** ပျိုမေတိုင်းသိထားသင့်သော ဓမ္မတာရာသီအကြောင်း **
1. ဘာကြောင့်ဓမ္မတာလာချိန်မမှန်ရသလဲ
စိတ်ဖိစီးမှုများခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ ဖျားနာခြင်း၊ ကိုယ်ဝန်ရှိခြင်း၊ ကိုယ်အလေးချိန်များလာခြင်း၊ ကိုယ်အလေးချိန်လျော့ကျသွားခြင်း အစရှိတဲ့အကြောင်းအရာတွေကြောင့် ရာသီလာချိန် ကျော်သွားတတ်ပါတယ်။ အမျိုးသမီးအများစုအနေနဲ့ လစဉ်ရာသီလာချိန်ဟာ၂၈ ရက်မှ ၃၅ ရက် အတွင်းဖြစ်ပြီး၊ ရာသီပုံမှန်မလာခြင်း၊ ရက်လွန်နေခြင်းတို့ဖြစ်ပါက ဆရာဝန်နဲ့ပြသသင့်ပါတယ်။
2. သန္ဓေသားဆေးကို ဘယ်အချိန်စသောက်ရမလဲ
သန္ဓေတားဆေးစသောက် (သို့) စထိုးမယ်ဆိုရင်လည်း ရာသီစက်ဝန်း၏ ပထမဆုံးရက်မှာ စတင်ရပါမယ်။
3. ရာသီစက်ဝန်းအတွင်း ဗိုက်အောင့်ခြင်းကို ဘယ်လိုဆန့်ကျင်မလဲ
Paracetamol၊ Mefanamic Acid၊ Iburprofen နဲ့ Naproxen စတဲ့အကိုက်အခဲ သက်သာစေတဲ့ ဆေးတွေကို ဆရာဝန်ညွှန်ကြားတဲ့အတိုင်းသောက်ခြင်း၊ ၀မ်းဗိုက် ဒါမှမဟုတ် နောက်ကျောဘက်ကို ရေနွေးအိတ် ကပ်ပေးခြင်း၊ ရေနွေးနွေးလေးဖြင့် ရေချိုးပေးခြင်းတို့ကြောင့် ဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
4. ဓမ္မတာလာချိန်တွင် ဘာကြောင့်ပြည့်အင့်နေသလိုခံစားရသလဲ
ဓမ္မတာလာချိန်အတောအတွင်းမှာ ခန္ဓာကိုယ်က ရေဓာတ်ကိုထိန်းထားနိုင်တာကြောင့် ဗိုက်ပြည့်တင်းနေသလိုခံစားရကာ အစာစားချင်စိတ်ကို လျော့နည်းစေတာဖြစ်ပါတယ်။ ဒါကြောင့် ရေဆာစေတဲ့ အငန်ဓာတ်ကဲ အစားအစာများစားသုံးခြင်း၊ ကဖင်းဓာတ်ပါဝင်သော အစားအစာတွေဖြစ်တဲ့ (ကော်ဖီ၊ ရေခဲမုန့်၊ အားဖြည့်အချိုရည်၊ ဆိုဒါ) တွေသောက်သုံးခြင်းမှ အတတ်နိုင်ဆုံး ရှောင်ကျဉ်သင့်ပါတယ်။
5. ဓမ္မတာလာသော ပမာဏဘယ်လောက်ရှိသင့်သလဲ
အမျိုးသမီးအများစုအနေနဲ့ ရာသီစက်ဝန်း တစ်ကြိမ်အတွင်း သွေးဆုံးရှုံးမှုပမာဏဟာ 10-35 ml ၀န်းကျင်ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဖြစ်တဲ့ pads ဒါမှမဟုတ် tampon ကို ၁၀ ခုလောက် လဲလှယ်အသုံးပြုနေရပါက ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။
6. ဓမ္မတာလာချိန် ဘယ်လောက်ကြာသင့်သလဲ
များသောအားဖြင့် ဓမ္မတာလာချိန်ဟာသုံးရက်မှ ငါးရက်အထိ ကြာမြင့်တတ်သလို အနည်းဆုံး နှစ်ရက် အများဆုံး ခုနှစ်ရက်အထိ ကြန့်ကြာမှုလည်းရှိတတ်ပါတယ်။ ဒါပေမယ့် ဓမ္မတာလာချိန် ခုနှစ်ရက်ထက် ကျော်လွန်သွားပါက ဆရာဝန်နဲ့ပြသသင့်ပါတယ်။
7. ဘာကြောင့် အာဟာရမမြောက်တဲ့အစာတွေကို စားလိုစိတ်ပြင်းပြစေသလဲ
ဟော်မုန်းပြောင်းလဲမှုကြောင့် ရာသီလာချိန်မှာ ရေခဲမုန့်၊ ချောကလက်၊ အာလူးချောင်းကြော်စတဲ့ အာဟာရ မမြောက်တဲ့ အစာတွေကိုစားလိုစိတ် ဖြစ်ပေါ်နေတတ်ပါတယ်။ ဒါကြောင့် ကျန်းမာရေးဘေးဥပါဒ်ဖြစ်စေတဲ့ အဆီတွေ၊ အကြော်တွေစားချင်စိတ်ကိုချိုးနှိမ်ပြီး ဆယ်လ်လမွန်ငါး၊ အခွံမာသီး၊ ထောပတ်သီးတို့လို ကျန်းမာရေးနဲ့ညီညွတ်စေတဲ့ အစားအစာတွေကိုသာ အစားထိုး စားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် တနေ့တာလုံး အစာနည်းနည်းချင်းစီစားသုံးပြီး အားအင်ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။
8. ဓမ္မတာမလာမီဖြစ်သောရောဂါက္ခဏာစု (Premenstrual Syndrome) ကို ဘယ်လိုကာကွယ်မလဲ
တချို့အမျိုးသမီးတွေဟာ ရာသီမလာခင်မှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေနဲ့ ရင်ဆိုင် ရလေ့ရှိပါတယ်။ ရုပ်ပိုင်းဆိုင်ရာ အနေနဲ့ -
(1) လေပွခြင်း
(2) ဗိုက်နာဗိုက်အောင့်ခြင်း
(3) ခေါင်းကိုက်ခြင်း
(4) ခါးနာခြင်း
(5) ကြွက်သားနှင့် အဆစ်အမြစ်များနာကျင်ကိုက်ခဲခြင်း
(6) ရင်သားနာခြင်း
(7) အိပ်မပျော်ခြင်း
(8) ပျို့ခြင်း
(9) အလေးချိန်တိုးခြင်း (2 ပေါင်အထိ)
စိတ်ပိုင်းဆိုင်ရာ အနေနဲ့ကတော့ -
(1) စိတ်တို၊ ဒေါသဖြစ်လွယ်ခြင်း
(2) ၀မ်းနည်းလွယ်ခြင်း
(3) ထိတ်လန့်ခြင်း
(4) ငိုကြွေးခြင်း
(5) အာရုံမစူးစိုက်နိုင်ခြင်း
(6) ရောထွေးခြင်း၊ မမှတ်မိခြင်း
(7) ခြေဖျားလက်ဖျားအေးခြင်း
(8) စိတ်ဂဏှာမငြိမ်ခြင်း
(9) ပင်ပန်းခြင်း
(10) ကိုယ့်ကိုကိုယ်ယုံကြည်မှုပျောက်ဆုံးခြင်း
(11) အမျိုးသားနှင့် အတူနေလိုစိတ်မရှိခြင်း
(12) အစားပျက်ခြင်း (သို့) တစ်ချို့သူများသည် အစာပိုစားလိုခြင်း တို့ဖြစ်ပါတယ်။
ဒီရာသီမလာခင်မှာဖြစ်တဲ့ အထက်ပါ ရောဂါလက္ခဏာစုတွေကို Premenstrual syndrome လို့ခေါ်ပါတယ်။ အမျိုးသမီးတစ်ယောက်နဲ့ တစ်ယောက်ဖြစ်ပေါ်ခံစားရတဲ့ လက္ခဏာခြင်းမတူသလို၊ တစ်ယောက်ထဲမှာတောင်မှ တစ်လနှင့်တစ်လ နည်းနည်းလောက်တော့ ကွာခြားတတ်ပါတယ်။ တစ်ချို့ဆိုရင် ရာသီမလာမီ နှစ်ပတ် အလိုကစပြီး ရောဂါလက္ခဏာပြလာတတ်ကာ ရာသီစလာပြီဆိုရင်တော့ သက်သာသွားလေ့ ရှိပါတယ်။ ဒီ Premenstrual Syndrome ကို ကာကွယ်ဖို့ အငန်ဓာတ်ကဲတဲ့ အစားအစာတွေနဲ့ ကဖင်းဓာတ်ပါဝင်အစားအစာတွေကို ရာသီမလာမီ တစ်ပတ်အကြိုကတည်းက ရှောင်ရှားသင့်ပြီး၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ဆောင်ပေးသင့်ပါတယ်။
9. သွေးဆင်းရင် ကိုယ်ဝန်မရှိဘူးဆိုတဲ့ သဘောလား
တစ်ခါတစ်လေမှာ ကိုယ်ဝန်အစောပိုင်းမှာ သွေး နည်းနည်းပေါ်တတ်ပါတယ်။ တကယ်လို့ ကိုယ့်ရဲ့ရာသီဟာ ပုံမှန်လာနေကျအချိန် မဟုတ်ရင် (သို့) အရင်မဖြစ်ဘူးပဲ အခုတစ်ခါကျမှ ပျို့ချင်တာမျိုး၊ ပင်ပန်းနေတာမျိုးနဲ့တွဲနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြတာ (သို့) ကိုယ်ဝန်ရှိ/မရှိ စစ်ဆေးတဲ့ကိရိယာနဲ့ အိမ်မှာစစ်တာမျိုးလုပ်သင့်ပါတယ်။
CMS
DrMyanmar
Subscribe to:
Post Comments (Atom)
No comments:
Post a Comment