Latest News

Thursday, March 16, 2017

ကွတ်ခိုင်နဲ့ နမ့်ဖက်ကာလမ်းပိုင်းမှာ ကားတွေရဲ့ကိုယ်ထည်နဲ့ဘီးတွေကို သေနတ်နဲ့ ပစ်ခတ်ခံရ

ကွတ်ခိုင်နဲ့ နမ့်ဖက်ကာလမ်းပိုင်းမှာ ကားတွေရဲ့ကိုယ်ထည်နဲ့ဘီးတွေကို သေနတ်နဲ့ ပစ်ခတ်ခံရ

TNLA၊KIA ၊MNDAA နဲ့ AA အဖွဲ့တို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က ပြုလုပ်တာလို့ ဆိုပါတယ်။

မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီး ကွတ်ခိုင်နဲ့ နမ့်ဖက်ကာလမ်းပိုင်းမှာ လက်နက်ကိုင်အဖွဲ့တွေက ကားတွေကို တားဆီးကာ ငွေကြေးတောင်းယူပြီး ကားဘီးတွေကို သေနတ်နဲ့ ပစ်ဖောက်သွားတယ်လို့ ဒေသတွင်း ရဲတပ်ဖွဲ့ကနေ သတင်းရရှိပါတယ်။

ကွတ်ခိုင်နဲ့ နမ့်ဖက်ကာအကြား ခိုမုန်းရွာနဲ့ ပန်ကိုင်ရွာနားမှာ ဒီနေ့ (မတ် ၁၆) မနက် ၄ နာရီလောက်က ဖြစ်ပွားခဲ့တာဖြစ်ပြီး TNLA၊KIA ၊MNDAA နဲ့ AA အဖွဲ့တို့ပါဝင်တဲ့ ပူးပေါင်းအဖွဲ့က အခုလိုလုပ်ဆောင်သွားတာလို့ ရဲတပ်ဖွဲ့နဲ့ ဒေသခံတွေက ပြောပါတယ်။
အဆိုပါလက်နက်ကိုင်တပ်ဖွဲ့တွေက ခရီးသည်တင် ကားတစ်စီးအပါအဝင် ကားငါးစီးထက် မနည်းကိုတားဆီးပြီး ကားဘီးနဲ့ ကားကိုယ်ထည်တွေကို သေနတ်နဲ့ ပစ်ကာ ကားသော့တွေကိုလည်း ယူဆောင်သွားတယ်လို့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

အခုလိုကားတွေကို လက်နက်ကိုက်တပ်ဖွဲ့တွေကို ငွေကြေးတောင်းခံမှုတွေက မတ်လ ၁၄ ရက်က စတင်ဖြစ်ပွားနေသလို တိုက်ပွဲတွေလည်း တစ်ကျော့ပြန် ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

လောက်ကိုင်မြို့အတွင်း မတ်လ ၆ ရက်က ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့(MNDAA) ဝင်ရောက်တိုက်ခိုက်မှုကြောင့် မီးရှို့ခံထားရတဲ့ အလောင်း ၂၀ ရရှိပြီး ကိုးကန့်ယာဉ်ထိန်းရဲ ငါးဦး၊ ပြည်သူငါးဦး သေဆုံးခဲ့ကာ  ကိုးကန့်ယာဉ်ထိန်း ရဲလေးဦး ဓားစာခံအဖြစ်ဖမ်းဆီးခံထားရတယ်လို့  နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေး ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာတပ်မတော်က မြောက်ပိုင်း မဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ကို အမြစ်ပြုတ်ချေမှုန်းဖို့ ရည်ရွယ်နေလို့ ပြန်လည်တိုက်ခိုက်တာဖြစ်တယ်လို့ မတ်လ ၆ ရက်ကဖြစ်ပွားခဲ့တဲ့ လောက်ကိုင်တိုက်ပွဲနဲ့ ပတ်သက်ပြီး ကိုးကန့်တပ်ဖွဲ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
Source : 7DayDaily: Duwun
Photos :  Lashio Media


No comments:

Post a Comment