မအေးချမ်းအောင် အသက်(၂၇)နှစ် တိုင်းရင်းသူကလေး။ ဖခင်မှာ ရခိုင်တိုင်းရင်းသား ဦးမြင့်အောင်၊ မိခင်မှာ ဒေါက်တာဒေါ်သန်းနု။ ၁၉၉၀ ခုနှစ် ရှမ်းပြည်တောင်ပိုင်း အောင်ပန်းမြို့မှာ မွေးဖွားခဲ့သူ။
ပထမညာဘက်မျက်စိ အမြင်အာရုံချို့တဲ့သည်။ အသက် (၁၀)နှစ်အရွယ် မူလတန်းပညာသင်ကြားစဉ် ဘယ်ဘက်မျက်စိပါ ကွယ်ခဲ့ကာ အမြင်အာရုံလုံးဝ ပျောက်ဆုံးခဲ့သည်။ သို့သော် ဘ၀ကိုလုံးဝအရှုံးမပေးဘဲ မိခင်ဖြစ်သူ၏ အားပေးကူညီမှုနှင့် ကြိုးစားအားထုတ်ခဲ့ရာ ၂၀၀၆ ခုနှစ်မှာတော့ အခြေခံပညာအထက် တန်း (၁၀)တန်း စာမေးပွဲကို အင်္ဂလိပ်၊ သမိုင်း၊ ဘောဂ ဗေဒ (၃) ဘာသာဂုဏ်ထူးဖြင့် အမှတ် ၄၈၁ မှတ်၊ မြန်မာတနိုင်ငံလုံး ၀ိဇ္ဇာဘာသာတွဲ ပထမအဆင့်ဖြင့် ထူးထူးချွန်ချွန် အောင်မြင်ခဲ့သည်။ ၂၀၁၀ ခုနှစ်မှာတော့ မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်မှ B.A (English) ဘွဲ့ကို ရရှိခဲ့သည်။ ရွှေမင်းသားဖောင်ဒေးရှင်းမှ ဖွင့်လှစ်ထားသည့် ကွန်ပျူတာသင်တန်းကိုလည်း တက်ရောက်အောင်မြင်ခဲ့သည်။
၂၀၁၂ ခုနှစ်မှာတော့ ရမည်းသင်းမျက်မမြင်ကျောင်းမှာ စေတနာ့ဝန်ထမ်း လုပ်အားပေးဆရာမအဖြစ် သွားရောက်သင်ကြားပေးခဲ့သည်။
အကြောင်းအမျိုးမျိုးကြောင့် မသန်မစွမ်းဖြစ်ခဲ့ရသူများကို သာမန်လူများနှင့်မခြား နယ်ပယ်စုံမှ တန်းတူညီမျှ ဆက်ဆံနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံခြားတက္ကသိုလ်ကြီးတခုတွင် public policy ပြည်သူ့ရေးရာမူဝါဒ ပညာရပ်နှင့်ပတ်သက်၍ မဟာဘွဲ့ရယူရန်လည်း စိတ် ပိုင်းဖြတ်ထားသူဖြစ်သည်။
ယခုအခါ မိခင်ဖြစ်သူနှင့်အတူ အောင်ပန်းမြို့မှာ နေထိုင်ရင်း အင်္ဂလိပ်-မြန်မာဘာသာပြန်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည်။
၂၀၁၇ ဖေဖော်ဝါရီလအတွက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မအေးချမ်းအောင်အား ဂုဏ်ပြုလိုက်ခြင်း အားဖြင့် မအေးချမ်းအောင်နည်းတူ နိုင်ငံသူ နိုင်ငံသားများ၊ ပရဟိတစေတနာရှင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ပြည်သူများအနေဖြင့် မလျှော့သော ဇွဲ၊ မပြတ်သည့်လုံ့လ၊ ခိုင်မာသောဝီရိယတို့ကို အရင်းခံ၍ တတ်စွမ်းသမျှ ကြိုးပမ်းဆောင်ရွက်၍ နိုင်ငံတော်နှင့် ပြည်သူကို အလုပ်အကျွေးပြုနိုင်ကြရန် ရည်ရွယ်ကာ မှတ်တမ်းတင်ဂုဏ်ပြုလိုက်ပါကြောင်း၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးမှ ၂၀၁၇ မတ်လ ၂၈ ရက်က ထုတ်ပြန်လိုက်ပါသည်။
လူ့တန်ဖိုးဆိုသည်မှာ အပေါ်ယံရုပ်ရည်ပေါ်မှာ မူမတည်ပါ။ ကိုယ်ကာယတခုခု ချို့တဲ့သည့်တိုင် ဘ၀ကို စနစ်တကျပြုစုပျိုးထာင်ရင်း စိတ်ဓာတ်ခိုင်မာစွာ ဘ၀ကိုဖြတ်သန်းလျှောက်လှမ်းလျှင် လူ့လောက လူ့ဘ၀ကို အကျိုးပြုနိုင်သည့် တန်ဖိုးရှိသောသူတဦးဖြစ် လာပါလိမ့်မည်။ ရုပ်ရည်ရူပကာ မိုးကျရွှေကိုယ်လို လှပနေစေကာမူ လူ့ဘ၀ လူ့လောကကို အကျိုးမပြုနိုင်လျှင် ဘ၀ကို စနစ်တကျမဖြတ်သန်းလျှင် တန်ဖိုးမဲ့သောသူတဦးသာ ဖြစ်သွားပါလိမ့်မည်။
ထို့ကြောင့် တန်ဖိုးရှိသောလူ မအေးချမ်းအောင်ကို နမူနာထားတင်ပြရင်း သူမ၏ပြောစကားအချို့ကိုလည်း ဖော်ပြလိုက်ရပါသည်။
မေး- အခုလို ဒေါ်အောင်ဆန်းစုကြည်က ပေးအပ်တဲ့ ၂၀၁၇ ဖေဖော်ဝါရီလအတွက် ချီးကျူး ဂုဏ်ပြုထိုက်သူဆုရရှိတဲ့အပေါ် မအေးချမ်းအောင်ရဲ့ ခံစားချက်လေး ပထမဆုံးပြောပေးပါဦး။
ဖြေ- ဒေါ်အောင်ဆန်းစုကြည်က သမီးအလေးစားရဆုံးပုဂ္ဂိုလ်လေ အခုလို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်းက အခုလို ဂုဏ်ပြုတယ်ဆိုတော့ အံ့သြပြီး အရမ်းလည်း ပျော်မိပါတယ်။
မေး- မအေးချမ်းအောင်က အသက် ၁၀ နှစ်မှာ လုံးဝမျက်စိအလင်းကွယ်ခဲ့ရတာဆိုတော့ ငယ်ရွယ် နုနယ်တဲ့အရွယ်လေးပေါ့။ အဲဒီအချိန်မှာ ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရသလဲ။ စိတ်ဓာတ်ကျတာ ၀မ်းနည်းအားငယ်တာမျိုး ဖြစ်ခဲ့သလား။ မှတ်မိသလောက် ပြန်ပြောပြပေးပါဦး။
ဖြေ- သမီး ၁၀ နှစ်မတိုင်ခင်ကတော့ မျက်မှန်တပ်ပါတယ်။
၁၀ နှစ်နောက်ပိုင်းမှာတော့ မျက်စိရေ တိမ်ဖြစ်ပြီးတော့ ဆက်တိုက်ခွဲရတယ်။ ငယ်တုန်းကတော့ အခက်အခဲတွေ ဘာတွေတော့ သိပ်မသိဘူးလေ ဒီအတိုင်းပဲ နေခဲ့တယ်။ နည်းနည်းကြီးလာတော့မှ စိတ်ဓာတ်ကတော့ကျခဲ့တယ်။ ခွဲထားရတဲ့အချိန်မျိုးတွေမှာ တော့ ၀မ်းနည်းတာတွေတော့ ရှိခဲ့ပါတယ်။
မေး- ၁၀ တန်းမှာ ဂုဏ်ထူး ၃ ဘာသာနဲ့ အောင်မြင်အောင် ကြိုးစားအားထုတ်ခဲ့ရပုံလေး ပြောပြပါ။
ဖြေ- ၁၀ တန်းတုန်းကတော့ နှစ်ဆ သုံးဆလောက် ပိုကြိုးစားခဲ့ရပါတယ်။
မေး- ဒီလို အခက်အခဲတွေကြားကနေ ပညာရေးမှာ ပေါက်မြောက်အောင်မြင်နိုင်ခဲ့တာ ဘယ်လိုအထောက် အပံ့တွေ ရရှိခဲ့သလဲ။ ဒီအတွက် မအေးချမ်းအောင်အနေနဲ့ ကျေးဇူးတင်ထိုက်သူတွေက ဘယ်သူတွေဖြစ်မလဲ။
ဖြေ- အဓိကကတော့ အိမ်မှာဆိုအမေပေါ့၊ နောက်ပြီး ကျောင်းက ဆရာ၊ ဆရာမတွေရယ် သူငယ်ချင်းတွေ ရယ်ပါ။
မေး- လက်ရှိမှာ အင်္ဂလိပ်-မြန်မာ ဘာသာပြန်လုပ်ပြီး အသက်မွေးနေတယ်လို့ သိရပါတယ်။ ဘယ်လိုဘာသာပြန် ၀န်ဆောင်မှုတွေကိုဆောင်ရွက်ပေးနေတာပါလဲ။
ဖြေ- ဇာတ်လမ်းတွဲတွေ၊ ဇာတ်ညွှန်းတွေ အဖွဲ့အစည်းတွေရဲ့ အစီရင်ခံစာတွေ အစည်းဝေးမှတ်တမ်းတွေပါ။ ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းမှာ ဇာတ်ညွှန်းသင်တန်းသားတွေရှိတယ်။ သူတို့ရဲ့ mentor က ဂျာမနီက ဆိုတော့ ရေးထားတဲ့ ဇာတ်ညွှန်းကို အင်္ဂလိပ်လို ပြန်ပေးရတာပေါ့။
မေး- ဘာသာပြန်စာပေတွေကိုရော ကြိုက်နှစ်သက်ပါသလား။ ကိုယ်တိုင်ရော ဘာသာပြန်စာပေတွေရေးသားဖို့ စိတ်ကူးရှိလား။ ဘာသာပြန်နဲ့ပတ်သက်လို့ ကိုယ်လေးစားအားကျပြီး နမူနာယူရတဲ့ ဆရာသမားတွေရှိရင်လည်း ပြောပြပေးပါဦး။
ဖြေ- ဘာသာပြန်ရတာကို ကြိုက်နှစ်သက်ပါတယ်၊ သမီးဘာသာပြန်နဲ့ပတ်သက်လို့ ကိုယ်လေးစားအားကျပြီး နမူနာယူရတဲ့ ဆရာသမားတွေရှိပါတယ်၊ ဆရာဦးသိန်းလွင်ပါ၊ သူ့စာအုပ်တွေတော့ အမြဲတမ်းဖတ်ဖြစ်ပါတယ်။ ကိုယ်တိုင်တော့ဘာသာပြန်စာအုပ်တွေရေးဖို့တော့ နောက်ပိုင်းလုပ်ဖြစ်မှာပါ။ အခုတော့ အဲ့လောက်ထိ မရလောက်သေးဘူး။
မေး- မအေးချမ်းအောင်က နိုင်ငံခြားတက္ကသိုလ်တခုခုကနေ ပြည်သူ့ရေးရာ မူဝါဒဘာသာရပ်နဲ့ မာစတာဘွဲ့ယူဖို့ မျှော်မှန်းထားတယ်လို့ သိရတယ်။ ဘာကြောင့် ဒီဘာသာရပ်ကို စိတ်ဝင်စားရတာပါလဲ။
ဖြေ- သမီး နိုင်ငံခြားတက္ကသိုလ်တခုခုကနေ ပြည်သူ့ရေးရာမူဝါဒဘာသာရပ်နဲ့ မာစတာဘွဲ့ယူဖို့ မျှော်မှန်းထား ပါတယ်။ ဘာကြောင့် စိတ်ဝင်စားလည်းဆိုတော့ လောလောဆယ်ထွက်တဲ့ ပေါ်လစီတွေမှာ မသန်စွမ်းတွေအတွက် အရမ်းအကျုံးမ၀င်ဘူးထင်လို့ပါ။ တကယ်လို့ဖြစ်ခဲ့ရင်တော့ ကိုယ်တိုင်ဝင်ဆွဲရမလားလို့ တွေးကြည့်တာပေါ့နော်။
မေး- ဒီမာစတာဘွဲ့ရပြီးရင် ဘယ်လိုပြန်အသုံးချဖို့ရည်ရွယ်ထားပါသလဲ။ မအေးချမ်းအောင် ဘယ်လို ပြည်သူ့အကျိုးပြုလုပ်ငန်းတွေ လုပ်ချင်ပါသလဲ။
ဖြေ- တကယ်လို့ရရင်တော့ လိုတဲ့နေရာပေါ့ ပြန်အသုံးချမယ်၊ လောလောဆယ်တော့ မရသေးတော့ အတိကျတော့ပြောဖို့ ခက်ပါတယ်။
မေး- မိမိနဲ့ ဘ၀တူ ကံအကျိုးပေးမကောင်းလို့ တခုခု ချို့ယွင်းခဲ့ရသူတွေအတွက် မအေးချမ်းအောင်အနေနဲ့ ဘယ်လို စကားလက်ဆောင်ပါးချင်ပါသလဲ။
ဖြေ- ဘ၀တူကံအကျိုးပေးမကောင်းလို့ တခုခု ချို့ယွင်းခဲ့ရသူတွေအတွက်ကတော့ ကိုယ်လုပ်နိုင် သလောက်လုပ်ပါ။ ဒါကြီးကို စိတ်မစွဲနဲ့ အတတ်နိုင်ဆုံး ဒါကိုအရင်လက်ခံနိုင်အောင် ကြိုးစားပါ။ ပြီးရင် ကိုယ်လုပ်နိုင်တဲ့စွမ်းရည်နဲ့ ကိုယ်ဖြစ်ချင်တာကို ရအောင်လုပ်ပါ။
(မင်းဇာနည် မေးမြန်းသည်။)
News Watch
No comments:
Post a Comment