မြန်မာနိုင်ငံ၌ အိမ်ထောင်စု ၁၀ သန်းကျော်တွင် ၆ ဒသမ ၅ သန်းမှာ
လျှပ်စစ်မီးမရရှိသေး
မြန်မာနိုင်ငံ၌ အိမ်ထောင်စုပေါင်း ၁၀ သန်းကျော်တွင် ၆ ဒသမ ၅ သန်းမှာ လျှပ်စစ်မီးမရရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး လျှပ်စစ်၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောကြားသည်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်နိုင်ရန်သာမက လျှပ်စစ်မီး မရရှိသေးသည့် ၆၅ ရာခိုင်နှုန်းသော အိမ်ထောင်စုများထံသို့ မီးသွယ်တန်းပေးနိုင်ရန် လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ အထူးလိုအပ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး၏ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲမှ သိရသည်။
နိုင်ငံတွင်းရှိ အိမ်ထောင်စုပေါင်း ၁၀ သန်းကျော်တွင် ၆ ဒသမ ၅ သန်း လျှပ်စစ်မီး မရရှိသေးဘဲ လက်ရှိလျှပ်စစ်ရနေသည့် ၃ ဒသမ ၅ သန်း၏ လာမည့်နှစ် အသုံးပြုမည့် ဓာတ်အားကို ပြည့်မီအောင် ထုတ်လုပ်လျှင်ပင် ငွေကျပ် ၉၀၀ ဘီလျံအထိ အရှုံးခံရမည်ဖြစ်ကြောင်း ဒေါ်နီလာကျော်က ပြောကြားသည်။
တစ်နှစ်ထက်တစ်နှစ် တိုးတက်လာမည့် ဓာတ်အားလိုအပ်ချက်ကို ပြည့်မီစွာ ပေးစွမ်းနိုင်စေရန်အတွက် လျှပ်စစ်ထုတ်လုပ်ရေးတွင် သာမက သွယ်တန်းမှုနှင့် ဖြန့်ဖြူးမှု အပိုင်းများတွင် ပြင်ဆင်ရန်နှင့် အဆင့်မြှင့်တင် တိုးချဲ့နိုင်ရန် လိုအပ်နေပြီး နှစ်တိုင်းအနည်းဆုံး မဂ္ဂါဝပ် ၅၀၀ ဓာတ်အားပေးစက်ရုံ တစ်ရုံတိုးချဲ့ဆောက်လုပ်နိုင်မှ လိုအပ်ချက်ကို ၂၀၃၀ ပြည့်နှစ်တွင် ကာမိနိုင်မည်ဖြစ်ကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ပြောကြားသည်။
ADB ၏ တွက်ချက်မှုအရ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီးရရှိရန် စုစုပေါင်း ခန့်မှန်းအမေရိကန်ဒေါ်လာ ၄၅ ဘီလျံအထိ ရင်းနှီးမြှုပ်နှံရန် လိုအပ်နေပြီး ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုအတွက် အဓိက အတားအဆီးမှာ လက်ရှိဈေးဖြင့် ရောင်းချလျှင် ထုတ်လုပ်မှုစရိတ်ကို မည်သို့မျှ မကာမိနိုင်ဘဲ အရှုံးပေါ်မည့် အခြေအနေဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အားသုံးစွဲမှုမှာ ယူနစ်သန်းပေါင်း ၁၉၀၀၀ ကျော် ရှိလာမည်ဟု လျာထားပြီး လျှပ်စစ်တစ်ယူနစ်ရောင်းတိုင်း ၂၃ ဒသမ ၁ ကျပ် အရှုံးပေါ်ကြောင်း၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဒေါက်တာထွန်းနိုင်က ပြည်ထောင်စုလွှတ်တော်၌ ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်း၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် သာမန်ရငွေသုံးငွေလျာထားချက်သည် ယခင်နှစ်၏ ပြုပြင်ပြီး ခန့်မှန်းခြေထက် အရှုံးပိုမိုလျာထားခဲ့ရခြင်းမှာ မြန်မာနိုင်ငံတွင် နှစ်စဉ်လျှပ်စစ်ဓာတ်အား သုံးစွဲမှု တိုးတက်လျက်ရှိကြောင်း၊ ယခင်နှစ်က တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ၁၇၈၁၂ ယူနစ်သန်းပေါင်းဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှုမှာ ယူနစ်သန်းပေါင်း ၁၉၅၉၃ အထိ ရောက်ရှိလာမည်ဟု တွက်ချက်လျာထားကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သိရသည်။
Eleven Media Group
Subscribe to:
Post Comments (Atom)
No comments:
Post a Comment