Latest News

Monday, March 27, 2017

ဒုက္ခသည်အကြောင်းပြုကာ နိုင်ငံရေးစွက်ဖက်မှုတွေကို ကာကွယ်မယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြော

ဒုက္ခသည်အကြောင်းပြုကာ နိုင်ငံရေးစွက်ဖက်မှုတွေကို ကာကွယ်မယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြော

၂၁ ရာစုခေတ်သစ်စစ်ပွဲကို ဆင်နွှဲနိုင်တဲ့တပ်မတော်ဖြစ်အောင် ကြိုးစားတည်ဆောက်ရမယ်လို့လည်း တပ်ချုပ်ကပြောကြားထားပါတယ်။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာလူမျိုးမရှိကြောင်း ကမ္ဘာကို အသိပေးထားပေမယ့် ဘင်္ဂါလီအချို့ရဲ့အကြမ်းဖက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခသည်တွေကိုအကြောင်းပြုပြီး နိုင်ငံရေးစွက်ဖက်မှုတွေကို တပ်မတော်က ကာကွယ်မှာဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားပါတယ်။

‘‘လူမျိုးရေးနဲ့ပတ်သက်ပြီး တို့နိုင်ငံမှာ ရိုဟင်ဂျာလူမျိုး မရှိဘူးဆိုတာ ကမ္ဘာကိုအသိပေးပြီး ဖြစ်တယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီများအနေနဲ့ မြန်မာတိုင်းရင်းသားများမဟုတ်ဘဲ မြန်မာနိုင်ငံမှာ လာရောက်နေထိုင်သူ တွေသာဖြစ်တယ်။ ၂၀၁၆ အောက်တိုဘာမှာ ဖြစ်ပွားခဲ့တဲ့ ဘင်္ဂါလီအချို့ အကြမ်းဖက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခသည်တွေကို အကြောင်းပြုပြီး နိုင်ငံရေးစွက်ဖက်မှုတွေကို တွေ့ မြင်ရမှာဖြစ်တယ်။ တို့တွေအနေနဲ့ ဥပဒေအရ ဆောင်ရွက်ပေးသင့်တာများ ဆောင်ရွက်ပေးဖို့ တာဝန်ရှိသလို နိုင်ငံတော်အတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့၊ ဘာသာရေးနဲ့လူမျိုးရေး အကြောင်းပြုပြီး ဆောင်ရွက်လာမှုများဟာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို ထိပါးလာနိုင်တာဖြစ်တဲ့အတွက်ကြောင့် တပ်မတော်ရဲ့စိတ်ဓာတ်ကို အခြေခံပြီး ကာကွယ်သွားဖို့လည်း တာဝန်ရှိတယ်’’ လို့ ပြောကြားထားတာ ဖြစ်ပါတယ်။

မတ်လ ၂၇ ရက်က နေပြည်တော်ရှိ စစ်ရေးပြကွင်းမှာ ကျင်းပတဲ့ (၇၂) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားမှာ မိန့်ခွန်းပြောကြားစဉ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထည့်သွင်းပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂၁ ရာစုစစ်မြေပြင်မှာ နည်းပညာသာလွန်တဲ့ တပ်မတော်ကသာ စစ်ပွဲကို အောင်မြင်မှာဖြစ်ပြီး၂၁ ရာစုခေတ်သစ်စစ်ပွဲကို ဆင်နွှဲနိုင်တဲ့တပ်မတော်ဖြစ်အောင် ကြိုးစားတည်ဆောက်ရမယ်လို့လည်း တပ်ချုပ်ကပြော ကြားထားပါတယ်။

ဒါ့အပြင် အမျိုးသားရေး ဦးတည်ချက်ဖြစ်တဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်ရာမှာ အဓိကလိုအပ်ချက်ဖြစ်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ပြန်လည်ပေါင်းစည်းရေးအတွက် စိတ်ရင်းစေတနာအမှန်နဲ့ အာဃာတအစွဲအလမ်းတွေမထားဘဲ ပူးပေါင်းတည်ဆောက်နေတယ်လို့လည်း တပ်ချုပ်က ပြောကြားခဲ့ပါတယ်။

ပွင့်လင်းမြင်သာတဲ့ ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးအယူဝါဒ ကွဲလွဲမှုတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမှာဖြစ်ကြောင်းလည်း တပ်ချုပ်ကပြောကြားခဲ့ပါတယ်။
Photos & Source: 7Day Daily, Senior General Min Aung Hlaing

No comments:

Post a Comment