Latest News

Saturday, March 4, 2017

ရွှေတိဂုံစေတီတော်တွင် ငွေကြေးဖြင့် ဖိနပ်အပ်လက်ခံသည့် ကန်ထရိုက်စနစ် မတ် ၅ ရက်မှစ၍ ဖျက်သိမ်းမည်

ရွှေတိဂုံစေတီတော်တွင် ငွေကြေးဖြင့် ဖိနပ်အပ်လက်ခံသည့် ကန်ထရိုက်စနစ် မတ် ၅ ရက်မှစ၍ ဖျက်သိမ်းမည်


ရွှေတိဂုံစေတီတော်တွင် ငွေကြေးဖြင့် ဖိနပ်အပ်လက်ခံသည့် ကန်ထရိုက်စနစ်အား မတ် ၅ ရက်တွင် ဖျက်သိမ်းမည်ဖြစ်ကြောင်း ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံးမှ သိရသည်။

“ဖိနပ်အပ်တဲ့ ကန်ထရိုက်ကိစ္စနဲ့ ပတ်သက်ပြီးတော့ ၅ ရက်နေ့ ဖျက်သိမ်းသွားမယ်ဆိုတာ မှန်ပါတယ်။ ၅ ရက်နေ့ ဖျက်သိမ်းမယ်။ ၀န်ထမ်းတွေနဲ့ လုပ်မယ်” ဟု ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေက ပြောကြားသည်။

မြန်မာနိုင်ငံတစ်ဝန်း တန်ခိုးကြီးဘုရားများရှိ ဖိနပ်အပ်သည့်ဌာနများနှင့် ပတ်သက်၍ လေလံဆွဲသူများနှင့် ကန်ထရိုက်စာချုပ်သက်တမ်း ကုန်ပါက ဘုရားစေတီများရှိ ဂေါပကများနှင့် လေလံဆွဲသူများ ချုပ်ဆိုထားသည့် စာချုပ်သက်တမ်းအပေါ် မူတည်၍ စာချုပ်သက်တမ်းကုန်သည်နှင့် သက်ဆိုင်ရာဂေါပကအဖွဲ့များက တိုက်ရိုက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သာသနာရေးဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

လက်ရှိတွင် ဖိနပ်အပ်သည့်ကိစ္စနှင့် ပတ်သက်၍ ကန်ထရိုက်စနစ်ကို ဖျက်သိမ်းကာ ဖိနပ်အပ်ခြင်းများအတွက် ငွေကြေးသတ်မှတ် ကောက်ခံခြင်းမရှိဘဲ စေတနာရှိသလောက် မှန်ပုံးထဲသို့ အလှူငွေထည့်ဝင်သည့် စနစ်ကို ရန်ကုန်မြို့ ဆူးလေစေတီတွင် ၂၀၁၇ ခုနှစ် ဇန်န၀ါရီ ၁ ရက်မှစ၍ ကျင့်သုံးလျက်ရှိကြောင်း သိရသည်။

ဖိနပ်အပ်သည့် ကိစ္စများနှင့် ပတ်သက်၍ တိုင်ကြားသူများ ရှိသဖြင့် ဆူးလေစေတီတော် ဂေါပကအဖွဲ့မှ ကန်ထရိုက်ပေးသည့်စနစ်ကို ဖျက်သိမ်းကာ ဂေါပကအဖွဲ့က တိုက်ရိုက်ဝန်ထမ်းခန့် စီမံနေခြင်းဖြစ်ပြီး အောင်မြင်မှုရှိကြောင်း ဆူးလေစေတီတော်မှ ဂေါပကအဖွဲ့ရုံး ရုံးအဖွဲ့မှူး ဦးစံဝင်းက ပြောကြားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ စတုတ္ထပတ်အစပိုင်းတွင် လူမှုကွန်ရက် အသုံးပြုသူတစ်ဦးက ၎င်းသည် ရွှေတိဂုံစေတီတော်သို့ သွားရောက်ခဲ့စဉ် ဖိနပ်အပ်ရန် ကောင်တာတွင် ကျပ် ၅၀ ဟု ရေးသားထားသော်လည်း ကျပ် ၁၀၀ ကောက်ခံသဖြင့် မေးရာ ၂၀၁၅ ခုနှစ်က ရေးသားထားသော ဗီနိုင်းဟု ပြန်လည်ဖြေကြားသဖြင့် ဂေါပကအဖွဲ့သို့ သွားရောက် မေးမြန်းခဲ့ကြောင်း၊ ဖိနပ်တစ်ရန်လျှင် ကျပ်  ၅၀ ကောက်ခံသည်ဟု ဂေါပကအဖွဲ့က ပြန်လည် ဖြေကြားခဲ့ကြောင်း၊ ရွှေတိဂုံဘုရားသို့ တစ်ရက်လျှင် ဘုရားဖူး ၃၀၀၀၀ ခန့် လာရောက်သဖြင့် ၀င်ငွေမည်မျှရှိနိုင်ကြောင်း တွက်ချက်ထားသည့် ပို့စ်တစ်ခုကို Facebook လူမှုကွန်ရက် စာမျက်နှာသို့ တင်ခဲ့ရာ အသုံးပြုသူများက Like လုပ်ခြင်း၊ ပြန်လည်မျှဝေခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


နေမျိုးဝင်း


Eleven Media Group

No comments:

Post a Comment