Latest News

Thursday, March 30, 2017

သီချင်းကြိုက်ပန်းလည်းကြိုက်တဲ့အတိုင်ပင်ခံဂုဏ်ပြုခံမအေးချမ်းအောင်

သီချင်းကြိုက်ပန်းလည်းကြိုက်တဲ့အတိုင်ပင်ခံဂုဏ်ပြုခံမအေးချမ်းအောင်
 

ပြီးခဲ့တဲ့နှစ်က ကျနော်တို့ တို့ပြည်တို့မြေအဖွဲ့သားတွေ ကလောမြို့ကို ရောက်ရှိနေစဉ်မှာ အဖွဲ့ခေါင်းဆောင် ကိုသန်းဝင်းထွဋ်က အောင်ပန်းမှာ မျက်စိ ချို့ယွင်း နေပေမယ့် ကွန်ပျူတာနဲ့ ဘာသာပြန်အလုပ် လုပ်နေတဲ့ ကောင်မလေးတယောက် ရှိတယ်။ အဲဒါ တို့ပြည်တို့မြေ အစီအစဉ်မှာ ထည့်သင့်တယ်လို့ပြောလို့ ကျနော်တို့အဖွဲ့ အောင်ပန်းမြို့ကို သွားရောက်ခဲ့ပါတယ်။ အောင်ပန်းမြို့ကို ရောက်တော့ ဒေသခံတွေရဲ့ အကူအညီနဲ့ မအေးချမ်းအောင် ရဲ့ နေအိမ်ကို ကျနော်တို့အဖွဲ့ ရောက်သွား ခဲ့ပါတယ်။ စံပယ်မြိုင်ဆေးခန်းလို့ ဆိုင်းဘုတ်လေးတပ်ထားတဲ့ နှစ်ထပ်အိမ်လေးက မအေးချမ်းအောင်ရဲ့ အိမ်ပါပဲ။

ကျနော်တို့အဖွဲ့ သူတို့ အိမ်လေးကို ရောက်သွားချိန်မှာတော့ မအေးချမ်းအောင်နဲ့ သူ့မိခင် ဒေါက်တာဒေါ်သန်းနုတို့က ဖော်ဖော်ရွေရွေနဲ့ လက်ခံစကားပြောခဲ့ပါတယ်။ ကျနော်တို့ ရိုက်ကူးရေးအကြောင်းတွေ ဆွေးနွေးပြီး မနက်ဖြန်မှာ ရိုက်ကူးရေး စလုပ်မှာ ဖြစ်တဲ့အ ကြောင်း၊ သူတို့မိသား စုအကြောင်းတွေ ပြောပြရင်း ရင်းနှီးမှုတွေ ရယူနိုင်ခဲ့ပါတယ်။

မိခင်ဖြစ်သူကလည်း အရင်က သမဝါယမဆေးခန်းမှာ ဆရာဝန်ဖြစ်ခဲ့တော့ အခု သမီးနဲ့ အတူနေပြီး ဆေးခန်းနဲ့ ဈေးထဲမှာ ဆေးဆိုင်လေး ဖွင့်ဖြစ်ပြီး နေထိုင်တဲ့ အကြောင်းတွေ၊ သမီးဖြစ်သူရဲ့ အကြောင်းတွေ၊ မျက်လုံး ကွယ်ခဲ့ရတဲ့ အကြောင်းအရင်းတွေကို ပြောပြခဲ့ပါတယ်။ မအေးချမ်းအောင် ကလည် သူ့ဘဝ၊ သူ့ခံစားချက်တွေကို ပွင့်ပွင့်လင်းလင်း ရင်းရင်းနှီးနှီး ပြောပြခဲ့ပါတယ်။

■ပန်းကြိုက်တဲ့ မအေးချမ်းအောင်

ကျနော်တို့ အဖွဲ့ မအေးချမ်းအောင်အကြောင်းတွေ ရိုက်ကူးရေးလုပ်တော့ မအေးချမ်းအောင်က နှင်းဆီပန်းလေး ပန်ထားတယ်။ Interview လုပ်တဲ့သူက ပန်းကလေးတွေ ကြိုက်လားလို့ မေးလိုက်တော့ “ကျမ ပန်းလေးတွေကို အရမ်းကြိုက်တယ်၊ မမြင်ရပေမယ့် ပန်းလေးတွေအကြောင်းကို မေမေက ပြောပြတယ်၊ ဒါက နှင်းဆီပန်း ဘယ်လိုအရောင်ရှိတယ်၊ အပင်က ဘယ်လိုမျိုးတွေ ဆိုတာတွေကို ပြောပြတယ်”လို့ ပြောခဲ့လို့ ကျနော်တို့ ကင်မရာ ရိုက်ကူးနေသူတွေ ကရုဏာ သက်ခဲ့မိပါသေးတယ်။

ပတ်ဝန်းကျင်မှာ၊ ခြံထဲမှာ၊ ငှက်ကလေးတွေ အသံကို ကြားရင် နားစွင့်ကြည့်နေတတ်တယ်။ ဘာငှက်လေးတွေလဲ၊ ဘာအရောင်တွေလဲ၊ သူ မမြင်နိုင်ပေမယ့် သူ သိနေတယ်။ ငယ်ငယ်တုန်းက သူ့အမေ ပြောပြဖူးတဲ့ ငှက်ကလေးတွေကို အသံကြားပြီး သူ မှတ်မိနေတယ်။

အနှိမ်ခံရတဲ့ဘဝ အားမငယ်အောင် သူ့ကိုယ်သူ ကြိုးစား တည်ဆောက်ရတာ ကိုလည်း ပြောပြပါတယ်။
ဆယ်တန်း အောင်တော့ ၂၀၀၆ ခုနှစ် ပညာသင်နှစ်မှာ တက္ကသိုလ်ဝင်တန်းကို ဝိဇ္ဇာတွဲနဲ့ တနိုင်ငံလုံး ပထမရခဲ့ပါတယ်။ တနိုင်ငံလုံးက ထူးချွန် ကျောင်းသားတွေကို ပညာရေး ဝန်ကြီးနဲ့တွေ့ဖို့ နေပြည်တော်ကို ဖိတ်ကြားခံရတဲ့ အထဲမှာ မအေးချမ်းအောင် ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် ပညာရေး ဝန်ကြီး ဒေါက်တာ အေးချမ်းနဲ့ တွေ့ဆုံဖို့ကို မျက်မမြင် ဖြစ်နေလို့ ချန်ထားခံခဲ့ရပါတယ်။ ဒါတွေကို နောက်ပိုင်းမှ ပြန်သိခဲ့ရတဲ့ အတွက် အခုချိန်ထိ အနာကြည်းဆုံး ဖြစ်ရပ် တခု ဖြစ်နေတယ် ငိုသံပါနဲ့ ပြောခဲ့ပါတယ်။

ကိုယ့်အားကိုယ်ကိုးတတ်တာကိုလည်း တွေ့ခဲ့ရပါတယ်။ သူ့ဘာသာ အပေါ်ထပ် တက်လိုက်၊ အောက်ထပ် ဆင်းလိုက်၊ ဘုရားပန်းလဲ၊ သောက်တော်ရေ လဲတာတွေလည်း မြင်ခဲ့ရပါတယ်။ သူ့အိမ်ရှေ့ခန်း နောက်ခန်းတွေမှာ သူ့ဘာသာ စမ်းတဝါးဝါးနဲ့ ဖြည်းဖြည်းချင်း သွားလာလှုပ်ရှားနေတယ်။ ပန်းခြံထဲ ဆင်းပြီး ဒန်းစီးတယ်။ ခြံစည်းရိုး တံခါးကို ပိတ်တယ်။ သူ့ဘာသာပဲ အဝတ်လဲ၊ သနပ်ခါးသွေး လိမ်းတတ်တယ်။ သူ့ဘာသာပဲ ထမင်းခူးပြီး ထမင်းပန်းကန်ကိုလည်း သူ့ဘာသာ ဆေးကြောနေတတ်တာ မြင်ခဲ့ရပါတယ်။

“ဒီအိမ်က ပစ္စည်းတွေကို မရွှေ့မပြောင်းဘဲ ထားတယ်၊ နေရာရွှေ့ရင် သမီးက မမြင်တော့ တိုးမိ တိုက်မိ ခိုက်မိတာတွေ ဖြစ်လို့ ဘယ်ပစ္စည်းမှ မရွှေ့ဘဲ ထားရတဲ့ အကြောင်း သူ့မိခင်က ပြောပြပါတယ်။

■သီချင်းတွေလည်း ကြိုက်တဲ့သူ

ဘယ်သီချင်းတွေ နားထောင်လဲ၊ ဘယ်သီချင်းတွေ ကြိုက်လဲ မေးကြည့်တော့။ သူ့ဘာသာပဲ ကွန်ပျူတာဖွင့် အင်တာနက် ဖွင့်ပြီးတော့ youtube ထဲက သူ အကြိုက်ဆုံး သီချင်းတပုဒ် ဖွင့်ပြတယ်။

‘အကြိမ်ကြိမ်အခါခါ ရှုံးလည်း’ လို့ အစချီတဲ့ ‘ယုံကြည်တာတွေ မစွန့်လွှတ်လိုက်ပါနဲ့’ ဆိုတဲ့သီချင်း။ သီချင်းထဲက နီနီခင်ဇော် အသံဟာလည်း ဝမ်းနည်းသံနဲ့။ အသံတိုးတိုးနဲ့ လိုက်ဆိုညည်းနေတဲ့ အေးချမ်းအောင် အသံကလည်း ဝမ်းနည်းသံပါပဲ။

■အပြာရောင်ကြိုက်တဲ့ အေးချမ်းအောင်

နောက်တနေ့ မနက်မှာတော့ တို့ပြည်တို့မြေ ရိုက်ကူးရေး စတဲ့အခါမှာတော့ သူ ဝတ်ထားတာက သူ့စိတ်ကြိုက် ဒီဇိုင်းချုပ်ထားတဲ့ မိုးပြာရောင်။ သူ့စိတ်ကြိုက်ဒီဇိုင်း နောက်ဆုံးပေါ်လေးတွေ ဆိုင်မှာ သူကိုယ်တိုင် အပ်တဲ့ အကြောင်း။ သူ့စိတ်ကြိုက်အရောင် အပြာရောင် အကြောင်း သူ့အမေကလည်း ရယ်ရယ်မောမော ပြောပြတယ်။

သူ့အကြိုက်ဆုံး အရောင်က အပြာရောင်။ သူ ငယ်ငယ် ကလေးဘဝက မော့ကြည့်ခဲ့ရတဲ့ ကောင်းကင်ပြာရောင်။ အခု သူ မမြင်နိုင်တော့တဲ့ ကောင်းကင်ပြာ အရောင်။

■အသည်းကွဲဖူးတဲ့ မိန်းကလေး

မန္တလေးတက္ကသိုလ်မှာ ကျောင်းတက်တုန်းက အကြောင်းတွေ သူ ပြန်ပြောပြတယ်။ သူ့အမေကိုတော့ သူ မကြားစေချင်ဘူး၊ သူ့အမေကိုတော့ ပြောမပြဘူးလို့ ပြောပါတယ်။

အရင်က သူ အသည်းကွဲဖူးတယ်။ ချန်ထားခံခဲ့ရဖူးတယ်။ အနာဂတ်စီမံကိန်း အကြောင်း မေးကြည့်တဲ့အခါမှာတော့ အိမ်ထောင်ရေး စိတ်ကူးကတော့ မဖြစ်နိုင်တော့ လောက်ပါဘူး လို့လည်း ဝမ်းနည်းသံနဲ့ ပြောပြဖူးတယ်။

သူ့အမေကတော့ သူ့သမီးငယ် အိမ်ထောင်ရေး အတွက် စိတ်ပူတယ်၊ သူ့ကို နားလည်နိုင်တဲ့သူနဲ့ မတွေ့မှာကို စိုးရိမ်တယ် လို့ ပြောပါတယ်။

■ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ချီးကျူးတဲ့ အေးချမ်းအောင်

၂၀၁၇ ခုနှစ် မတ်လ ၂၈ ရက်နေ့မှာတော့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးရဲ့ ပြည်သူသို့ ကျေးဇူးတင်လွှာ မှာတော့ အောင်ပန်းမြို့က အမြင်အာရုံ ချို့ယွင်းနေတဲ့ မိန်းကလေး မအေးချမ်းအောင်ကို ရွေးချယ်ပြီးတော့ ထုတ်ပြန်ခဲ့ပါတယ်။ မအေးချမ်းအောင်နဲ့ အတူ ကျနော်တို့ တို့ပြည်တို့မြေ အဖွဲ့သားတွေလည်း ဂုဏ်ယူပါတယ်။

အမြင်အာရုံ ချို့ယွင်းနေပေမယ့် ကွန်ပျူတာကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးချတတ်တဲ့ မအေးချမ်းအောင် က ကွန်ပျူတာမှာ ကျနော်တို့ကို ရိုက်ပြလိုက်တဲ့ စာကြောင်းလေး တကြောင်းကတော့…
It’s better to light a candle than to curse the darkness.
(အမှောင်ကို ကျိန်ဆဲနေတာထက် ဖယောင်းတိုင် တတိုင်ကို ထွန်းညှိလိုက်တာ ပိုကောင်းပါတယ်)

■ဂုဏ်ယူပါတယ် မအေးချမ်အောင်

နိုင်ငံတော် အတိုင်ပင်ခံရဲ့ ဂုဏ်ပြုဆု ရရှိခဲ့တဲ့ မအေးချမ်းအောင် ကတော့ “ဆုရမယ်လို့ မမျှော်လင့်ထားတဲ့ အခါကျတော့ ပထမတော့ အံ့သြ သွားတယ်၊ ပြီးတာ့ ပျော်သွားတယ်” လို့ ပြောကြား ခဲ့ပါတယ်။ ပြီးတော့ မသန်စွမ်းထဲကနေ ဆုရယူနိုင်ခဲ့တဲ့ အတွက် ဘဝတူ မောင်နှမတွေကိုလည်း အခုလို ပြောခဲ့ပါတယ်။

“ညီမတို့အားလုံးမှာ ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက် အားနည်းချက်တွေ ရှိနေပေမယ့် ကျန်တဲ့ ကိုယ့်အားသာတဲ့ အပိုင်းတွေ အများကြီး ရှိတယ်။ ကိုယ်အသုံးချနိုင်တဲ့ အပိုင်းတွေ အသုံးချပြီးတော့ ကိုယ်ဖြစ်ချင်တဲ့ နေရာ ရအောင် နည်းလမ်းတွေ ရှာကျန်ပြီး အကောင်းဆုံး လုပ်သွားကြပါလို့” တိုက်တွန်းပြောဆိုခဲ့ ပါတယ်။ ဆုပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကိုတော့ “ကျေးဇူးလည်း တင်တယ်၊ အရမ်းလည်း ချစ်တယ်၊ အရမ်းလည်း လေးစားတယ်” လို့ ကြည်နူးစရာ အသံလေးနဲ့ ပြောဆိုခဲ့ပါတယ်။

လက်ရှိ အချိန်မှာတော့ မအေးချမ်းအောင်ကို ဒီဗွီဘီ ရုပ်သံဌာနက ဒေါ်ခင်မင်းဇော် တင်ဆက်နေတဲ့ လှုပ်လှုပ် ရှားရှား ကမ္ဘာတလွှား အစီအစဉ်ရဲ့ ပင်တိုင် ဘာသာပြန် အဖြစ် လုပ်ကိုင်နေပါတယ်။

အောင်ကျော်ဇော/ဒီဗွီဘီ

No comments:

Post a Comment