နက္ခတ်မှားသောဘဝ
ဇီဇဝါ( ခရမ်း )ပြန်/ဆက်
စနေ၊တနင်္ဂနွေနေ့ကလွဲရင် အမြဲလိုလိုကြားနေ ရတဲ့အသံက ဒေါ်ခင်လှရဲ့အသံစာစာနဲ့ ပြောနေတဲ့ ဘာထိပ်စီးကောင်းလဲ၊ နှစ်လုံးထီ သမားရဲ့ကျင်လည်နေတဲ့ဘဝထဲက ပါဝါ နက္ခတ်ထိပ်စီး ဘာရလဲဆိုတဲ့အသံတွေကို နားထဲမှာ ရင်းနှီးနေခဲ့ပါပြီ။
''ဟဲ့ လှမေ၊ ညည်းဒီနေ့ဘာကြိုက်လဲ။ ကျုပ်ကတော့(၂)ကြိုက်တယ်။ ညည်းရော ဘာကြိုက်လဲ။ကျုပ်တော့(၉)တစ်လုံးကြိုက် တယ်။''
ဒေါ်ခင်လှနဲ့ဒေါ်လှမေတို့သူငယ်ချင်း နှစ်ယောက်ဟာ အသွင်တူလို့ အပြောတည့်နေ တယ်။ ဒါကြောင့်ပဲ တစ်ယောက်ပြောတဲ့ ဂဏန်း တစ်ယောက်ထိုးလေ့ရှိတယ်။ တစ်ယောက်ပေါက်ရင် တစ်ယောက်ပါပေါက်မှာ တော့သေချာတယ်။ ဒါပေမယ့်ထိုးကြေးကတော့ မတူပေ။ ဒေါ်ခင်လှဟာ သူ့အကြိုက်ဂဏန်းဆို အပိုင်ဆိုပြီး အခြားဂဏန်းတွေထက် တင်ထိုးလေ့ရှိတယ်။
အိမ်ထောင်သည်တွေ ဖြစ်ပေမယ့် ဒေါ်ခင်လှရဲ့အမျိုးသားဟာ ရေခဲတုံးလားမှတ်ရတယ်။ အလွန်ကိုအေးလွန်းလှပါတယ်။ လယ်လုပ်ယာလုပ်ကိုသာ လုပ်နေတာကြောင့် လယ်ထဲယာထဲဆင်းနေရရင်ကို ကျေနပ်နေတဲ့လူ။ အိမ်ကမိန်းမလုပ်သမျှအလုပ်ကို အပြစ်လို့ကို မမြင်တတ်တဲ့လူအေးကြီးပေါ့။
တစ်ခါတလေမှာ ဒေါ်ခင်လှအရှုံးများလို့ မူမမှန်တော့ရင်တော့ သူကပါမနေတတ်၍ ''မိန်းမ ဒီအလုပ်တွေမလုပ်ပါနဲ့တော့လား'' လို့ မနေနိုင်လို့ပြောလိုက်ရင်။
''အို့တော်ကလည်း ကျုပ်ကစီးပွားရှာ နေတာပါ''ဆိုတဲ့ ဒေါ်ခင်လှရဲ့ခပ်မာမာစကားကြောင့် ဦးသိန်းမောင် အပိုအလိုမရှိဘာမှ မပြောဘဲ ငြိမ်နေလိုက်တယ်။
ဒေါ်လှမေမှာမူ ယောက်ျားက လက်သမားလုပ်တော့ နေ့တိုင်းလက်ထဲငွေရွှင်တာပေါ့။ ယောက်ျားက ငွေအကုန်အပ်ပေမယ့် ဈေးဖိုးကိုချွေတာပြီး နှစ်လုံးဖိုးကိုချန်ထားတာ ကမဆန်းတော့ပေ။
''လှမေ လာပါအေ၊ ညည်းနဲ့အေ နာရီ လည်းကြည့်ပါဦး၊ ၉နာရီထိုးတော့မယ်။ ကျုပ် တို့မမီဘဲနေဦးမယ်။''
တစ်နေ့ကို လေးချိန်ထွက်သမျှအလွတ် မပေးတမ်း ရွာတောင်ပိုင်းကနေ ရွာမြောက် ပိုင်းကို သွားချည်လာချည်လုပ်နေသည်ကို တစ်ရွာလုံးကအသိဆုံးပါ။
ရပ်ကျော်ရွာကျော် နာမည်အကြီးဆုံးဆို လည်း မမှားပါဘူး။ တစ်ရွာလုံးက နှစ်လုံးဘုရင် မလို့တောင် နာမည်ပြောင်မှည့်ပေးထား ကြတယ်။
နှစ်လုံးထီကစားလာတာ အချိန်ကြာလာ တာနဲ့အမျှ စီးပွားရေးကအဆင်မပြေ။ ခြံထွက် သီးနှံလေးရောင်းလိုက်၊ ဟိုကချေးဒီကချေး လိုက်နဲ့ ရအောင်ထိုးတဲ့ဒေါ်ခင်လှဟာ တစ်နေ့ မှာ ''လှမေ ညည်းတော့မသိဘူး၊ ငါတော့အဆင် မပြေတော့တာအမှန်ပဲ၊ ရှိတဲ့လက်ဝတ်လက် စားလေးတွေကို ထုခွဲရောင်းချရင်လည်း ကျုပ် ယောက်ျားကဆူမှာတော့်။ သြော့် ဒါများခင်လှရယ်၊ ရွာမြောက်ပိုင်းက ဒေါ်စိန်တုတ်ဆီမှာ ပိုက်ဆံချေးကြည့်ပါလား၊ အတိုးလည်းသက်သာပါတယ်။ ညည်းနှစ်လုံး ထီပေါက်ရင် ပြန်ပေးနိုင်ပါတယ်အေ။''
ဒေါ်လှမေရဲ့စကားကြောင့် ဘာလုပ်ရ မှန်းမသိတဲ့ ဒေါ်ခင်လှတစ်ယောက် အကြံ ကောင်းကို ရလိုက်တာပါပဲ။ ချေးဖူးတဲ့လူတွေ ကလည်း အကြွေးဟောင်းမကျေတော့ မပေး တော့ပေ။ ဒေါ်စိန်တုတ်ဆီမှာချေးတာတော့ ပထမဆုံးပါပဲ။
ဒေါ်ခင်လှနဲ့ ဒေါ်လှမေ ဒေါ်စိန်တုတ် အိမ်သို့ထွက်လာခဲ့ကြတယ်။
ဒေါ်စိန့်ဒေါ်စိန် ဟဲ့လှမေ၊ ညည်း ပထမကြွေးမကျေသေးဘဲ နောက်ကြွေးယူပြန် ပြီလား။မဟုတ်ပါဘူးအရီးရယ်၊ ခင်လှအတွက် ပါ။တစ်သိန်းလောက်ပါပဲရှင်။ အို့ညည်းအေ၊ ညည်းအာမခံရဲလို့လား၊ ကျွန်မအာမခံပါတယ် အရီးရယ်။ အေးလေ ညည်းကတိတည်ပါ စေနော်။ ဟုတ့်ဟုတ့်ဟုတ်ကဲ့ပါ။ အေးလေ ညည်းအာမခံတော့လည်း ပေးလိုက်ပါ့မယ်။ ပြဿနာဖြစ်ရင်ညည်းပဲ ဖြေရှင်းပေးရမှာနော် လှမေ။ ဟုတ်ကဲ့ပါအရီး။
ဒေါ်စိန်တုတ်ဆီမှချေးလာတဲ့ ငွေ တစ်သိန်းကို နှစ်လုံးဖိုးအကြွေးကပဲ ငါးသောင်း ဆပ်လိုက်တယ်။ကျန်ငွေငါးသောင်းကလည်း လက်ထဲရှိတော့ နှစ်လုံးထီထဲပဲ ပါသွားတယ်။နှစ်လုံးထီလည်း ထင်သလိုမပေါက်တော့ပေ။
''ဟင်း''ဆိုတဲ့ဒေါ်ခင်လှရဲ့ သက်ပြင်းချ လိုက်တဲ့အသံကို ခင်ပွန်းလုပ်သူဦးသိန်း မောင်ကြားလိုက်သောအခါ ''မိန်းမဘာတွေ များ စိတ်ရှုပ်စရာတွေရှိလို့ သက်ပြင်းတွေချနေရ တာလဲ။'' ''ယောက်ျား ကျုပ်ရွာမြောက်ပိုင်းကဒေါ်စိန်တုတ်ဆီက အတိုးနဲ့ချေးထားတဲ့ငွေ တစ်သိန်းကိုလည်း အတိုးရောအရင်းပါ မပေး ရသေးဘူး။ နှစ်လုံးဒိုင်ဦးဖိုးလှရဲ့အကြွေးတွေ ကလည်း ပေါက်နိုးပေါက်နိုးနဲ့ထိုးတာ ဆယ်သိန်းဝန်းကျင်လောက်ရှိနေပြီ။ ဒေါ်စိန်တုတ် ပိုက်ဆံကလည်း လှမေအာမခံပေးထားလို့မဖြစ် မနေကိုပေးရတော့မယ်။ ဦးဖိုးလှရဲ့အကြွေး တွေကလည်း ဒီတစ်ပတ်နောက်ဆုံးမပေးရင် မရောင်းတော့ဘူးတဲ့။''
ယာလေးမျက်စိရှေ့မှာ မြင်နေရတော့ အကြွေးရောင်းသူဦးဖိုးလှဟာလည်း ငွေအင် အားများလာတော့ အကြွေးမရောင်းတော့။ ပေးထားတဲ့အကြွေးတွေကို ရအောင်တောင်း ပါတော့တယ်။
ယာထွက်သီးနှံကလည်း ဈေးမလိုက်။ ရှိတဲ့ပစ္စည်းလေးတွေကိုသာ ရောင်းချပေါင် နှံကြွေးဆပ်လိုက်ရတယ်။ ဦးသိန်းမောင်မှာ တော့အကြံမရတော့တဲ့အဆုံး မိန်းမစိတ်ညစ် မှာကိုမလိုလား၍ အလွယ်နည်းနဲ့ဆိုရမလို ရောင်းချဖို့အတွက် လက်သင့်ခံပေးလိုက်ပါ တယ်။ သို့သော်ဒေါ်ခင်လှတစ်ယောက် နောင် တမရခဲ့ဖူးပါ။ ရှုံးမဲမဲ၍ပိုထိုးမည်ကိုသာ စဉ်းစားထားလေပြီ။
''လှမေ မင်းသူငယ်ချင်း ခင်လှတော့ တော်တော်လေးကုန်နေပြီ။ မင်းအမြင်ပဲနော်။ ငါတို့မိသားစုမှာ လက်လုပ်လက်စားကလွဲလို့ ယာလည်းမရှိ၊ ရွှေလည်းမရှိဘူးဆိုတာ မင်းအသိပဲနော်။ ဒီတော့မင်းကိုဒီအလုပ်တွေ မလုပ်စေချင်တော့ဘူး။''
''အင်း ပါတော်၊ ကျုပ်လည်းဆန္ဒမရှိတော့ ပါဘူး။ကျုပ်ကလေးတွေလည်း ရှိသေးတယ်။
ဦးဖိုးတုတ်ရဲ့ လေးနက်တဲ့စကားတွေ ကြောင့် ဒေါ်လှမေအမြင်မှန်ရသွားတယ်။
ဒေါ်ခင်လှမှာတော့ ကလေးကမရှိတော့ အပူကနည်း၍နှစ်လုံးအပူသာရှိတယ်။ ရှုံးမဲမဲ၍ ထိုးကြေးတွေတိုးလာခဲ့တယ်။ ပေါက်သမျှ ဟာလည်း ထိုးကြေးမျှသာမကာမိ၍ အကြွေး တွေလည်း လည်ပင်းရောက်လာပြီ။ နောက်ဆုံး ယာတွေရောင်းပြီး နှစ်လုံးဒိုင်နဲ့ရွာထဲမှ တိုလီမိုလီအကြွေးတွေကို ပေးရလေတော့ တယ်။ အရင်က ကိုယ့်ယာနဲ့ကိုယ်လုပ်ကိုင်စား သောက်ရပေမယ့် အခုတော့အသက်ကြီးပေ မယ့်အငှားလုပ်သားဘဝနဲ့သာ အသက်မွေး ဝမ်းကျောင်း ပြုရတော့တယ်။
နောက်ဆုံးတော့ နှစ်လုံးသမားတစ် ယောက်ရဲ့ဘဝဟာ ပါဝါကောက်ရင်း၊ နက္ခတ်ကောက်ရင်း၊ ထိပ်စီးကြည့်ရင်းနဲ့ပဲ ဒေါ်ခင်လှ ဘဝဟာလည်း နက္ခတ်တွေ မှားသွားတော့တာပါပဲ။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment