Latest News

Monday, March 27, 2017

ရန်ကုန်မြို့တော်ဂေါက်ကွင်း နှစ်စဉ် ကျပ်သန်း ၁၄၀ ကျော်အရှုံးပေါ်

ရန်ကုန်မြို့တော်ဂေါက်ကွင်း နှစ်စဉ် ကျပ်သန်း ၁၄၀ ကျော်အရှုံးပေါ်

ရန်ကုန်၊ မတ် ၂၆ – ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော် မတီလက်အောက်မှာရှိတဲ့ ရန်ကုန်မြို့တော်ဂေါက်ကွင်းဟာ နှစ်စဉ် ကျပ်သန်း ၁၄၀ ကျော်အရှုံးပေါ်နေကြောင်း မတ်လ ၂၃ ရက်နေ့ ပြုလုပ်တဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက ပြောပါတယ်။

ရန်ကုန်မြို့တော်ဂေါက်ကွင်းအတွက် ရန်ကုန်တိုင်းဒေသကြီး ဘတ်ဂျက်ထဲကနေ နှစ်စဉ် ကျပ်သန်း ၂၀ဝ ပေးနေရပြီး ပြန်ရငွေက တော့ နှစ်စဉ် ကျပ်သန်း ၆၀ လောက်ပဲ ပြန်လည်ရရှိနေတယ်လို့ ဦးကျော်ဇေယျက ပြောပါတယ်။

ရန်ကုန်မြို့တော်ဂေါက်ကွင်းဟာ ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာနှစ်မှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရဘတ်ဂျက်ထဲမှ ကျပ် ၂၂၅ သန်းကျော်၊ ၂၀၁၆ – ၂၀၁၇ ဘဏ္ဍာနှစ်မှာတော့ ရန်ကုန်တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ထဲကနေပဲ ကျပ်သန်း ၂၀ဝ ကျော်ပေးခဲ့ရတယ်လို့ ဦးကျော်ဇေယျက ပြောတယ်။

သည်လိုကျပ်သန်း ၂၀ဝ ပေးထားခဲ့ပေမဲ့ အဆိုပါဘဏ္ဍာနှစ်တွေမှာ ရန်ကုန် မြို့တော်ဂေါက်ကွင်းရဲ့ ပြန်လည်ရရှိငွေဟာ ကျပ်သန်း ၆၀ ကျော်သာရှိတဲ့အတွက် တစ်နှစ်ကို ကျပ်သန်း ၁၄၀ လောက် အရှုံးပေါ်ခဲ့တာဖြစ်ပါတယ်လို့ လွှတ်တော်တွင်း ဆွေးနွေးမှုတွေအရ သိရပါတယ်။ လာမယ့် ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာနှစ်အတွက်လည်း ရန်ကုန်မြို့တော် ဂေါက်ကွင်းအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က ကျပ်သန်း ၅၅၀ တောင်းခံခဲ့တာ ပြန်လည် စဉ်းစား သင့်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စား လှယ်တွေက ပြောပါတယ်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကတော့ ရန်ကုန်မြို့ တော်ဂေါက်ကွင်းက မပြုပြင်ဘဲထားပါက ဂေါက်ကွင်းရဲ့ အဆင့်အတန်းနိမ့်ကျသွားပြီး လာရောက်ကစားသူလျော့ကျသွား မယ်လို့ လွှတ်တော်ကိုတင်ပြပါတယ်။

လာမယ့်ဘဏ္ဍာနှစ်မှ ဂေါက်ကွင်းအတွက် သဲကြမ်းတွေပြန်လည်ခင်းဖို့ လိုအပ်ခြင်း၊ ရေဝပ်တဲ့နေရာတွေမှာ မြက်ခင်းတွေပြန်လည်ခင်းဖို့ လိုအပ်ခြင်း၊ လျှပ်စစ်မီးတိုင်တွေ ပြန်စိုက်ဖို့နဲ့ မြက်ပျိုးခင်းလုပ်သားတွေအတွက် ခြောက်ခန်း တွဲ လိုင်းခန်း ၁၂ လုံးတည်ဆောက် ဖို့ရှိခြင်းအပြင် ရေသန့်လိုအပ်ချက်တို့ကို ဖြည့်ဆည်းဖို့ ကျပ်သန်း ၅၅၀ တောင်းခံရခြင်းဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီက လွှတ်တော်ကိုတင်ပြတောင်း ဆိုပါတယ်။

‘ဒီဂေါက်ကွင်းကြီးက ၂၀၁၇ – ၂၀၁၈ မှာမှ ပြင်မှာလားဆိုတော့ မဟုတ်ပါဘူး၊ အရင်နှစ်တွေမှာလဲပဲ အနည်းဆုံးကျပ်သန်း ၂၀ဝ ကျော်ပြင်ဆင်ကြောင်းလေ့လာတွေ့ရှိရပါတယ်၊ ဂေါက်သီးကစား တယ်ဆိုတဲ့ အားကစားက လူတစ်စုအတွက်ပဲ ကစားနိုင်တဲ့ အားကစား၊ ဒီအတွက် ဒီလောက်ကုန်ကျခံပြင်ဆင်နေရတယ်၊ ပြန်ရတဲ့ဝင်ငွေက နှစ်တိုင်းမှာ ကျပ်သန်း ၆၀ ထက်ပိုမလာပါဘူး၊ ဒါတွေက ဒီနေ့မှာပြန်လည်သုံးသပ်သင့်ပါပြီလို့ ဦးကျော်ဇေယျက ဆိုပါတယ်။

ပို့ပို့မြင့်မွန်( Kumudra )


No comments:

Post a Comment