စောလားထော်ဝါးနဲ့ တွေ့ဆုံခြင်း
Myanmar Idol Season 1 ရဲ့ Winner ဆုရှင်ဖြစ်ပြီး လတ်တလောမှာလည်း ဖျော်ဖြေပွဲ အတော်များများမှာ သီဆိုနေရတဲ့ တေးသံရှင် စောလားထော်ဝါးရဲ့ မင်းသိနိုင်မလား MTV တေးအယ်လ်ဘမ် ပြင်ဆင်မှုအပိုင်း၊ နောက်ထပ်ထွက်မယ့် ဒုတိယသီချင်းခွေမှာ ပြောင်းလဲထားတဲ့ သီချင်းပုံစံတွေ၊ Myanmar Idol ပြိုင်ပွဲဝင်နေစဉ်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲတွေနဲ့ လက်ရှိ ပြိုင်ပွဲဝင်နေကြသူတွေအပေါ် အားပေးစကားတွေကို The Voice က တွေ့ဆုံမေးမြန်းထားပါတယ်။
Voice : ပထမဦးဆုံး ထွက်ထားတဲ့ မင်းသိနိုင်မလား အခွေကို ပရိသတ်အားပေးမှုက တော်တော်လေး များခဲ့တာဆိုတော့ အဲဒီအပေါ် ခံစားချက် ဘယ်လိုဖြစ်ခဲ့လဲ။
SLHW : ကျွန်တော့်အခွေမှာ သီချင်းအသစ်တွေ၊ အဟောင်းတွေကို ပြန်ဆိုတေး အနေနဲ့ ဆိုထားတယ်။ အများအားဖြင့် သီချင်းဟောင်းတွေကို လူကြီးတွေကလည်း ကြိုက်ကြတဲ့အတွက် ကျွန်တော် ပျော်မိတယ်။ ကျွန်တော်က အဲဒီလောက်အထိ မမျှော်လင့်ထားဘူး။ ကျွန်တော့်ရဲ့ ကြိုးစားမှုတစ်ခု အရာထင်ခဲ့တဲ့အတွက်လည်း မပြောပြတတ်အောင် ပျော်ရွှင်မိပါတယ်။
Voice : လတ်တလော အနုပညာ လှုပ်ရှားမှု ဘာတွေ လုပ်နေလဲ။
SLHW : အခုလောလောဆယ်မှာ မင်းသိနိုင်မလား တေးအယ်လ်ဘမ်ကို MTV ရိုက်နေတယ်။ နောက်တစ်ခွေ ထပ်ထွက်ဖို့အတွက် လောလောဆယ်တော့ မရှိသေးဘူး။ ထွက်ဖြစ်အောင်တော့ ကြိုးစားနေပါတယ်။
Voice : ကိုယ်တိုင် ဘယ်နှပုဒ် ဝင်သရုပ်ဆောင်ထားလဲ။
SLHW : ကျွန်တော်က နှစ်ပုဒ်၊ သုံးပုဒ်လောက်တော့ ပါဝင်ပြီး တတ်နိုင်သလောက်လေး သရုပ်ဆောင်ထားတယ်။ တခြား ကျန်တဲ့မင်းသား၊ မင်းသမီးတွေ ပါဝင်ပြီးတော့ ကျွန်တော့်အခွေမှာ ပါဝင်အားဖြည့် သရုပ်ဆောင်ပေးထားကြပါတယ်။
Voice : သီချင်းတွေကို အတိုးအလျှော့ ရှိလား။ ဘယ်တော့လောက် ထွက်ဖြစ်မလဲ။
SLHW : အကုန်လုံး ပြန်ထည့်မှာပါ။ လောလောဆယ်တော့ ကျွန်တော်တို့ တစ်ဝက်လောက်ပဲ ပြီးသေးတော့ ထွက်ဖို့အချိန်ကို အတိအကျ ပြောလို့ မရသေးဘူး။
Voice : ပရိသတ်ကို သီချင်းသစ်တွေ ထပ်ချပြဖို့ အစီအစဉ် ရှိလား။
SLHW : ရှိပါတယ်။ တတ်နိုင်သလောက်တော့ အများကြီး ထုတ်ချင်တယ်။ ကျွန်တော်ကြိုက်တဲ့ သီချင်းတွေကို ရှာပြီးတော့ စုနေတယ်။ ထွက်ဖို့က တော်တော် ကြာဦးမယ်။
Voice : အစ်ကိုက သီချင်းအေးအေးလေးတွေ အဆိုများတော့ ဒုတိယ တေးအယ်လ်ဘမ်မှာ ပရိသတ်အတွက် မတူတဲ့ ဂီတသံစဉ်တွေ ပါဦးမလား။
SLHW : ပရိသတ်တွေ ကြိုက်မယ့် အပြောင်းအလဲတော့ စဉ်းစားထားတယ်။ ကျွန်တော့်အသံက Slow နဲ့ ပိုလိုက်တယ်။ ကျွန်တော်က Rock, Pop ကြိုက်တယ်။ တတ်နိုင်သလောက်တော့ ကျွန်တော် ကြိုးစားပြီးတော့ သီဆိုမှာပါ။ နောက်တစ်ခွေမှာတော့ သီချင်းစတိုင်မျိုးစုံ ပါဝင်အောင် လုပ်ဖြစ်မှာပါ။
Voice : ပရိသတ်တွေဆီက ဘယ်လို Feedback ပြန်ကြားရလဲ။
SLHW : ပရိသတ် တော်တော်များများက လားလားဆိုရင် Slow နဲ့ ပိုလိုက်တယ်လို့ ပြောကြတယ်။
Voice : ဂျပန်-မြန်မာ ချစ်ကြည်ရေး ပွဲတော်မှာ စောလားထော်ဝါး ဆိုပြီး ပိုအသိအမှတ် ပြုလာကြတယ်လို့ ပြောနေကြတဲ့အပေါ် ဘာများ ပြောချင်လဲ။
SLHW : အရင်ဆုံးက ပရိသတ်တွေနဲ့ ထိတွေ့ခွင့်ရတဲ့အတွက် ပျော်တယ်။ ပရိသတ်တွေ တော်တော်များများ ပြောကြတယ်။ ကျွန်တော့်သီဆိုမှုနဲ့ပတ်သက်ပြီး တော်တော်လေး ကြိုက်ကြတယ်။ အရင်က လားလား ဆိုတာ မသိတဲ့လူတွေတောင် အဲဒီဖျော်ဖြေပွဲကနေ တော်တော်များများ သိသွားကြတယ်။ အဲဒီအတွက် ကျွန်တော် ပျော်ပါတယ်။ ကျွန်တော့်ကြိုးစားမှု တစ်ခုအတွက် အသိအမှတ် ပြုခံရတာပါ။
Voice : ပြညောမှေိုသူ ပြိုင်ပွဲ က ကိုယ့်ဘဝကို ဘယ်လောက်ထိပြောင်း လဲသွားစေခဲ့လဲ။
SLHW : ကျွန်တော့်ဘဝမှာ မမေ့နိုင်တဲ့ အရာတစ်ခု။ မမေ့နိုင်တဲ့အရာဆိုတာ ပြညောမှေိုသူ အစီအစဉ်က စပြီး တော့ ပြိုင်ပွဲပြီးတဲ့အချိန်အထိ အရမ်းဝမ်း သာတယ်။ ကျွန်တော့်ဘဝကို ပြောင်းလဲ လိုက်တဲ့ အဆင့်တစ်ခုဆို မမှားဘူး။
Voice : Myanmar Idol ကို ဘယ်လို အချက်တွေကြောင့် ဝင်ရောက် ယှဉ်ပြိုင်ဖြစ်တာလဲ။
SLHW : Myanmar Idol မပြိုင်ခင် တခြားပြိုင်ပွဲ တော်တော်များများ ဝင်ရောက် ပြိုင်ဖူးတယ်။ ဂီတတံခါးလေးတို့၊ သံစဉ်များက လင်းလက်ကြယ်တို့တွေ ပြိုင်ဖြစ်တယ်။ အဲဒီအချိန်မှာ Myanmar Idol ပေါ်လာတယ်။ ဒီပြိုင်ပွဲကို အဓိကပြိုင်ဖြစ်ဖို့က ကျွန်တော့်အမေ၊ ဦးလေး အဲဒီကနေ ကျွန်တော့်ကိုပြိုင်ဖို့ ပြောလာတယ်။ အဲဒီကနေ ကျွန်တော် သွားပြိုင်ဖြစ်တယ်။ အစတုန်းက မပြိုင်ဖြစ်ဘူးလို့ ထင်ထားတာ။ အရှေ့မှာ အိပ်မက်ဆုံရာ၊ Melody World တို့ ဘာတို့ရှိတာ ကျွန်တော်သွား မပြိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်က ခရစ်ယာန်တစ်ယောက် ဖြစ်တဲ့အတွက် ဘုရားရဲ့ အလိုတော်လို့ ထင်တယ်။
Voice : ပြိုင်ပွဲတစ်လျှောက် စိန်ခေါ်မှုတွေ ကြုံတဲ့အခါ ဘယ်လိုမျိုး စိတ်လှုပ်ရှားခဲ့ရလဲ။
SLHW : ကျွန်တော်ပြိုင်နေချိန်မှာ အားပေးတဲ့ ပရိသတ်လည်းရှိတယ်။ အားမပေးတဲ့ ပရိသတ်လည်းရှိတယ်။ ဖေ့စ်ဘွတ်ခ်မှာ သူတို့ ပြောချင်တာတွေကို ကျွန်တော့်ကို တော်တော်လေး ရေးထားကြတယ်။ ဒါပေမဲ့ ကိုယ့်ရည်ရွယ်ချက်က ဒီပြိုင်ပွဲကို ပြီးအောင် ပြိုင်ရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။ ပြီးတော့ ပြိုင်ပွဲမှာ ကိုယ်အတတ်နိုင်ဆုံး၊ အကောင်းဆုံး Winner တစ်ယောက်ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ယှဉ်ပြိုင်တာပေါ့။ ဘေးက ဝေဖန်မှုတွေ တော်တော်များများကို ခံနိုင်ရည်ရှိအောင်တော့ တော်တော်လေးကို ကြိုးစားခဲ့ရတယ်။
Voice : ပြိုင်ပွဲတိုင်းမှာ ဝေဖန်မှုတွေက ရှိနေတော့ အဲဒီဝေဖန်မှုတွေကို ဘယ်လိုမျိုး ကျော်ဖြတ်ခဲ့လဲ။
SLHW : ပြိုင်ပွဲတိုင်းမှာ ဝေဖန်မှုတွေက အမျိုးမျိုး ကြုံရမှာပဲ။ အဓိက ကျွန်တော်က သူတို့ရဲ့ Comment တွေကို ကျွန်တော် လိုက်ကြည့်တယ်။ ဒါတွေကလည်း လျစ်လျူ ရှုထားလို့ မရဘူး။ သူတို့ မကောင်းကြောင်း ပြောတဲ့အတွက်ကြောင့် တစ်ခါတလေ သူတို့ မကောင်းပြောလို့သာ ကိုယ့်ရဲ့အမှားတွေကို တွေ့မြင်ရတာပေါ့နော်။ အဲဒီအချိန်မှာ သူတို့ ထောက်ပြတာက တချို့ ကိုယ်လိုနေတာတွေရှိတော့ ကိုယ့်ရဲ့အမှားတွေကို ပြောင်းလဲဖို့ ရတဲ့အတွက် အားမပေးတဲ့သူတွေကို ကျေးဇူး အများကြီး တင်မိတယ်။
Voice : ခုလက်ရှိ Myanmar Idol ပြိုင်ပွဲမှာ ပရိသတ် Voting ပေးတဲ့စနစ်ကို အမျိုးမျိုး ဝေဖန်မှုတွေ ရှိနေတော့ ဒီ Voting စနစ်နဲ့ Winner ရထားတဲ့သူ တစ်ယောက်အနေနဲ့ ဘယ်လိုမြင်မိလဲ။
SLHW : ပရိသတ် အားပေးမှုဖြစ်တဲ့အတွက် သူတို့မှာ ပြောပိုင်ခွင့် ရှိတယ်။ ကိုယ်လည်း အဲဒီလိုပဲ ကျော်ဖြတ်လာရတယ်။ ကျွန်တော် ပြောချင်တာက ပရိသတ်ရဲ့ အားပေးမှု အရေးကြီးတယ်။ သူတို့ ကောင်းတယ်ဆိုရင် ကောင်းတယ်၊ မကောင်းဘူးပြောရင် မကောင်းဘူး။ အလကားနေ ပရိသတ်က မကြည့်ဘဲနဲ့ မပြောပါဘူး။ သူတို့တွေ့လို၊ သူတို့မြင်လို့ ပြောကြတာပေါ့။ အရေးကြီးတာက ပရိသတ် ဘယ်လောက်ပဲပြောပြော ပြိုင်ပွဲဝင်တွေက ကိုယ့်ရည်မှန်းချက်တွေကို ရောက်အောင် သွားဖို့က အရေးကြီးတယ်။
Voice : ပရိသတ်တစ်ယောက် အနေနဲ့ဆို ခုလက်ရှိ Myanmar Idol ပြိုင်ပွဲဝင်တွေထဲမှာ ဘယ်သူ့ကို အားပေးဖြစ်လဲ။
SLHW : ကျွန်တော် အကုန်လုံးကို ကြိုက်တယ်။ အကုန်လုံးကို အားပေးတယ်။ ဘယ်သူကောင်းတယ်၊ မကောင်းဘူးဆိုတာ ပရိသတ်တွေမှာ မျက်လုံးတွေ၊ နားတွေ ပိုများတော့ သူတို့က ပိုသိတာပေါ့။ ကျွန်တော့်မှာလည်း ကိုယ့်ခံယူချက်နဲ့ ရှိတာပေါ့။ ဘယ်သူ ကောင်းတယ်၊ ဘယ်သူ မကောင်းဘူးဆိုတာ ရှိတာပေါ့။ အကုန်လုံးက တော်ပါတယ်။ ပရိသတ်တစ်ယောက်အနေနဲ့ အကုန်လုံးကို အားပေးပါတယ်။ ဝါသနာပါတဲ့သူတွေ အချင်းချင်းဆိုတော့ အတိအကျတော့ မရှိဘူး။
Voice : ပြိုင်ပွဲဝင်တွေကို ဘယ်လိုမျိုး အားပေးချင်လဲ။
SLHW : Myanmar Idol Season 2 မှာ ဝင်ရောက် ယှဉ်ပြိုင်ကြတဲ့ မောင်နှမတွေ အခုပြိုင်ပွဲတွေ ဆက်သွားကြပြီ။ ဆက်လက်ပြီးတော့ ကြိုးစားကြပါ။ အားပေးတဲ့ ပရိသတ်တွေ အများကြီး ရှိတယ်။ ကိုယ့်ကိုအားပေးတဲ့ ပရိသတ်တွေ ရှိသလို အားမပေးတဲ့ ပရိသတ်တွေ ရှိတယ်။ Fan တွေလည်း တစ်ယောက်နဲ့ တစ်ယောက် တူတာမှ မဟုတ်တာ။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ကိုယ့်ရည်မှန်းချက် ပန်းတိုင်ကို ဆက်သွားကြပါ။
Voice : သရုပ်ဆောင်အနေနဲ့ ကမ်းလှမ်းမှုတွေကို ကြုံရပြီလား။
SLHW : ရွှေသံလွင် မမီးက ကျွန်တော့်ကို သရုပ်ဆောင်လုပ်မလား ပြောတယ်။ ကျွန်တော် ဝါသနာပါတာက ဂီတ၊ သီချင်း ဆို ဝါသနာပါတာ။ လောလောဆယ်မှာ အဲဒီလိုမျိုး သရုပ်ဆောင်တာ လုပ်ဖြစ်မလား မသိဘူး။ ကိုယ့်အခွေထဲမှာ သရုပ်ဆောင်ထားတာတောင် တော်တော်လေးကို ကြိုးစားပြီး အကောင်းဆုံး လုပ်ထားရတာ။ ဟိုဘက်ကို မသွားဖြစ်သေးဘူး။ ဇာတ်ကား ရိုက်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု မရှိဘူး။ ပြီးတော့ ကိုယ်က မြန်မာစကားကို ကောင်းကောင်း ပီပီပြင်ပြင် မပြောတတ်ဘူး။ ပရိသတ်တွေ ပြောမှာ စိုးရိမ်တယ်။ အဲဒီအတွက် ယုံကြည်မှုက မရှိဘူး ဖြစ်နေတယ်။
Voice : ပရိသတ်ကို ဘာများ ဖြည့်စွက် ပြောချင်တာရှိလဲ။
SLHW : Myanmar Idol Season 1 ကနေ အခုချိန်ထိ အားပေးတဲ့ ပရိသတ်ကို ကျေးဇူးတင်တယ်။ ကျွန်တော် ဆက်လက်ပြီးတော့ ပရိသတ်တွေအတွက် ဆက်လုပ်သွားမှာပါ။ အဲဒီအတွက် ပရိသတ်ရဲ့ အားပေးမှုက လိုအပ်ပါတယ်။ ကျွန်တော့်ကို မပြောင်းလဲဘဲ ဆက်လက် အားပေးကြပါလို့ ပြောချင်ပါတယ်။
ဆုအိနြေ္ဒဦး
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment