Latest News

Saturday, March 4, 2017

မိုင်းရှုးမြို့နယ်က မဲရုံတချို့ကို လုံခြုံရေးအခြေအနေကြောင့် နေရာပြောင်းရွှေ့ဖို့စီစဉ်

မိုင်းရှုးမြို့နယ်က မဲရုံတချို့ကို လုံခြုံရေးအခြေအနေကြောင့် နေရာပြောင်းရွှေ့ဖို့စီစဉ်

ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းရှုးမြို့နယ်က မဲရုံတစ်ချို့ကို နယ်မြေလုံခြုံရေးအကြောင်းပြချက်နဲ့ ရွေးကောက်ပွဲ စေ့စပ်ညှိနှိုင်းရေးကော်မတီက ပြောင်းရွှေ့ဖို့စီစဉ်နေတာကြောင့် မဲဆန္ဒရှင်တွေ မဲပေးဖို့ အခက်အခဲကြုံရနိုင်ပြီး ပါတီတချို့ကလည်း ကန့်ကွက်နေကြပါတယ်။

မိုင်းရှုးမြို့နယ် မော်မိတ်ဆိုတဲ့ ကျေးရွာအုပ်စုမှာ စစ်တပ်နဲ့ ရဲစခန်းမရှိလို့ဆိုပြီး ပြောင်းရွှေ့ဖို့ စီစဉ်နေကြတာလို့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ဦးစိုင်းလိတ်က ပြောပါတယ်။

''ရွေးကောက်ပွဲကော်မရှင်အနေနဲ့က တော်တော်များများကို လိုက်မလုပ်ပေးနိုင်တာကို တွေ့ရတယ်၊ မော်မိတ်ဆိုတဲ့အုပ်စုဆိုရင် စစ်တပ်မရှိဘူး ရဲစခန်းမရှိဘူးဆိုပြီး မဲရုံတွေရွှေ့ဖို့၊ ချုံ့ဖို့လုပ်နေတာ တွေ့ရတယ်၊ မိုင်းရှုးဆိုတာက တိုက်ပွဲလည်း မဖြစ်တော့ဘူး၊ စစ်ရေးတင်းမာမှုလည်း မတွေ့ရဘူး အဲဒါကို လုံခြုံရေးအကြောင်းပြပြီးတော့မှ မဲရုံရွှေ့မယ်ဆိုတဲ့ကိစ္စက မဲလာထည့်ကြမယ့် ဒေသခံပြည်သူတွေ အလှမ်းဝေးတဲ့နေရာရောက်သွားရင် သူတို့အခွင့်အရေးဆုံးရှုံးမှာ စိုးရိမ်တယ်''

မိုင်းရှုးမြို့နယ်ဟာ SSPP တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေ လှုပ်ရှားတဲ့နယ်မြေဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက နယ်မြေမတည်ငြိမ်လို့ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ပါဘူး။

SSPP တပ်တွေနဲ့နီးတဲ့ ကျေးရွာတွေက မဲရုံတွေကို လုံခြုံရေးစိတ်ချရတဲ့နေရာကို ရွှေ့ပြောင်းဖို့ စီစဉ်တာမျိုးတွေ ရှိနေကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးစိုင်းကျော်တင်ရွှေ က ပြောပါတယ်။

''ခုလောလောဆယ်တော့ နှောင့်ယှက်တာတွေတော့မရှိဘူး ဒါပေမဲ့ အကန့်အသတ်နဲ့ပေါ့နော်၊ ဥပမာ စည်းရုံးရေးဆင်းရင် မသွားရတဲ့နေရာတွေတော့ ရှိပါတယ်၊ လက်နက်ကိုင်တစ်ဖက် အဖွဲ့အစည်းတွေရှိ တဲ့ နေရာပေါ့နော်''

အခုလက်ရှိမှာတော့ နယ်မြေအခြေအနေအရ စစ်ရေးတင်းမာမှုတွေမရှိသလို SSPP အဖွဲ့ကလည်း ရွေးကောက်ပွဲအတွက် မှတ်ပုံတင်ထားတဲ့ ဘယ်နိုင်ငံရေးပါတီမဆို မဲဆွယ်စည်းရုံးနိုင်တယ်ဆိုပြီး ကြေညာချက်ထုတ်ပြန်ထားပါတယ်။

မိုင်းရှုးမြို့နယ်မှာ ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၅ ခုက ကိုယ်စားလှယ်လောင်းတွေ က ဝင်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ၂ နေရာအတွက် ၀င်ရောက်ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ အဲဒီမဲဆန္ဒနယ်မှာ ၀င်ရောက်ယှဉ်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းတွေနဲ့ ရွေးကောက်ပွဲ စေ့စပ်ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။

မဲပေးဖို့ အသိပညာပေးလှုပ်ရှားမှုတွေလုပ်နေရာမှာ နိုင်ငံရေးပါတီတွေကပဲ ဦးဆောင်လုပ်ပေးနေပြီး ၅၀ ရာခိုင်နှုန်းလောက်ကသာ မဲပေးဖို့စိတ်ဝင်စားကြတယ်လို့ စည်းရုံးရေးဆင်းနေတဲ့ ပါတီဝင်တွေက ပြောကြပါတယ်။

Photo: Kan Thar/RFA

(ရှမ်းပြည်နယ်အတွင်းက မဲရုံတစ်ရုံကို တွေ့ရစဉ်)

No comments:

Post a Comment