မတ်လအတွက် ကျပ် ၂၀၀ တန်ထီအုပ်ရေ နှစ်သိန်းကျော်သာ ထုတ်ဝေထားပြီး ကျပ် ၅၀၀ တန်ထီတွင် မတ် ၃ ရက်အထိ ထီအုပ်ရေ သုံးသန်းနီးပါး ရောင်းချထားပြီးဖြစ်
မတ်လအတွက် ကျပ် ၂၀၀ တန်ထီကို ထီအုပ်ရေ နှစ်သိန်းကျော်သာ ထုတ်ဝေထားပြီး ကျပ် ၅၀၀ တန်ထီကိုမူ မတ် ၃ ရက်အထိ ထီအုပ်ရေ သုံးသန်းနီးပါး ရောင်းချထားပြီး ဖြစ်ကြောင်း အောင်ဘာလေထီရုံးမှ စုံစမ်းသိရှိရသည်။
မတ်လအတွက် ကျပ် ၂၀၀ တန်ထီတွင် အက္ခရာ သုံးလုံးသာ ထုတ်ဝေဖြန့်ချိထားခြင်း ဖြစ်ကြောင်း သိရသည်။ အက္ခရာတစ်လုံးတွင် ထီအုပ်ရေ ၈၁၈၁၈ ရှိပြီး အက္ခရာသုံးလုံးတွင် ထီအုပ်ရေ နှစ်သိန်းကျော်ဖြစ်ကြောင်း သိရ သည်။ ယခင်လများက ကျပ် ၂၀၀ တန်ထီမှာ အက္ခရာ ၄၂ လုံးထုတ်ပြီး ရောင်းချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခုလတွင် ကျပ် ၅၀၀ တန်ထီပေါ်လာသောကြောင့် ကျပ် ၂၀၀ တန်ထီကို လျှော့ထုတ်ခဲ့ပြီး ဈေးကွက် အတွင်းလည်း ကျပ် ၅၀၀ တန်ထီကိုသာ စိတ်ဝင်စားမှုပိုများကြောင်း သိရသည်။
“ထီရောင်းချသူတွေကို ၁၀ စောင်ဝယ်ရင် တစ်စောင်အပိုပေးထားပြီး ဖြစ်ပါတယ်။ ဒါက ၁၀ ရာခိုင်နှုန်းလောက် အမြတ်ပေးထားတဲ့သဘော ဖြစ်ပါတယ်။ ဒါကို တချို့က အမြတ်ပိုလိုချင်တာ၊ ထုပ်ပိုးမှုစရိတ်တွေ ထပ်ပေါင်းတာနဲ့ ဈေးမြင့်တက်တာတွေ ဖြစ်ကုန်တယ်။ လက်ရှိတွေ့ရသလောက်တော့ ၁၀၀ မှာ ၈၀ လောက်က ကျပ် ၅၀၀ နဲ့ပဲရောင်းကြတာ တွေ့ရတယ်။ ကျပ် ၆၀၀ နဲ့ ရောင်းတာမျိုးတော့ ကြားရပြီး ကျပ် ၇၀၀ နဲ့ ရောင်းတာမျိုးတော့ မတွေ့ရပါဘူး။ မနေ့တုန်းကတော့ တိုင်ကြားသူနှစ်ဦး ရှိပါတယ်။ ဒါပေမဲ့ တိုင်ကြားသူရဲ့ နာမည်၊ လိပ်စာတွေကို ပြန်မေးလိုက်ရင် မဖြေချင်ကြပါဘူး။ လက်ရှိမှာ သတ်မှတ်ဈေးထက် ပိုမရောင်းဖို့ ပြောထားတာက ထီအရောင်း ကိုယ်စားလှယ်သာမကဘဲ ထီရောင်းချသူ အားလုံးကို ရည်ရွယ်ပါတယ်။ လက်ပွေ့ရောင်းချသူတွေ အနေနဲ့လည်း ဈေးတင်ရောင်းချခဲ့ရင် ခေါ်မေးမှာဖြစ်ပါတယ်။ ထီစာအုပ် ၀ယ်ရခက်ရင် ရုံးကနေ အရန်ထီတွေ ရောင်းပေးဖို့ရှိတယ်။ နောက်ပိုင်းမှာ တရားဝင် ထီကိုယ်စားလှယ်တွေပဲ ရောင်းခွင့်ပြုတာမျိုး ဖြစ်လာရင် တစ်နိုင်တစ်ပိုင် ရောင်းချသူတွေ အခက်တွေ့နိုင်တယ်။ ဒါကြောင့်သူတို့လည်း သတ်မှတ်ချက်ကို လိုက်နာစေချင်တယ်။ တကယ်တော့ အရန်ထီဆိုတာလည်း တခြားအက္ခရာတွေ နည်းတူ ထည့်နှိုက်တာဖြစ်လို့ ပေါက်နိုင်ခြေ ရာခိုင်နှုန်းက အတူတူပါပဲ။ ဒါကို အမှတ်မမှား ဖို့လိုပါတယ်” ဟု အောင်ဘာလေ သိန်းဆုဌာနခွဲမှ ညွှန်ကြားရေးမှူးဦးထွန်းထွန်းအောင်က မတ် ၃ ရက်တွင် ပြောကြားသည်။
“လက်ရှိမှာ ကျပ် ၅၀၀ တန်ထီကိုပဲ ပိုစိတ်ဝင်စားကြတယ်။ ကျပ် ၂၀၀ တန်ထီကတော့ စိတ်ဝင်စားမှု နည်းသွားပါပြီ။ ထီဆုကြေးမှာ ကျပ် ၅၀၀ တန်ထီက အမြင့်ဆုံး ကျပ်တစ်သောင်း ဆိုတာကို မက်လုံးဖြစ်ကြတယ်။ ကျပ် ၅၀၀ တန်ထီဖြစ်သွားတော့ အရင်းအနှီး များသွားတာပေါ့” ဟု ထီအရောင်း ကိုယ်စားလှယ် တစ်ဦးက ပြောကြားသည်။
၂၀၁၇ ဧပြီ ၁ ရက်တွင် ဖွင့်လှစ်မည့် (၁) ကြိမ်မြောက် ကျပ် ၅၀၀ တန် အောင်ဘာလေထီ လက်မှတ်စာအုပ်များ အတွက် အက္ခရာအရေအတွက် ၅၂ လုံး၊ ထီစာအုပ်ပေါင်း ၄၂၅၄၅၃၆ အုပ်၊ ထီစောင်ရေအားဖြင့် ၄၆၇၉၉၈၉၆ စောင် ထုတ်ဝေထားကြောင်း သိရသည်။
မတ် ၃ ရက်အထိ ရောင်းချထားရမှု အခြေအနေမှာ အက္ခရာ ၃၅ လုံးကျော်၊ ထီစာအုပ်ရေအားဖြင့် ၂၈၈၆၉၉၉ အုပ်၊ ထီစောင်ရေပေါင်း ၃၁၇၅၆၉၈၉ စောင်ဖြစ်ကြောင်း သိရသည်။
(၁) ကြိမ်မြောက်အတွက် ကျပ် ၅၀၀ တန် ထီလက်မှတ်စာအုပ်များ ရောင်းချပေးရန် ကျန်ရှိနေပြီး အက္ခရာ အရေအတွက် ၁၆ လုံးကျော်၊ ထီစာအုပ်အားဖြင့် ၁၃၆၇၅၃၇ အုပ်၊ ထီစောင်ရေပေါင်း ၁၅၀၄၂၉၀၇ စောင်မှာ ရောင်းချရန် ကျန်ရှိနေကြောင်း သိရသည်။
နေမျိုးထွန်း
Eleven Media Group
Friday, March 3, 2017
မတ်လအတွက် ကျပ် ၂၀၀ တန်ထီအုပ်ရေ နှစ်သိန်းကျော်သာ ထုတ်ဝေထားပြီး ကျပ် ၅၀၀ တန်ထီတွင် မတ် ၃ ရက်အထိ ထီအုပ်ရေ သုံးသန်းနီးပါး ရောင်းချထားပြီးဖြစ်
မတ်လအတွက် ကျပ် ၂၀၀ တန်ထီအုပ်ရေ နှစ်သိန်းကျော်သာ ထုတ်ဝေထားပြီး ကျပ် ၅၀၀ တန်ထီတွင် မတ် ၃ ရက်အထိ ထီအုပ်ရေ သုံးသန်းနီးပါး ရောင်းချထားပြီးဖြစ်
Reviewed by Ar Ti
on
7:48 PM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment