မန္တလေးသင်္ကြန်တွင်စုစုပေါင်းမဏ္ဍပ် ၂၄ ခုအထိ တည်ဆောက်ခွင့်ပြု
ယခုနှစ် မန္တလေးသင်္ကြန်တွင် ကျုံးတောင်ဘက်မှလွဲ၍ တစ်ဖက်လေးခုစီ ချထားပေးရန် ဆောင်ရွက်ခဲ့သော်လည်း ယခုအခါ တစ်ဖက်လျှင် ရှစ်ခုစီအထိ တိုးမြှင့်တည်ဆောက်ခွင့်ပေးသွားမည်ဖြစ်ရာ ကျုံးနံဘေး မဏ္ဍပ်စုစုပေါင်း ၂၄ ခုအထိ ရှိမည်ဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီမှ သတင်းရရှိသည်။
ယခင်နှစ်များက ကျုံးနံဘေးတစ်လျှောက် မဏ္ဍပ်များ တည်ဆောက်ကာ ဆင်နွှဲခဲ့ကြသော်လည်း ယခုနှစ် ၂၀၁၇ သင်္ကြန်တွင် မန္တလေး ကျုံးနံဘေးမဏ္ဍပ်များ တည်ဆောက်မှုကို ကန့်သတ်ရန် စီစဉ်ခဲ့ရာ တောင်ဘက်ကျုံး (၂၆ ဘီလမ်း) ကို မန္တလေးမြို့တော် မဟာသင်္ကြန်မဏ္ဍပ်နှင့် နန်းမြို့သူမဏ္ဍပ်နှစ်ခုသာ တည်ဆောက်မည်ဖြစ်ပြီး အဆိုပါ ကျုံးတောင်ဘက် ၂၆ ဘီလမ်းကို ယာဉ်ဝင်ခွင့်ကန့်သတ်ကာ လမ်းလျှောက်သင်္ကြန်အဖြစ် ဆင်နွှဲမည်ဖြစ်သည်။
ထို့ကြောင့် အခြားကျန်ရှိနေသည့် ကျုံးအရှေ့ခြမ်း (၆၆ လမ်း)၊ ကျုံးမြောက်ခြမ်း (၁၂ လမ်း)နှင့် ကျုံးအနောက်ခြမ်း (လမ်း ၈၀) တို့တွင် တစ်ဖက်လျှင် မဏ္ဍပ်လေးခုဆီသာ ချထားပေးမည်ဖြစ်သော်လည်း အစိုးရအဖွဲ့ တင်ပြပြီး အပြီးသတ် ဆုံးဖြတ်ချက်အရ ယခုကဲ့သို့ တစ်ဖက်လျှင် ရှစ်ခုစီအထိ ပြန်လည် တိုးမြှင့်ခြင်းဖြစ်ကြောင်း စည်ပင်သာယာရေးကော်မတီမှ ကော်မတီဝင် ဦးကျော်ရင်မြင့်ထံမှ သိရသည်။
“ကျွန်တော်တို့ အစကနဦးကတော့ တစ်ဖက်ကို လေးခုစီပဲ ချထားပေးဖို့ ရည်ရွယ်ခဲ့ပေမယ့် လေးခုပဲဆိုရင် အရမ်းနည်းနေမှာစိုးလို့ ရှစ်ခုအထိ တိုးမြှင့်ချထားပေးမှာပါ။ အစိုးရအဖွဲ့ ဆုံးဖြတ်ချက်အပြီး သဘောထားလည်း ပါပါတယ်။ မဏ္ဍပ်ကလည်း အရင်လို ကျုံးကျောပေးပါပဲ။ ဒါပေမဲ့ စည်းကမ်းချက်တွေကတော့ အများကြီး သတ်မှတ်ထားပါတယ်။ မဏ္ဍပ်ထဲမှာ ကလပ်ပုံစံ တည်ဆောက်နေထိုင်မှာမျိုးတွေ၊ အလုံပိတ်အခန်းတွေ စတာမျိုးတွေအတွက် ခွင့်ပြုမှာ မဟုတ်သလို စိစစ်အရေးယူသွားမှာပါ” ဟု ကော်မတီဝင် ဦးကျော်ရင်မြင့်က မဏ္ဍပ်တည်ဆောက်ခွင့် တိုးမြှင့်မှုနှင့် ပတ်သက်၍ ပြောကြားခဲ့သည်။
အဆိုပါ ကျုံးတစ်ဖက်လျှင် မဏ္ဍပ်ရှစ်ခုစီအတွက် ယခင်နှစ်များကဲ့သို့ မဲနှိုက်ချထားပေးတော့မည် မဟုတ်ဘဲ လေလံရောင်းချ တည်ဆောက်ခွင့်ပေးမည်ဖြစ်ရာ မတ် ၁၃ ရက်မှစ၍ မတ် ၂၀ ရက်အတွင်း လျှောက်ထားနိုင်ပြီး အိတ်ဖွင့်လေလံစနစ်ဖြင့် ရောင်းမည်ဖြစ်ကာ လျှောက်လွှာနှင့်အတူ အာမခံငွေ ကျပ် ၁၀ သိန်း ပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၇ ခုနှစ် မန္တလေးမြို့ သင်္ကြန်တွင် လူငယ်သင်္ကြန်ပွဲတော်အဖြစ် မနောရမံ ဥယျာဉ်တွင် ပြုလုပ်ပေးသွားမည်ဖြစ်သည်။
ယဉ်မျိုးသွယ်
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment