ယခုနှစ်အတွင်း မြို့နယ်ပေါင်း ၇၀ ရှိ ကျန်းမာရေးဌာနများတွင် လိုအပ်သောဆေးဝါး၊ လူအင်အားနှင့် အဆောက်အအုံများ ဖြည့်ဆည်းမည်
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အကောင်အထည်ဖော် လုပ်ဆောင်နေသည့် အမျိုးသားကျန်းမာရေး စီမံကိန်း (၂၀၁၇-၂၀၂၁) ကို ဘဏ္ဍာနှစ်အလိုက် တစ်ဆင့်ချင်း လုပ်ဆောင်သွားမည်ဖြစ်ရာ ပထမအဆင့်အနေဖြင့် ယခု ၂၀၁၇ ခုနှစ်အတွင်း မြို့နယ်ပေါင်း ၇၀ ရှိ ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများတွင် လိုအပ်သောဆေးဝါး၊ ဆေးပစ္စည်း၊ လူအင်အားနှင့် အဆောက်အအုံများ ဖြည့်ဆည်းပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမျိုးသားကျန်းမာရေး စီမံကိန်း ရေးဆွဲရေး အဖွဲ့ခေါင်းဆောင် လက်ထောက်အတွင်းဝန် ဒေါက်တာသန့်စင်ထူးက ပြောကြားသည်။
ဝေးလံခက်ခဲဒေသများ အပါအ၀င် မြို့ နယ်နှင့် အောက်ကျေးလက်ဒေသများ၌ ပဏာမ ကျန်းမာရေးစောင့်ရှောက်မှုစနစ် တစ်ပြေးညီရရှိရန် အမျိုးသားကျန်းမာရေး အစီအစဉ် ပထမငါးနှစ် (၂၀၁၇-၂၀၂၁) ခုနှစ်အတွင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း၊ ၀န်ကြီးဌာနအနေဖြင့် လက်ရှိတွင် လူတိုင်း လက်လှမ်းမီသည့် ကျန်းမာရေးစနစ် (UHC) ရရှိရေးအတွက် အရေးပါသည့်လုပ်ငန်းစဉ်တစ်ခုဖြစ်သော အမျိုးသားကျန်းမာရေး အစီအစဉ် (၂၀၁၇-၂၀၂၁) ကို ရေးဆွဲလုပ်ဆောင် လျက်ရှိကြောင်း၊ ၂၀၃၀ ပြည့်နှစ်မှစ၍ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လူတိုင်းလက်လှမ်းမီသည့် သာတူညီမျှ ကျန်းမာရေးလွှမ်းခြုံမှုစနစ် စတင်လုပ်ဆောင်သွားရန် ရည်မှန်းထားကြောင်းနှင့် ၂၀၂၀ ပြည့်နှစ်တွင် ပဏာမ ကျန်းမာရေး စောင့်ရှောက်မှုအားလုံးကို မည်သည့်ဒေသ၊ မည်သည့်နေရာများတွင် နေထိုင်သည်ဖြစ်စေ တူညီသော စောင့်ရှောက်မှုရရန် ဦးတည် ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနှစ်မှာ မြို့နယ် ၇၀ ကို ရွေးချယ်ပြီးတော့ ကျန်းမာရေးဌာနတွေအတွက် လိုအပ်တဲ့ ဆေးနဲ့ဆေးပစ္စည်း အပိုင်း၊ လည်ပတ်မှု မရှိသေးတဲ့ ကျေးလက်ကျန်းမာရေးဌာနနဲ့ ဌာနခွဲတွေကို ပြန်လည်တည်ဆောက်ရေး အပိုင်း၊ ပျက်စီးနေတဲ့နေရာတွေကို ပြန်လည် ပြုပြင်ခြင်းအပိုင်းနဲ့ လိုအပ်တဲ့လူအင်အား ဖြည့်တင်းခြင်းအပိုင်းတွေကို လုပ်ပါမယ်။ ဒီနှစ်အတွင်းမှာ ဒါတွေလုပ်ဖို့ စီမံထားပါတယ်။ ဒီလိုလုပ်မယ့်အတွက်ကြောင့် လိုအပ်တဲ့ မြို့နယ်စာရင်း ရွေးချယ်ခြင်းဆိုင်ရာကိစ္စ၊ နည်းပညာဆိုင်ရာ ကိစ္စတွေကို လုပ်ပြီးပါပြီ။ အတည်ပြုဖို့အတွက်ကတော့ သက်ဆိုင်ရာပြည်နယ်/တိုင်းမှာရှိနေတဲ့ ကျန်းမာရေးဦးစီးဌာနမှူးတွေ၊ ၀န်ကြီးဌာနက တာဝန်ရှိသူတွေရယ်၊ လိုအပ်ရင်တော့ ပြည်နယ်/တိုင်းလူမှုရေး ၀န်ကြီးနဲ့ ၀န်ကြီးချုပ်တွေရယ် ညှိနှိုင်းပြီးတော့ ဘယ်မြို့နယ်တွေကို ပထမဆုံး ဦးစားပေးသင့်သလဲ ဆိုတာကို အတည်ပြုရပါမယ်။ အတည်ပြုပြီးရင် ဆောင်ရွက်ပေးမယ့် ပစ္စည်းစာရင်းတွေကို ချထားပေးပါ့မယ်။ ဘယ်လောက်ကုန်မလဲဆိုတဲ့ ကုန်ကျစရိတ်ကိုလည်း တွက်ချက်ပြီးပါပြီ။ လိုအပ်တဲ့ ပစ္စည်းစာရင်း၊ လူအင်အား၊ အဆောက်အအုံ ဖြည့်တင်းတဲ့ လုပ်ငန်းတွေကို လုပ်ဆောင်ပါမယ်” ဟု ဒေါက်တာ သန့်စင်ထူးက ပြောကြားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှုမှာ ၂၀၁၁- ၂၀၁၂ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၈၆၅၈၂၈၇၁ ၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၃၄၉၆၃၀၉၆၇၊ ၂၀၁၃- ၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၄၈၅၂၆၃၂၉၈၊၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် တွင် ကျပ်သန်းပေါင်း ၇၀၈၉၄၉၀၀၆၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၈၄၅၅၅၃၃၆၂၊၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကျပ်သန်းပေါင်း ၈၅၀၆၄၄၇၀၆ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။
အိသဉ္ဇာကျော်
Eleven Media Group
Friday, March 3, 2017
ယခုနှစ်အတွင်း မြို့နယ်ပေါင်း ၇၀ ရှိ ကျန်းမာရေးဌာနများတွင် လိုအပ်သောဆေးဝါး၊ လူအင်အားနှင့် အဆောက်အအုံများ ဖြည့်ဆည်းမည်
ယခုနှစ်အတွင်း မြို့နယ်ပေါင်း ၇၀ ရှိ ကျန်းမာရေးဌာနများတွင် လိုအပ်သောဆေးဝါး၊ လူအင်အားနှင့် အဆောက်အအုံများ ဖြည့်ဆည်းမည်
Reviewed by Ar Ti
on
9:33 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment