ဂုဏ်ပြု ချီးကျူးထိုက်သူ အဖြစ် မျက်မမြင် အမျိုးသမီးငယ် ၁ ဦးကို ရွေးချယ်
မျက်စိ ၂ ဖက်လုံး အမြင်အာရုံ ဆုံးရှုံးခဲ့ပေမယ့် ပညာရေးဘက် မှာလည်း ထူးချွန်ပြီး လက်ရှိမှာ မသန်စွမ်း အရေး ဆောင်ရွက်နေတဲ့ အသက် ၂၇ နှစ် အရွယ် လူငယ် တယောက်ကို ဖေဖော်ဝါရီလ အတွက် ဂုဏ်ပြု ချီးကျုးထိုက်သူ အဖြစ် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ရွေးချယ်လိုက်ပါတယ်။
ရခိုင် တိုင်းရင်းသား ဖခင်နဲ့ ဓနု လူမျိုး မိခင်တို့ ကနေ မွေးဖွားခဲ့တဲ့ မအေးချမ်းအောင် ဟာ မွေးရာပါ ညာဘက် မျက်လုံး အမြင်အာရုံ ချို့ယွင်းခဲ့သူ ဖြစ်ပြီး အသက် ၁၀ နှစ်လောက်မှာ ဘယ်ဘက်မျက်လုံး လည်း လုံးဝ အလင်း ကွယ်ခဲ့ပါတယ်။ ဒါပေမယ့် မအေးချမ်းအောင် ဟာ မိခင်ဖြစ်သူရဲ့ အားပေး ကူညီမှုနဲ့ ကြိုးစား လာခဲ့ရာမှာ ၂၀၀၆ ခုနှစ် တက္ကသိုလ် ဝင်တန်း စာမေးပွဲမှာ မြန်မာ တနိုင်ငံလုံး ဝိဇ္ဇာဘာသာတွဲ ပထမ အဆင့်နဲ့ ထူးချွန်စွာ အောင်မြင်ခဲ့ပြီး မန္တလေး နိုင်ငံခြား ဘာသာသင် တက္ကသိုလ်ကနေ အင်္ဂလိပ်စာ အဓိကနဲ့ B.A (English) ဘွဲ့ကို ရရှိခဲ့ပါတယ်။
လက်ရှိမှာ မအေးချမ်းအောင် ဟာ သူတတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ သူ့လို အမြင်အာရုံ မသန်စွမ်းသူတွေကို ပြန်လည် ဖေးမ ကူညီပေးနေသလို မသန်စွမ်းရေးရာ အဖွဲ့အစည်းတွေ မှာလည်း ပါဝင် ဆောင်ရွက်နေတယ် လို့ ဆိုပါတယ်။
အင်္ဂလိပ် - မြန်မာ ဘာသာပြန်ခြင်း လုပ်ငန်းနဲ့ အသက် မွေးဝမ်းကျောင်း ပြုနေတဲ့ သူဟာ မသန်စွမ်းတွေ တန်းတူ ညီမျှရေး ပိုမို ဆောင်ရွက်နိုင်ဖို့ နိုင်ငံခြား တက္ကသိုလ်မှာ မဟာဘွဲ့ ရယူသွားနိုင်ဖို့ ရည်ရွယ်ထားသူ လို့လည်း သိရပါတယ်။
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ လစဉ် ပြည်သူသို့ ကျေးဇူးတင်လွှာ ထုတ်ပြန်လေ့ ရှိပြီး လူငယ် လူရွယ်တွေ ကြိုးစားကြဖို့ တိုက်တွန်းတဲ့ အနေနဲ့လည်း ဖေဖော်ဝါရီလ အတွက် မအေးချမ်းအောင် ကို ထုတ်ဖော် ဂုဏ်ပြုလိုက်တာ ဖြစ်ပါတယ်။ DVB
Subscribe to:
Post Comments (Atom)
No comments:
Post a Comment