Latest News

Thursday, March 23, 2017

ယခုနှစ် တက္ကသိုလ်ဝင်ခွင့်စနစ်မပြောင်း အမှတ်ဖြင့်သာ ရွေးမည်

ယခုနှစ် တက္ကသိုလ်ဝင်ခွင့်စနစ်မပြောင်း အမှတ်ဖြင့်သာ ရွေးမည်


ယခုနှစ် တက္ကသိုလ်ဝင်တန်း ဖြေဆိုအောင်မြင်သူများ တက်ရောက်ရမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ် တက္ကသိုလ်ဝင်ခွင့်စနစ် ပြောင်းလဲဦးမည် မဟုတ်ဘဲ အမှတ်ဖြင့်သာ ရွေးမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက The Voice သို့ ပြောကြားသည်။

တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသူ၊ ကျောင်းသားများ မိမိစိတ်ကြိုက်ဘာသာရပ်နှင့် တက္ကသိုလ်ကို ရွေးချယ်လျှောက်ထားခွင့် ရရှိဦးမည် မဟုတ်ဘဲ ယခင်နှစ်များအတိုင်း အမှတ်ဖြင့်သာ ရွေးချယ်ပြီး ဝင်ခွင့်လျှောက်ထားရမည် ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာနထံမှ သိရှိရသည်။

“ဘာဖြစ်လို့လဲဆိုတော့ National Exam နဲ့ပဲ ကျွန်တော်တို့ ရွေးချယ်မှုတွေ လုပ်နေတုန်းပဲ ရှိသေးတယ်။ ဒါက ဥပဒေနဲ့ မဆိုင်ဘူး။ အခုရှိတဲ့ ဥပဒေက အမျိုးသားပညာရေး ဥပဒေလေ။ အဆင့်မြင့်ပညာရေး ဥပဒေက မထွက်သေးဘူး။ အဆင့်မြင့်တို့ အခြေခံတို့ ဥပဒေတွေ ထပ်ရေးဆွဲရဦးမယ်လေ။ အဲဒီအခါမှ သူ့ကျောင်းအလိုက် ဖြစ်လာမှာပဲ” ဟု ဒေါက်တာသိန်းဝင်းက ပြောကြားသည်။

တက္ကသိုလ်ဝင်ခွင့်အတွက် သင်ယူလိုသည့် ဘာသာရပ်နှင့် တက္ကသိုလ်ကို သင်ယူသူကိုယ်တိုင် ရွေးချယ်လျှောက်ထားခွင့်ရှိပြီး တက္ကသိုလ်ဝင်ခွင့်ကို အခြေခံပညာ အထက်တန်းစာမေးပွဲ ရမှတ်ဖြင့်သာ စိစစ်ရွေးချယ်ခြင်း မဟုတ်ဘဲ တက်ရောက်လိုသည့် တက္ကသိုလ် ပဋိညာဉ်စာတမ်းနှင့် အညီ စိစစ်ရွေးချယ်သည့်စနစ် ထားရှိရေးကို အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေတွင် ပြဋ္ဌာန်းထားသည်။

သို့သော် အမျိုးသားပညာရေး ဥပဒေ ပြင်ဆင်သည့် ဥပဒေ အတည်ပြုပြီး ၂ နှစ်ခန့်ကြာသည့် တိုင်အောင် အဆင့်မြင့်ပညာ ဥပဒေ၊ တက္ကသိုလ် ပဋိညာဉ်စာတမ်း မည်သို့ လုပ်ဆောင်နေသည်ကို မသိရှိရသေးဘဲ၊ တက္ကသိုလ်ဝင်ခွင့်စနစ် ပြောင်းရန် လွန်ခဲ့သည့် သုံးနှစ်ခန့် ကတည်းက ပြင်ဆင်ခဲ့သော်လည်း ယခုအချိန်အထိ အကောင်အထည် မပေါ်သေးသည်ကို ပညာရေး လေ့လာသူများက မေးခွန်းထုတ်နေကြသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ သင်္ချာဆရာ ဦးအောင်သင်းက “အဲဒါကို ဘာလို့  အခုထိ အမြန်အကောင်အထည် မဖော်နိုင်တာကိုလည်း စိတ်ထဲမှာ အားမရဘူး။ မရေရာပါဘူး။ အပြင်ဆရာတစ်ယောက် အနေနဲ့ ဒါကို အသက်သွင်းဖို့ သူတို့ဘာတွေ လုပ်နေပြီး ဘာတွေရည်မှန်းနေတယ် ဆိုတာကို သိပ်နားမလည်တော့ဘူး” ဟု ပြောကြားသည်။

တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင် မိမိဝါသနာကို သေသေချာချာ ဆန်းစစ်သင့်ကြောင်း၊ အခြားသူ ဆရာဝန်လျှောက်၍ မိမိက လိုက်လျှောက်ခြင်း၊ အင်ဂျင်နီယာလုပ်၍ လိုက်၍ အင်ဂျင်နီယာလုပ်ခြင်း မဖြစ်သင့်ကြောင်း၊ မိဘများ အနေနှင့်လည်း ဖိအားမပေးသင့်ကြောင်း ဒဂုံဆိပ်ကမ်းမြို့နယ် အထက (၃) ဆယ်တန်းဖြေဆိုထားသည့် ကျောင်းသူတစ်ဦး ဖခင် ဦးတင်မြင့်ဦးက ပြောဆိုသည်။

“အမှတ်နဲ့ဖြတ်တာ မဟုတ်ဘဲနဲ့ သူတို့ (ကျောင်းသား) ရဲ့ စိတ်ပါတဲ့ ဝါသနာပါတဲ့ ဘာသာရပ်ကို လျှောက်ခွင့်ရမယ် ဆိုရင်တော့ ကောင်းတာပေါ့။ တစ်ခုတော့ ရှိတာက ကလေးကိုယ်တိုင်ကလည်း တကယ်ဝါသနာပါတာမျိုးတော့ ဖြစ်ဖို့လိုသလို ကိုယ်ဘာကို ဝါသနာပါလဲ ဆိုတာကို သူကိုယ်တိုင်လည်း သိဖို့လိုတယ်” ဟု ဦးတင်မြင့်ဦးက ပြောကြားသည်။

ယင်းသို့ တက္ကသိုလ်ဝင်ခွင့်စနစ် ပြောင်းလဲရေးနှင့် ပတ်သက်၍ လွန်ခဲ့သည့် သုံးနှစ်ခန့်ကတည်းက အဆင့်မြင့်ပညာ မြှင့်တင်ရေး ဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးခဲ့ပြီး တက္ကသိုလ်အလိုက် သဘောထားကောက်ခံခြင်းများ ယခင်နှစ်အထိ ရှိခဲ့ကြောင်း၊ လာမည့် ၂၀၁၇- ၂၀၁၈ ခုနှစ် ဝင်ခွင့်စနစ်အတွက် ယခုအချိန်အထိ ဆွေးနွေးမှု၊ သဘောထားတောင်းခံမှု မရှိသေးကြောင်း ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ် ပါမောက္ခချုပ်တစ်ဦးက ပြောကြားသည်။

ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူပေါင်း ၇၆၀,၀၀၀ ကျော် ဖြေဆိုရန် စာရင်းပေးသွင်းထားပြီး ခုနစ်သိန်းကျော် စာမေးပွဲ ဖြေဆိုခဲ့သည်။

ပြည်တွင်းစာစစ်ဌာန ၁၅၇၇ ခု၊ နိုင်ငံခြားစာစစ်ဌာန ၁၇ ခု၊ စုစုပေါင်း စာစစ်ဌာန ၁၅၉၄ ခုတွင် မတ်လ ၈ ရက်မှ ၁၇ ရက်အထိ စာမေးပွဲ စစ်ဆေးခဲ့ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနထံမှ သိရှိရသည်။        

ရွှေဖူးခင်( The Voice )

No comments:

Post a Comment