Latest News

Monday, March 13, 2017

လယ်သမားများ ထံက လာဘ်ငွေ တောင်းခဲ့သည် မြေစာရင်း အရာရှိ ကို ဖမ်းဆီး အရေးယူ

လယ်သမားများ ထံက လာဘ်ငွေ တောင်းခဲ့သည် မြေစာရင်း အရာရှိ

ကို ဖမ်းဆီး အရေးယူ

ပဲခူးတိုင်း အတွင်းရှိ လယ်သမားတွေ ထံကနေ ကျပ်ငွေ ၂၅ သိန်းကျော် လာဘ်ငွေတောင်းယူတဲ့ အတွက် မြေစာရင်း ဦးစီးဌာန လက်ထောက် ဦးစီးမှူး တဦးကို အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ အမှုဖွင့် ဖမ်းဆီး အရေး ယူလိုက်တယ် လို့ တောင်ငူမြို့ အမှတ် (၂) ရဲစခန်းက သိရပါတယ်။

ပဲခူးတိုင်း ဒေသကြီး တောင်ငူမြို့ အမှတ် (၂) နယ်မြေ ရဲစခန်းမှာ မတ်လ ၁၂ ရက်နေ့က တောင်ငူမြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်း ဦးစီးဌာန လက်ထောက် ဦးစီးမှူး ဦးမြင့်သိန်း (၄၂ နှစ်) ကို ဖမ်းဆီးထားတာလို့ တောင်ငူ ရဲစခန်း တာဝန်ရှိသူ တဦးက ပြောပါတယ်။

“ဟုတ်ပါတယ်။ အမှုဖွင့် ခံထားရတဲ့သူ ကိုလည်း ဖမ်းမိထားပါပြီ။ ကော်မရှင်က စစ်ဆေးပြီး တိုင်စာနဲ့ လာတိုင်တာဆိုတော့ ကျနော်တို့က စစ်ဆေးစရာ မလိုတော့ဘူး။ မနက်ဖြန် တရားတန်းစွဲမှာပါ။”

ဦးမြင့်သိန်း ဟာ တောင်ငူမြို့နယ် တိုက်နယ် အမှတ် ၁၊ တာဝန်ခံ အဖြစ် ဆောင်ရွက်စဉ်က မြောက်ရေကြည် ကျေးရွာ အုပ်စုရှိ လယ်ယာမြေ ၈၅၀ ဧကလောက် အတွက် လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်စံ (၇) ထုတ်ပေးဖို့ အတွက် ဆိုပြီး ၁ ဧကလျှင် ငွေကျပ် ၃၀၀၀ နှုန်းနဲ့ ၂၀၁၃ အောက်တိုဘာ ၁၆ ရက်မှာ ငွေကျပ် ၁၂ သိန်း၊ ၂၀၁၃ အောက်တိုဘာ ၃၁ ရက်မှာ ငွေကျပ် ၁၃ သိန်း ၅ သောင်းစုစုပေါင်း ၂၅ သိန်း ၅ သောင်းကို တောင်ငူ ၁၅ ရပ်ကွက်နေ ဦးကျော်ဝေလင်း ထံက တံစိုး လက်ဆောင် လက်ခံ ရယူခဲ့တယ် လို့ စစ်ဆေးပေါ် ပေါက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီအမှုနဲ့ ပတ်သက်ပြီး နေပြည်တော် အဂတိ တိုက်ဖျက်ရေး ကော်မရှင် ဦးစီးအရာရှိ ဦးအေးဝင်းအောင် (စစ်ဆေးရေး) ကနေပြီး မတ်လ ၁၂ ရက်နေ့မှာ တောင်ငူအမှတ် (၂) နယ်မြေ ရဲစခန်းကို လာရောက် တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။

သားကြီး(တောင်ငူ)

DVB

No comments:

Post a Comment