ပြင်သစ်သမ္မတ မိန့်ခွန်းပြောနေစဉ် ရဲတပ်ဖွဲ့စနိုက်ပါသမားက မတော်တဆ ပစ်ခတ်မှုဖြစ်
ပြင်သစ်သမ္မတ ဖရန်ဆွာဟော်လန်ဒေး မိန့်ခွန်းပြောကြားနေစဉ် ရဲတပ်ဖွဲ့ဝင် စနိုက်ပါသမားတစ်ဦးက မတော်တဆ ပစ်ခတ်ခဲ့မှုကြောင့် လူနှစ်ဦး ဒဏ်ရာရသွားကြောင်း သိရပါတယ်။ ဗီလော့နွန်မြို့ရှိ ပြင်သစ်သမ္မတ ဟော်လန်ဒေး မိန့်ခွန်းပြောကြားနေတဲ့ နေရာမှာ ၃၂၈ ပေအကွာ အဆောက်အအုံ ခေါင်မိုးပေါ်မှာ လုံခြုံရေးစောင့်ကြပ်နေတဲ့ ရဲတပ်ဖွဲ့ဝင် စနိုက်သမားဟာ နေရာရွှေ့ပြောင်းစဉ် မတော်တဆ ပစ်ခတ်မိခဲ့တာ ဖြစ်ပါတယ်။
စနိုက်ပါကျည်ဆန်ဟာ သမ္မတဟော်လန်ဒေး မိန့်ခွန်းပြောကြားတဲ့ နေရာရှိ ယာယီရွက်ဖျင်တဲအမိုးကို ဖောက်ထွက်သွားပြီး လူနှစ်ဦးကို ထိမှန်ခဲ့ပါတယ်။ သေနတ်ထိမှန် ဒဏ်ရာရသူနှစ်ဦးဟာ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေ မရှိဘူးလို့ ဆိုပါတယ်။
စနိုက်ပါဖြင့် မတော်တဆ ပစ်ခတ်မှုဖြစ်ပွားချိန်မှာ ဟော်လန်ဒေးက ရထားလမ်းသစ်ဖွင့်ပွဲ မိန့်ခွန်းပြောကြားနေခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်မှုကြောင့် မိန့်ခွန်းပြောမှု ခေတ္တရပ်နားခဲ့ရပေမဲ့ ရုတ်ရုတ်သဲသဲ မဖြစ်ခဲ့ဘူးလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့ဝင် စနိုက်ပါသမားရဲ့ မတော်တဆ ပစ်ခတ်မှုကြောင့် ဟိုတယ်ဧည့်ကြိုခေါင်းဆောင်နဲ့ ရထားလမ်းဝန်ထမ်းတို့ ဒဏ်ရာရခဲ့ပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး တရားဥပဒေအရ စုံစမ်းစစ်ဆေးမှု ပြုလုပ်နေကြောင်း ဒေသအာဏာပိုင်တွေက ပြောပါတယ်။
သမ္မတဟော်လန်ဒေးက ဒဏ်ရာရခဲ့သူနှစ်ဦးထံ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။ ပြင်သစ်မြို့တော် ပါရီမှာ ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၃ ရက်က လူ ၁၃၀ သေဆုံးခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှု ဖြစ်ပွားပြီးနောက်ပိုင်း လုံခြုံရေးအတွက် အမြင့်ဆုံး တပ်လှန့်ထားပါတယ်။ ယမန်နှစ် ဇူလိုင်လအတွင်းကလည်း ပြင်သစ်တောင်ပိုင်း နိစ်မြို့မှာ လူအုပ်အတွင်း ကုန်တင်ကားဖြင့် အကြမ်းဖက်ဝင်တိုက်မှုကြောင့် လူ ၈၆ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့ပါတယ်။
Source & Photo: Telegraph
Duwun
Wednesday, March 1, 2017
ပြင်သစ်သမ္မတ မိန့်ခွန်းပြောနေစဉ် ရဲတပ်ဖွဲ့စနိုက်ပါသမားက မတော်တဆ ပစ်ခတ်မှုဖြစ်
ပြင်သစ်သမ္မတ မိန့်ခွန်းပြောနေစဉ် ရဲတပ်ဖွဲ့စနိုက်ပါသမားက မတော်တဆ ပစ်ခတ်မှုဖြစ်
Reviewed by Ar Ti
on
9:39 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment