Latest News

Friday, March 3, 2017

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် နှလုံးခွဲစိတ်ကုသမှုခံယူမည်

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် နှလုံးခွဲစိတ်ကုသမှုခံယူမည်

“ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာတင်မျိုးဝင်းတို့ကလည်း ဦးဖြိုးမင်းသိန်းကိုခေတ္တအနားယူရန် ပြောကြားထား …”
------ ------ ------ ------ ------

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း မကြာမီ နှလုံးခွဲစိတ်ကုသမှုခံယူရမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး NLD လွှတ်တော်ကိုယ်စားလှယ်များ၏ ပြောကြားချက်အရ သိရှိရသည်။

မတ် ၂ ရက် နေ့လယ်ပိုင်းက ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ရှိ လွှတ်တော်ကိုယ်စားလှယ်များ နားနေဆောင်၌ ၀န်ကြီးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံခဲ့ကြသည်။

''ဒီလ ၄ ရက်နေ့မှာ ၀န်ကြီးချုပ်က နှလုံးခွဲစိတ်ကုသဖို့ ခွင့်တိုင်မယ်လို့ ပြောပါတယ်။ ဘယ်မှာကုမယ်ဆိုတာတော့ မပြောပေမဲ့ ကျွန်တော်တို့ကြားရတဲ့ သတင်းတွေအရ ပြည်တွင်းမှာပဲ ခွဲစိတ်ကုသသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်''ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် မင်္ဂလာတောင်ညွန့်မြို့နယ် တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက News Watch သို့ ပြောသည်။

ထို့ပြင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာတင်မျိုးဝင်းတို့ကလည်း ဦးဖြိုးမင်းသိန်းကိုခေတ္တအနားယူရန် ပြောကြားထားကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ သိရှိရသည်။

''ဆေးကုစရာရှိတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကလည်း ကျန်းမာရေး ဂရုစိုက်ဖို့ပြောတယ်။ ဆရာဝန်ရဲ့စကား ကို နားထောင်ဖို့။ ဒေါက်တာတင်မျိုးဝင်းကလည်း ဆေးကုဖို့ နားခိုင်းထားတယ်လို့ ပြောတယ်။ လူအုပ်ထဲမှာ သိပ်နေလို့မရဘူးလို့လည်း ၀န်ကြီးချုပ်က ပြောခဲ့တယ်'' ဟု ဆိပ်ကြီးခနောင်တိုမြို့နယ် တိုင်းဒေသ ကြီး(၂) လွှတ်တော်ကိုယ်စားလှယ်ဦးသန်းဆွေက ပြောကြားသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးကို မတ် ၂၀ ရက်တွင် ပြုလုပ်မည်ဖြစ် ကြောင်း၊ ရန်ကုန်မြို့သစ်စီမံကိန်း ပြန်လည်စတင်မည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ငွေကျပ် ၄၀၀ ဘီလီယံကျော် သုံးစွဲမည်ဖြစ်ကြောင်းနှင့် လာမည့် နွေရာသီတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း လျှပ်စစ်ဓာတ်အားပြတ်တောက်မှုမရှိအောင် စီမံဆောင်ရွက်သွားမည့် အကြောင်းများကို ပြောကြားခဲ့ကြောင်း တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူများထံမှ သိရှိရသည်။

_နှင်းမောင်ဦး

News Watch

No comments:

Post a Comment