သတင်းထောက် ကိုဆွေဝင်းကို အမှုဖွင့်ခဲ့တဲ့ ကိုကျော်မျိုးရွှေ ၆၆(ဃ)နဲ့ ပြန်လည်အမှုဖွင့်ခံရ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လူမှုကွန်ယက်ဖေ့စ်ဘွတ်ပေါ်မှာ အသရေပျက်အောင် ပုတ်ခတ်ရေးသားမှုနဲ့ Kyaw Myo Shwe ဖေ့ဘွတ်စ်အကောင့်ပိုင်ရှင် ဦးကျော်မျိုးရွှေကို ရန်ကုန်မြို့စမ်းချောင်းမြို့မှာ နေထိုင်တဲ့ ဒေါ်မြမြဌေးက ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ စမ်းချောင်းရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။
ကိုဆွေဝင်းကို အမှုဖွင့်ခဲ့လို အခုလို ပြန်လည်စွဲဆိုခံရတာ ဖြစ်တယ်လို့ အမှတ် ၇ ရဲစခန်းမှာ စစ်ဆေးခံယူမှုအပြီး ဦးကျော်မျိုးရွှေ က ပြောပါတယ်။
ဦးကျော်မျိုးရွှေကို မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အမှတ် ၇ ရဲစခန်းက ဒီကနေ့ ခေါ်ယူစစ်ဆေးခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်သိက္ခာချရေးသားတိုက်ခိုက်တဲ့အတွက် ကိုကျော်မျိုးရွှေကို ၆၆ (ဃ)နဲ့ အရေးယူပေးဖို့ တိုင်ကြားတာဖြစ်ပြီး ကိုဆွေဝင်းကို အမှုဖွင့်လို့ တိုင်ကြား တာ မဟုတ်ကြောင်း ဒေါ်မြမြဌေးက ပြောပါတယ်။
" ၈ရက်နေ့ည ၈နာရီလောက်မှာ စမ်းချောင်းမြို့မ ရဲစခန်း အမှတ် ၂၄ ရဲစခန်းမှာ ကိုကျော်မျိုးရွှေကိုအမှုဖွင့်ပါတယ်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို သူ ပုတ်ခတ်စော်ကားတဲ့ ပို့စ်တွေ ဖိုတိုရှော့တွေကို ကျမကတွေ့လို့ပေါ့နော်၊ ကိုဆွေဝင်းကို ကိုကျော်မျိုးရွှေက တရားစွဲလို့ ကျမက ကိုကျော်မျိုးရွှေကို တရားစွဲတာ မဟုတ်ပါဘူး၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ သမ္မတကြီးဦးထင်ကျော်တို့၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း သူတို့ရဲ့ ပုံတွေ ဖိုတိုရှော့တွေ စော်ကားတွေ ပို့စ်တွေတွေ့ရင် ဒီလူတွေကိုသိရင် တရားစွဲတာပါ"
Kyaw Myo Shwe ဖေ့စ်ဘွတ်အကောင့်အသုံးပြုသူ ကိုကျော်မျိုးရွှေဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ အစိုးရအဖွဲ့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတစ်ကြိမ်၊ မတ်လ ၃ ရက်နေ့မှာတစ်ကြိမ်၊ မတ်လ ၆ ရက်နေ့မှာတစ်ကြိမ် သူ့ရဲ့ဖေ့စ်ဘွတ်မှာ ညစ်ညမ်းပုတ်ခတ်ပြီး ရေးသားခဲ့ကြောင်း တိုင်ကြားစာမှာ ပါရှိပါတယ်။
အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့ဝင်ဖြစ်သူ မြန်မာ့ဝံသာနုအားမာန်အဖွဲ့ ဦးဆောင်သူ ဦးကျော်မျိုးရွှေ ဟာ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) နဲ့ အမှုဖွင့်ထားသူ ဖြစ်ပါတယ်။
အဲဒီအတွက် ဦးကျော်မျိုးရွှေ ကို မန္တလေးမြို့အမှတ် ၇ ရဲစခန်းက ခေါ်ယူစစ်ဆေးခဲ့ပြီး သက်သေခံပစ္စည်းအနေနဲ့ Facebook အသုံးပြုထားတဲ့ ဖုန်းကို သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။
Photo: Kyaw Myo Shwe/ Facebook
( ပုဒ်မ ၆၆(ဃ)နဲ့ အမှုဖွင့်ခံထားရတဲ့ ကိုကျော်မျိုးရွှေကို တွေ့ရစဉ် )
RFA
Monday, March 13, 2017
သတင်းထောက် ကိုဆွေဝင်းကို အမှုဖွင့်ခဲ့တဲ့ ကိုကျော်မျိုးရွှေ ၆၆(ဃ)နဲ့ ပြန်လည်အမှုဖွင့်ခံရ
သတင်းထောက် ကိုဆွေဝင်းကို အမှုဖွင့်ခဲ့တဲ့ ကိုကျော်မျိုးရွှေ ၆၆(ဃ)နဲ့ ပြန်လည်အမှုဖွင့်ခံရ
Reviewed by Ar Ti
on
5:00 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment