Latest News

Wednesday, March 29, 2017

မန္တလေး-လားရှိုးကားလမ်း၌ ယာဉ်တိုက်မှုဖြစ်ပွား

မန္တလေး-လားရှိုးကားလမ်း၌ ယာဉ်တိုက်မှုဖြစ်ပွား

သီပေါ  မတ်  ၂၉

သီပေါမြို့နယ်  ဘော်ကြိုကျေးရွာအနီး မန္တလေး-လားရှိုး ကားလမ်းမိုင်တိုင်အမှတ်(၁၂၄/၁-၂)အကြား၌ မတ် ၂၉ ရက် မွန်းလွဲ ၁၂ ခွဲခန့်က ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ မန္တလေးမှ  လားရှိုးသို့   ယာဉ်မောင်း ညီညီထွန်း   မောင်းနှင်ပြီး   ခရီးသည်နှစ်ဦးလိုက်ပါ လာသော  ယာဉ်အမှတ် 2D/----ပါဂျဲရိုး အဖြူရောင် ယာဉ်အား ဘော်ကြိုဘုရားကြီးကွေ့အရောက်၌ ယင်း ယာဉ်နောက်မှ လိုက်ပါလာသည့် ယာဉ်မောင်းအောင်ဇင်မိုး မောင်းနှင်၍ပဲတီစိမ်းအိတ်များ တင်ဆောင်လာသော ၁၂ ဘီးယာဉ်အဖြူရောင်က ဘရိတ်ပေါက်ကာ ဝင်တိုက်မိသည်။ ထိုကဲ့သို့တိုက်မိ၍ပါဂျဲရိုးယာဉ်ကလည်း ၎င်း၏ရှေ့မှကုန်စိမ်းများတင်ဆောင်၍    ယာဉ်မောင်းမြစိုး မောင်းနှင်နေသော ကုန်တင်ယာဉ်အား ဝင်တိုက်မိသည်။ထိုသို့တိုက်မိ၍   ပါဂျဲရိုးယာဉ်ငယ်မှာ   ယာဉ်ကြီးနှစ်စီး  အကြားညပ်မိသွားပြီး   တွန့်လိမ်ပျက်စီးသွားခဲ့သည်။ ပါဂျဲရိုးယာဉ်ပေါ်ပါ ယာဉ်မောင်းညီညီထွန်းနှင့်ခရီးသည် ဦးကျော်ကျော်လွင်၊   မိုးဇော်လွင်ဦးတို့မှာ   ဒဏ်ရာများ (မစိုးရိမ်ရ) အသီးသီးရရှိခဲ့ကြသဖြင့်  သီပေါဆေးရုံသို့ ပို့ဆောင်ကုသပေးခဲ့ကြသည်။

ယာဉ်အား မဆင်မခြင်မောင်းနှင်သည့် ယာဉ်မောင်း အောင်ဇင်မိုးအား    သီပေါမြို့မရဲစခန်းက  ယာဉ်(ပ) ၁၁/၁၇၊ ရာဇသတ်ကြီးပုဒ်မ ၂၇၉/၃၃၇/၂ဝ၂ဖြင့် အမှုဖွင့်အရေးယူထားပြီး      ယင်းဖြစ်စဉ်ကြောင့် ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ရာ သီပေါမြို့မရဲစခန်းမှူး ဒု-ရဲမှူးသိန်းဇော်နှင့် သီပေါယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက ယာဉ်ကြောရှင်းလင်းပေးခဲ့၍  မွန်းလွဲ ၂  နာရီခွဲတွင် ယာဉ်ကြောပြန်လည်ပွင့်သွားခဲ့ကြောင်း သိရသည်။

သတင်း-ကိုလတ်(သီပေါ)၊
ဓာတ်ပုံ-စိုင်း(သီပေါ)ကြေးမှုံ

No comments:

Post a Comment