လုယက်မှု၊ ခိုးမှုများဖြင့် လူ ၂၀ဝ ခန့်ကို ဖမ်းဆီး
မန္တလေး၊ မတ် ၁
မန္တလေးတိုင်းအတွင်း လုယက်မှု၊ ခိုးယူမှုကျူးလွန်သူ ၂၀ဝ ခန့်ကို နှစ်လတာအတွင်း ဖမ်းဆီးခဲ့ရကြောင်း မန္တလေး ခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
ခိုးမှုကျူးလွန်သူများ၊ လုယက်မှု ကျူးလွန်သူများနှင့် မသင်္ကာသူများကို မန္တလေးတိုင်းရဲတပ်ဖွဲ့၊ ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ် ရဲစခန်းများက ဖမ်းဆီး စစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီးစိန်ထွန်းက ပြောကြားသည်။
“ခိုးမှု ကျူးလွန်တဲ့သူတွေရော အရင်အမှုတွဲက ကျန်တဲ့သူတွေရောကို ဖမ်းဆီးထားတာပါ။ ၂၀၁၇ ခုနှစ် ပထမ နှစ်လအတွင်းမှာ တစ်တိုင်းလုံး အတိုင်းအတာနဲ့ လူနှစ်ရာနီးပါး ရှိတယ်”ဟု ၎င်းက ပြောဆိုသည်။
ကျူးလွန်သူ ၅၀ ကျော်ကို မန္တလေး တိုင်းရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီးထားပြီး ခရိုင်ရဲတပ်ဖွဲ့က ၄၆ ဦးနှင့် မြို့နယ်၂၈ ခုရှိ နယ်မြေ ရဲစခန်းများက ကျူးလွန်သူ ၁၀ဝ ကျော်ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တိုင်းရဲတပ်ဖွဲ့ မှုခင်း မှတ်တမ်းများအရ သိရသည်။
မန္တလေး ခရိုင်အတွင်း ယခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလအတွင်း လုယက်မှု ၁၅ ကြိမ် ဖြစ်ပွားခဲ့ရာ ယင်းတို့အနက် လုယက်မှု ကိုးကြိမ်အတွက် တရားခံများကို ဖော်ထုတ်ဖမ်းဆီး စစ်ဆေးထားပြီး ခြောက်မှုအတွက် ဖော်ထုတ်ရန် ကျန်နေသေးကြောင်း ယင်းမှတ်တမ်းအရ သိရသည်။
“လုယက်မှု ကျူးလွန်သူတွေကို ကြည့်လိုက်ရင် အသက် ၁၆ နှစ်ကနေ ၂၅ နှစ်ကြား ရှိသေးတဲ့ လူငယ်လေးတွေ ဖြစ်နေတာကို တွေ့ရတယ်။ သူတို့က ပြစ်မှုမှတ်တမ်း မရှိဖူးတဲ့အတွက် လွယ်လို့လုပ်တာလို့ ယူဆရတာပေါ့၊ ပြီးတော့ အလုပ်လက်မဲ့တွေ၊ ကျပန်း လုပ်ကိုင်သူတွေ၊ အခြေခံ အလုပ်သမားတွေ ဖြစ်နေတာ တွေ့ရတယ်”ဟု ဒုရဲမှူးကြီး စိန်ထွန်းက ရှင်းပြသည်။
ည ၁၀ နာရီ နောက်ပိုင်းတွင် လုယက်ခံရမှုများ ရှိနေသောကြောင့် သတိထား သွားလာနေရကြောင်း အသက် ၃၀ ကျော်အရွယ်ရှိ မန္တလေးမြို့ခံ တစ်ဦးက ပြောကြားသည်။
လက်ရှိအချိန်၌ မန္တလေးခရိုင်အတွင်း အုပ်စုဖွဲ့ လုယက်မှုကျူးလွန်သည့် အုပ်စုနှစ်ခုကို ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ်အတွင်းက ကားဖြင့် အုပ်စုဖွဲ့ လုယက်မှုများ ကျူးလွန်ခဲ့သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည့် အုပ်စုတစ်ခုလည်း ပါဝင်ပြီး အခြားအုပ်စုတစ်ခုတွင် အမျိုးသမီးတစ်ဦး အပါအဝင် လူခြောက်ယောက် ပါဝင်သည့်အဖွဲ့ကိုလည်း ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ကြောင်း မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးရုံး၏ စာရင်းများအရ သိရသည်။
ကားဖြင့် လုယက်သည့် အဖွဲ့သည် ၂၀၁၆ ခုနှစ်အတွင်းမှ စတင်ကာ လုယက်မှုပေါင်း ရှစ်ကြိမ်အထိ ကျူးလွန်ခဲ့ဖူးကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့ပြီး လုယက်ရာတွင် အသုံးပြုသည့် မော်တော်ယာဉ်သည်လည်း ခိုးယူထားသည့် ယာဉ်ဖြစ်နေကြောင်း မန္တလေး ခရိုင်ရဲတပ်ဖွဲ့မှ အမှုစစ် အရာရှိတစ်ဦးက ပြောဆိုသည်။
လက်ရှိတွင် မန္တလေး ခရိုင်အတွင်းရှိ မြို့နယ် ခုနစ်ခု၌ လုယက်မှု ကျူးလွန်သူများကို စောင့်ကြည့် ထိန်းချုပ်နိုင်ရေးအတွက် ညစဉ် ရဲတပ်ဖွဲ့ဝင်အင်အား သုံးဆယ်ခန့် အသုံးပြုကာ လုံခြုံရေး ဆောင်ရွက်လျက် ရှိသည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment