယူနေတာမျိုးကို ဘယ်သူမှ ရေရှည်မှာ သည်းမခံနို်င်လို့ပါပဲ။
နောက် တစ်မျိုးကတော့ မယုံသင်္ကာစိတ်နဲ့ သံသယများခြင်းကြောင့် ပြိုကွဲရသော အိမ်ထောင်ရေးပါပဲ။

ဒါကလည်း ကိုယ့်ခင်ပွန်း၊ကိုယ့်ဇနီးအပေါ် အမြဲတမ်း မယုံသင်္ကာံစိတ်နဲ့ မျက်စိထောက်ကြည့်နေတာ အမြဲပြောဆိုနေတာတွေကလည်း သူ့ရဲ့ သိက္ခာကို ထိပါးစေတဲ့အတွက် ဘယ်သူမှ ကြာရှည် သည်းမခံနိုင်ပါဘူး။

 ဒီတစ်မျိုးကတော့အိမ်ထောင်ကို စီးပွားရေးရော လူမှုရေးပိုင်းမှာပါ။ သစ္စာပျက်ယွင်းသောကြောင့် ပြိုကွဲရသော အိမ်ထောင်ရေး။ဖောက်ပြန်တတ်တဲ့ သူ ပါဝင်တဲ့ အိမ်ထောင်ရေးဟာလည်း မတည်တန့်နိုင်ပါဘူး။

ဒါ့အပြင် ဆွေစဉ်မျိုးဆက် ကြည့်တတ်တဲ့လူ့ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့သစ္စာမဲ့မှုကြောင့်သားတွေ သမီးတွေကိုပါ မကြည်ဖြူ ဖြစ်လာတတ်တဲ့အတွက် ကိုယ့်ကြောင့် ကိုယ့်မိသားစုနဲ့ မျိုးဆက်လိုက် ထိခိုက်ရပါတယ်။

အောင်မြင်တဲ့ အိမ်ထောင် ထူထောင်ဖို့ဆိုရင် သစ္စာတရားနဲ့ အချစ်ခြင်းညီဖို့ အရေးကြီးတယ်လို့ အိမ်ထောင်ရေးကျွမ်းကျင်သူတွေက ဆိုကြတယ်။ အဲဒီလို သစ္စာတရားကို စောင့်ထိန်းခြင်းက ကို်ယ့်ကိုပဲ သိက္ခာရှိတဲ့ လူ့အဖြစ် သတ်မှတ်ခံရတာမဟုတ်ပါဘူး။

သူတို့အမျိုးက သစ္စာရှိတယ်၊ တစ်လင်တစ်မယားစနစ်ပဲ ဆိုတဲ့ဂုဏ်ကိုလည်း သားစဉ်မြေးဆက် လက်ဆင့်ကမ်းနိုင်ပါသေးတယ်။

ဒါကြောင့် ကိုယ့်ဘ၀ အောင်မြင်ချင်တယ်၊ ကိုယ့် မျိုးဆက်တွေ ပိုကောင်းပြီး ပို်တော်ချင်တယ်ဆိုရင်တော့ အိမ်ထောင်သည် ဘ၀မှာ ဂရုစိုက်သင့်တာတွေ၊ စောင့်ထိန်းသင့်တာတွေကို စောင့်ထိန်းပြီး ဘ၀အတွက် ကြိုးစားမယ်ဆိုရင် မဝေးသောကာလမှာ အောင်မြင်ခြင်းက စောင့်ကြိုနေမှာပါရှင်။
မတူတဲ့အမြင်များရှိရင်လည်းေ ဆွးနွေးပေးဖို့ ဖိတ်ခေါ်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင်
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment