ကင်ဂျုံနန်လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးထားသော မြောက်ကိုရီးယားနိုင်ငံသားကို ပြန်လွှတ်ပေ
း
ရုပ်ရှင်ဇာတ်လမ်း ဆန်လှသော ကင်ဂျုံနန် လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးခံထားရသည့် တစ်ဦးတည်းသော မြောက်ကိုရီးယား နိုင်ငံသားကို ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း မလေးရှားအစိုးရ ရှေ့နေချုပ်က မတ် ၂ ရက်တွင် ပြောကြားခဲ့သည်။
ယင်းပြောကြားချက်သည် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်၏ အဖေတူအမေကွဲအစ်ကို အာရုံကြော အဆိပ်သင့်စေသော အရာဖြင့် အသတ်ခံရမှုနှင့်ပတ်သက်၍ အမျိုးသမီးငယ်နှစ်ဦးအား တရားစွဲဆို ရုံးထုတ်ခဲ့ပြီး နောက်တစ်ရက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။
မလေးရှားအစိုးရက အထီးကျန်ဖြစ်နေသော မြောက်ကိုရီးယားနိုင်ငံသားများကို လွတ်လပ်စွာ ၀င်ထွက်ခွင့်ပြုထားသည့် ဗီဇာအစီအစဉ်အား ရုတ်တရက် အဆုံးသတ်လိုက်ပြီးနောက် နာရီပိုင်းအကြာတွင် ယခုပြောကြားချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။
မလေးရှားအစိုးရ ရှေ့နေချုပ် မိုဟာမက်အပန်ဒီအလီက မြောက်ကိုရီးယားနိုင်ငံသား ရီဂျုံချိုးကို မတ် ၃ ရက်တွင် လွှတ်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“သူဟာ လွတ်လပ်သူတစ်ယောက် ဖြစ်သွားပါပြီ။ သူ့ရမန်က ကုန်ဆုံးသွားပြီဖြစ်ပြီး သူ့ကိုတရားစွဲဆိုဖို့ လုံလောက်တဲ့အထောက် အထားမရှိပါဘူး” ဟု အပန်ဒီက ပြောကြားခဲ့သည်။
မလေးရှားနိုင်ငံတွင် ရှိနေဆဲဟု ယုံကြည်ရသော သံတမန်တစ်ဦးနှင့် လေကြောင်းဝန်ထမ်းတစ်ဦး အပါအ၀င် အခြား မြောက်ကိုရီးယားနိုင်ငံသား ခုနစ်ဦးကို လူသတ်မှုနှင့်ပတ်သက်၍ အလိုရှိနေဆဲ ဖြစ်သည်။
ယင်းတို့အနက် လေးဦးသည် လုပ်ကြံမှု ပြုလုပ်ခဲ့သည့်နေ့မှာပင် ပြုံယမ်းသို့ ထွက်ပြေးသွားပြီဟု ယူဆရသည်။
မကာအိုသို့ ထွက်ခွာရန် ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်၌ စောင့်ဆိုင်းနေစဉ် တိုက်ခိုက်ခံရကာ နာကျင်မှုဝေဒနာဖြင့် ကင်ဂျုံနန် သေဆုံးသွားပြီးနောက် ရက်အနည်းငယ်အကြာတွင် ရီဂျုံချိုးအား ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
စီစီတီဗွီပြကွက်များ၌ အမျိုးသမီးနှစ်ဦးသည် အသက် ၄၅ နှစ်အရွယ်ရှိ ၀ဖိုင့်ဖိုင့် အမျိုးသားတစ်ဦးအနီးသို့ ချဉ်းကပ်သွားပြီး မျက်နှာကို အ၀တ်စတစ်ခုဖြင့် ဖိကပ်လိုက်သည်ကို တွေ့မြင်ရသည်။
ကင်ဂျုံနန်သည် တက်ချက်သွားသည့် ဝေဒနာကို ခံစားရပြီး ဆေးရုံသို့ မရောက်လိုက်ဘဲ မိနစ် ၂၀ မပြည့်မီ သေဆုံးသွားခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
သေဆုံးသူ၏မျက်နှာပေါ်မှ နမူနာများကို စစ်ဆေးကြည့်ရာတွင် လူအစုလိုက်အပြုံလိုက်သေစေသည့် လက်နက်တစ်ခုအဖြစ် စာရင်းသွင်းထားသည့် အာရုံကြောကို ထိခိုက်စေသော VX အဆိပ်ကို တွေ့ရှိရသည်။
တောင်ကိုရီးယားက ကင်ဂျုံအွန်သည် အဖေတူအမေကွဲအစ်ကိုကို သတ်ရန် တည်မြဲအမိန့် ထုတ်ပြန်ထားသည်ဟု ပြောကြားခဲ့ပြီး လုပ်ကြံမှုအတွက် မြောက်ကိုရီးယားကိုသာ လက်ညှိုးငေါက်ငေါက် ထိုးခဲ့သည်။
သေဆုံးသူသည် ကင်ဂျုံနန်ဖြစ်ကြောင်း လုံးဝအသိအမှတ်ပြုမထားသည့် မြောက်ကိုရီးယားက စွပ်စွဲချက်များကို ငြင်းဆိုပြီး အလောင်းကို ခွဲစိတ်စစ်ဆေးမှုများနှင့် ပတ်သက်၍ အငြင်းပွားကာ မလေးရှားသည် သူ၏ ရန်သူများနှင့် ပူးပေါင်းကြံစည်သည်ဟု စွပ်စွဲခဲ့သည်။
အထိုက်အလျောက် နွေးထွေးသည့် ဆက်ဆံရေးရှိခဲ့သော မလေးရှားနှင့် မြောက်ကိုရီးယားတို့သည် အဆိုပါလုပ်ကြံမှု ဖြစ်ပွားပြီးနောက်ပိုင်း သံတမန်ရေးရာပဋိပက္ခ ဖြစ်ပွားခဲ့သည်။
အစောပိုင်းကတည်းက သူ၏ သံအမတ်ကို မြောက်ကိုရီးယားမှ ပြန်လည်ခေါ်ယူထားသော မလေးရှားက မြောက်ကိုရီးယားနှင့် သဘောတူထားသော ဗီဇာကင်းလွတ်ခွင့်ကို မတ် ၂ ရက်တွင် ရုပ်သိမ်းကြောင်း ကြေညာခဲ့သည်။
Ref: AFP
Eleven Media Group
Thursday, March 2, 2017
ကင်ဂျုံနန်လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးထားသော မြောက်ကိုရီးယားနိုင်ငံသားကို ပြန်လွှတ်ပေး
ကင်ဂျုံနန်လုပ်ကြံခံရမှုနှင့် ပတ်သက်၍ ဖမ်းဆီးထားသော မြောက်ကိုရီးယားနိုင်ငံသားကို ပြန်လွှတ်ပေး
Reviewed by Ar Ti
on
7:45 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment