ပညာရေးမျှော်လင့်ချက်အတွက် ဒေါ်အောင်ဆန်းစုကြည်၏
မဟာဗျူဟာစီမံကိန်း
အလုပ်အကိုင်အခွင့်အလမ်း တိုးတက်စေရေးနှင့် ဘ၀တစ်သက်တာသင်ယူမှုအခွင့်အလမ်းအတွက် ရည်ရွယ်၍ ဒီချုပ်အစိုးရ ၏ ငါးနှစ်တာ အမျိုးသားပညာ ရေးမဟာဗျူဟာစီမံကိန်းကို ဒေါ် အောင်ဆန်းစုကြည်က နေပြည် တော်တွင် မိတ်ဆက်ခဲ့သည်။
နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း စင်တာ-၂ တွင် ဖေဖော်ဝါရီ၂၃ ရက်က ကျင်းပသော အခမ်းအနား၌ အလုပ်အကိုင်အခွင့်အလမ်းနှင့် ဘ၀တစ်သက်တာသင်ယူမှုအခွင့်အလမ်းအတွက် ငါးနှစ်အတွင်း မြန်မာနိုင်ငံ၏ အမျိုးသားရေးစနစ်ကို အဓိကပြောင်းလဲမည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဦးသိန်းစိန် အစိုးရလက်ထက်ကတည်းက ဆောင်ရွက်ခဲ့သော ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍ လေ့လာသုံးသပ်ရေး (CESR)အစီရင်ခံစာများ၊ ပညာရေးဆိုင်ရာလုပ်ငန်းအဖွဲ့များ၏ အစီရင်ခံစာများ၊ အမျိုးသားပညာရေးဥပဒေနှင့် ယင်းဥပဒေကို ပြင်ဆင်သည့်ဥပဒေ၊ ကဏ္ဍအလိုက်လုပ်ငန်းစီမံကိန်း ကိုးစောင်နှင့် အစိုးရ၏ ပညာရေး ပြုပြင်ပြောင်း
လဲမှု ဦးစားပေးလုပ်ငန်းများအပေါ်အခြေခံ၍ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းကို ရေးဆွဲ ထားသည်ဟု ဆိုသည်။
မြန်မာ့ပညာရေးစနစ်၏ ယေဘုယျနောက်ခံအခြေအနေ၊မကြာသေးမီနှစ်များအတွင်း ပညာရေးမူဝါဒပြုပြင်ပြောင်းလဲမှုအပေါ် ခြုံငုံသုံးသပ်ချက်၊ အမျိုးသား ပညာရေးစနစ်၏ မကြာသေးမီနှစ်များအတွင်း အောင်မြင်ဖြစ်ထွန်းမှုများ၊ လက်ရှိပညာရေးစနစ်၏ အဓိကစိန်ခေါ်မှုများ၊ စီမံကိန်းရည်မှန်းချက်ပန်းတိုင်၊ မဟာဗျူဟာမြောက်အပြောင်းအလဲ ကိုးရပ်၊စီမံကိန်း၏ အဓိကကဏ္ဍများ၊ ပညာရေးလမ်းသွယ်များ၊ စီမံကိန်းအတွက် ဘဏ္ဍာငွေထောက်ပံ့ ခြင်း၊ စီမံကိန်း အဆင့်အလိုက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း စသည့်အချက်များကို အမျိုးသားပညာရေးမဟာဗျူဟာ စီမံကိန်းတွင် ထည့်သွင်းရေးဆွဲ ထားသည်။
‘‘အမျိုးသားမဟာဗျူဟာ စီမံကိန်းကို ချမှတ်တာကတော့ ဟုတ်ပါတယ်။ စီမံကိန်းအောင်မြင်ဖို့အတွက် အဓိကဘာလိုအပ်သလဲဆို တာ အားလုံးစဉ်းစားရမှာပါ။ အဲဒီအတွက် သင်ယူချင်တဲ့စိတ်ဟာ ကျွန်မတို့ လူငယ်များကြားထဲမှာ ထွန်းကားအောင်လို့ဆိုတာ သင်ပေးတဲ့သူတွေကိုယ်တိုင်က သင်ယူချင်တဲ့စိတ်ရှိဖို့လိုပါတယ်။တစ်သက်တာ ဆက်ပြီးတော့ သင်နေရမယ်၊ ဆက်ပြီးတော့ သင်နိုင်တယ်ဆိုတဲ့ စိတ်ဓာတ်၊ သင်ချင်တယ်ဆိုတဲ့ စိတ်ဓာတ်ကို သင်ပေးတဲ့သူတွေမှာ ရှိမှသာလျှင် အသင်ခံရတဲ့သူတွေကလည်း ဒီလိုစိတ်ဓာတ်တွေ များပွားလာမှာပါ’’ဟု ဒေါ်အောင်ဆန်းစုကြည်က စီမံကိန်းမိတ်ဆက်ပွဲ အခမ်းအနားတွင် ပြောကြားသည်။
မြန်မာ့ပညာရေးစနစ်တွင် အစိုးရအခြေခံပညာ ကျောင်းများ၌ ကျောင်းသား ၉ ဒသမ ၂ သန်းကျော်ရှိပြီး ဆရာ၊ ဆရာမ ၃ ဒသမ၄ သိန်းကျော်ရှိနေသည်။ ကောလိပ်၊ ဒီဂရီကောလိပ်နှင့် တက္ကသိုလ်များတွင် ကျောင်းသား ၂ ဒသမ ၂ သိန်းကျော်ရှိပြီး အဝေးသင်တက္ကသိုလ်သင်ယူနေသော ကျောင်းသား ၄ ဒသမ ၁ သိန်းကျော်ရှိသည်။
မိဘများသည် အမျိုးသားပညာရေးစနစ်၏ အဆင့်တိုင်းတွင် ၄င်းတို့သားသမီးများ၏ သင်ယူတတ်မြောက်မှုများကို သိသာထင်ရှင်းစွာ တိုးတက်ရန် လိုလားနေပြီး ယင်းကဲ့သို့ မျှော်လင့်ချက်မြင့်မားနေမှုကို ဖြည့်ဆည်းပေးရန် လာမည့် ငါးနှစ်အတွင်း မူကြိုကျောင်းများ၊ အခြေခံပညာကျောင်းများ၊ ကောလိပ်များ၊ တက္ကသိုလ်များနှင့် ပညာသင်ယူရာဌာနများ အားလုံးမှ ကျောင်းသားများ၏ သင်ယူတတ်မြောက်မှုများ တိုးတက်လာစေရန် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်အမျိုးမျိုး၊ ဆန်းသစ်သော မဟာဗျူဟာများနှင့် လုပ်ငန်းအစီအစဉ်များကို ချမှတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒီချုပ်အစိုးရ၏ ပညာရေးမဟာဗျူဟာ စီမံကိန်းတွင် ရေးသားဖော်ပြထားသည်။
‘‘ပိုမိုတိုးတက်ကောင်းမွန်တဲ့ သင်ကြားသင်ယူမှု၊ သက်မွေးပညာရေး၊ လေ့ကျင့်ရေး၊ သုတေသနနဲ့ ဆန်းသစ်တီထွင်မှုများ ဖြစ်ပေါ်လာစေရေးအတွက် ဆောင်ရွက်မှာဖြစ်ပါတယ်’’ဟု ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြော ကြားသည်။
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း၏ လုပ်ငန်းအစီအစဉ်များနှင့် မျှော်မှန်းရလဒ်များ အနက် ၈၀ ရာခိုင်နှုန်းကို အကောင် အထည်ဖော်မည်ဆိုပါက ပညာရေးအတွက် နှစ်စဉ်အသုံးစရိတ် သည် လာမည့်ငါးနှစ်အတွင်း နှစ် ဆထက်မက မြင့်တက်လာပြီး ကျပ်သန်းပေါင်း၁၅ သန်းခန့်ရှိလာမည်ဟု ဆိုသည်။
ပြုပြင် ပြောင်းလဲမှုများ အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဒေသအခြေအနေနှင့် လိုက်လျောညီထွေစွာပြောင်းလဲဆောင်ရွက်မှုသည် အရေးကြီးပြီး ပညာရေးဝန်ကြီးဌာနအနေဖြင့် အဆိုပါအရေးကြီး သောတွေ့ရှိချက်ကို ထည့်သွင်းစဉ်းစား၍ အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းနှစ်အလိုက် ဦးစားပေး လုပ်ငန်းများစီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်မည်ဟု ဖော်ပြထားသည်။
အလွတ်ကျက်မှတ်ဖြေဆိုရသော စာမေးပွဲစနစ်မှ ဘ၀တစ်သက်တာသင်ယူနိုင်မှုအတွက် လိုအပ်သော ကျွမ်းကျင်မှု၊ ပညာရည်ဖွံ့ဖြိုးတိုးတက်မှု၊ နိုင်ငံတော်က ချမှတ်ထားသော သင်ယူမှုဆိုင်ရာစံများ စသည့် လေ့လာသင်ယူတိုးတက်မှုအဆင့်ဆင့်ကို စစ်ဆေးအကဲဖြတ်သော စာမေးပွဲစနစ်သို့ ပြုပြင်ပြောင်းလဲမည်ဟု ဆိုသည်။
အခြေခံပညာကျောင်းများနှင့် မြို့နယ်များတွင် ဆုံးဖြတ်ချက်ချမှတ်ခြင်းဆိုင်ရာ မူဝါဒဖြင့် ကျောင်းအုပ်များနှင့် မိဘဆရာအသင်းများကို လုပ်ပိုင်ခွင့်ပိုမိုအပ်နှင်းမည်ဖြစ် ပြီး ပညာရေးနှင့်သက်ဆိုင်သော အဖွဲ့အစည်းအသီးသီးက ပိုမိုတက်ကြွစွာ ဆောင်ရွက်လာမည်ဟု စီမံကိန်းအပြီးရလဒ်အဖြစ် သုံးသပ်ထားသည်။
အဆင့်မြင့်ပညာကဏ္ဍအနေ ဖြင့် အဆင့်မြင့်ပညာရေး၏ အုပ်ချုပ်မှုနှင့် စီမံခန့်ခွဲမှု အားကောင်းစေခြင်း၊ အဆင့်မြင့်ပညာ၏ ဆက်စပ်ဆီလျော်မှုနှင့် အရည်အသွေးမြင့်မားလာအောင်ဆောင်ရွက် ခြင်းနှင့် အဆင့်မြင့်ပညာသင်ယူ ခွင့် သာတူညီမျှရရှိမှုကို တိုးချဲ့ပေးခြင်းတို့အတွက် မဟာဗျူဟာရေးဆွဲထားသည်။
‘‘ပညာရေးကတော့ အပြောင်းအလဲ မရှိသေးဘူးလို့ မြင်တယ်။ ဗဟိုဦးစီးကတော့ ရှိနေတုန်းပါပဲ’’ဟု လက်ရှိအဆင့်မြင့်ပညာရေး၏ စီမံအုပ်ချုပ်မှုပုံစံနှင့်ပတ်သက်၍ ရန်ကုန်တက္ကသိုလ်မှ ဆရာမတစ်ဦးက ပြောသည်။
မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် လက်ရှိအခြေအနေတွင် ဘက်ပေါင်းစုံမှ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရပြီး အများစုသည် အခွင့်အလမ်း၊ အရည်အသွေး၊သာတူညီမျှရှိမှုတို့နှင့် ဆက်စပ်လျက်ရှိကြောင်း စီမံကိန်းစာတမ်းက ဆိုသည်။
အခြေခံပညာရေးတွင် အခမဲ့ဟုဆိုသော်လည်း ကလေးများအတွက် ပညာသင်ယူမှုအခွင့်အ လမ်း၊ ကျောင်းနေမြဲရေးနှင့် အခြေခံပညာပြီးမြောက်ရေးတို့တွင် တိုးတက်ကောင်းမွန်ရန် လိုအပ်နေဆဲဖြစ်ပြီး ကျောင်းထွက်နှုန်းမှာ မြင့် မားနေဆဲဖြစ်သည်။
မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းပညာသင်ယူမှုအခွင့်အလမ်းနည်းပါးသော မသန်စွမ်းကလေးများ၊ နွမ်းပါးသောကလေးများ၊ ဝေးလံဒေသများမှ ကလေးများအတွက် ရည်ရွယ်သည့် ပညာရေးအစီအစဉ်များလည်း လိုအပ်လျက်ရှိသည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
မြန်မာနိုင်ငံတွင် ကျောင်းထွက်နှုန်းမြင့်မားနေရခြင်းမှာ ဆင်းရဲနွမ်းပါးခြင်း၊ ဘာသာစကားအခက်အခဲရှိခြင်း၊ မသန်စွမ်းခြင်းနှင့် စိတ်ဝင်စားမှုနည်းပါးခြင်းတို့ ကြောင့်ဖြစ်ပြီး အလွတ်ကျက်မှတ်မှုကို အားပေးသော စာမေးပွဲများသည် ကလေးများကျောင်းထွက်မှုကို ဖြစ်စေသည်ဟု စီမံကိန်းစာတမ်းတွင် သုံးသပ်ထားသည်။
အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်းသည် အမျိုးသားပညာရေးစနစ်တစ်ခုကို ပြုပြင်ပြောင်းလဲပေးမည့် အစီအစဉ်ဖြစ်ပြီး ကျောင်းများနှင့် ပညာသင်ယူရာဌာနများ၏ သင်ကြားသင်ယူမှုများကို တိုးတက်မြင့်မားစေရန် အထောက်အကူပြုမည့် စီမံကိန်းဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားထားသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment