ဟာကွက်ပျော့ကွက်များနှင့် သတင်းစာရှင်းပွဲ
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၄ နှစ်ကျော် အချိန်ယူရေးဆွဲခဲ့တာပါ။ ရေးဆွဲတုန်းက ဟာကွက် ပျော့ကွက်မရှိအောင်ရေးခဲ့တယ်လို့ ယုံကြည်လို့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကို ကျင်းပပေးခဲ့တာပါ။ ရွေး ကောက်ပွဲကျင်းပမပေးမီ ၂၀၀၈ ကို လူထုထောက်ခံတယ်ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံရှိနေသမျှ တပ်မတော်က နောက်ကျောလုံတယ်လို့ ခံစားရတာကြောင့် ၂၀၀၈ ကို ပြင်ဆင်ဖို့အတွက် အရပ်သားအမတ်အားလုံး ထောက်ခံရင်တောင် တပ်မတော်သားကိုယ်စားလှယ်တယောက် မထောက်ခံမချင်း ထောက်ခံမဲအရေအတွက် ၇၅ ရာခိုင်နှုန်းမကျော်ရင် ပြင်ဆင်လို့မရပါဘူး။
သမ္မတအထက်မှာ ကာလုံအဖွဲ့ရှိနေပြီး ကာလုံက သမ္မတထက် သြဇာရှိနေတာတောင် ၂၀၁၅ ရွေးကောက်ပွဲမှာ အင်အယ်လ်ဒီပါတီ အပြတ်အသတ်နိုင်လို့ ဘယ်လိုမှမဖြစ်ပါဘူး။ တပ်မတော်က နိုင်ငံရေးထဲက ဆုတ်ခွာဖို့ဆိုတာ ၁၅ နှစ်၊ နှစ် ၂၀ အချိန်ဆွဲဖို့ ဆုံးဖြတ်ထားပုံရပါတယ်။ ဒါကြောင့် ဘယ်သူဘယ်လို ဝေဖန် ဝေဖန် ၂၀၀၈ ဖွဲ့စည်းပုံကို မရအရအတည်ပြုခဲ့တာပါ။
၁၉၈၈ ကစလို့ တပ်မတော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် တက်လာရင် မကောင်းဘူးဆိုတာကို နည်းမျိုးစုံ ၀ါဒဖြန့်ထားပြီးသားပါ။ ဒါပေမဲ့ ၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ အင်အယ်လ်ဒီက သောင်ပြိုကမ်းပြိုနိုင်ခဲ့တယ်။ ပြင်ဦးလွင်၊ ဗထူး၊ ပြည်တပ်မ ၆၆၊ မှော်ဘီ၊ မင်္ဂလာဒုံစတဲ့ တပ်မြို့တွေမှာပါ အင်အယ်လ်ဒီကနိုင်ခဲ့တယ်။ ထင်ထားတာနဲ့ တခြားစီ ထွက်လာတဲ့ရလဒ်ကြောင့် ကမ္ဘာသိပေးထားတဲ့ ကတိတွေ ဘာတွေ ဘာမှအရေး မစိုက်နိုင်တော့ဘူး။ ပြောင်ပြောင်တင်းတင်း အာဏာမလွှဲဘဲနေတယ်။ ဗိုလ်စောမောင်ကို အနားပေးတယ်။ ဗိုလ်သန်းရွှေကို တင်တယ်။ ဗိုလ်နေ၀င်းလက်ထက်ကစပြီး ဗိုလ်သန်းရွှေလက်ထက်ထိ အာဏာကို လက်မလွှတ်ဖို့ စီမံထားတာတွေကို ၂၀၀၈ ဖွဲ့စည်းပုံကြောင့် နောက်ကျောလုံတယ်ထင်ထားတာတောင်၊ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ မဲဆန္ဒနယ် ၄၄ ခုအနက် ၄၃ နေရာ အင်အယ်လ်ဒီနိုင် လိုက်တယ်။ နောက်ပိုင်းမှာ အမျိုးဘာသာသာသနာဆိုတဲ့ လူမျိုးရေး ဘာသာရေးလက်နက်တခု ထွက်ပေါ်လာပြန်တယ်။
မြန်မာဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေက အလွန်ရိုးသားကြတော့ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအပြီး ဘုန်းကြီးကျောင်းတွေထဲ ထောက်လှမ်းရေးတွေဝင်လာပြီး ဘုန်းကြီးဝတ်နဲ့နေတာတွေကို မသိကြပါဘူး။ အဘက်ဘက်ကပြင်ဆင်ထားတဲ့ ဦးသိန်းစိန်အစိုးရနဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ၂၀၁၅ ရွေးကောက်ပွဲကို ၂၆ ရာနှုန်းလောက်တော့ အေးအေးဆေးဆေးနိုင်မယ်လို့ တွက်ထားတာပါ။ ရွေးကောက်ပွဲကျင်းပတဲ့နေ့က ပြည်ခိုင်ဖြိုးက ဦးဌေးဦးပြောတဲ့စကား၊ သူတို့ ၉၀ ရာနှုန်းနိုင်မယ်လို့ ခန့်မှန်းပြခဲ့တယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒီနေ့ (၈-၁၁-၂၀၁၅)ရက်နေ့ ထွက်လာတဲ့ မဲရလဒ်ကို ဘယ်သူမဆို လက်ခံရမယ်ပြောလိုက် တယ်။ ညနေဘက်မဲရုံတွေပိတ်ပြီး မဲရေနေချိန်မှာပဲ ပြည်ခိုင်ဖြိုး တပြည်လုံးအတိုင်းအတာနဲ့ မဲရှုံးပြီဆိုတာ သိနေပြီ။ ၈-၁၁-၂၁၀၅ ရက်နေ့ ညပြိုင်ပွဲဝင် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်အားလုံး ၀န်ကြီး၊ ဒုဝန်ကြီးအားလုံးကို ဦးသိန်းစိန်က နေပြည်တော်ပြန်ခေါ်တယ်။ ပြောတဲ့စကားက သိပ်မများဘူး။ လုပ်လက်စ စီမံကိန်းအားလုံး ရပ်လိုက်ဆိုတာပါပဲလို့ ပြည်ခိုင်ဖြိုးအ၀န်းအ၀ိုင်းထဲကပဲ စကားတွေ ပြန်ထွက်လာပါတယ်။
အဲဒီညဟာ ပြည်ခိုင်ဖြိုးအစိုးရ အိပ်လို့မပျော်တဲ့ည စိတ်သောကအကြီးအကျယ်ရောက်တဲ့ညဖြစ်မယ်လို့ ထင်ရပါတယ်။ လက်ရှိကမ္ဘာကိုလည်း စကားတွေလွန်ထားတယ်။ ရွေးကောက်ပွဲနိုင်တဲ့ပါတီကို အာဏာလွှဲပေး မယ်လို့လည်း နှုတ်ကျွံထားတယ်။ ကမ္ဘာ့အခြေအနေ မြန်မာ့အခြေအနေကလည်း ၁၉၉၀ ပြည့်နှစ်နဲ့ မတူတော့ဘူး။ ဒါကြောင့် ဘယ်လိုမှမတတ်သာလို့ အာဏာလွှဲခဲ့တာပါ။ အင်အယ်လ်ဒီအစိုးရ ၆ လအတွင်း ပြုတ်ကျမယ်ဆိုတဲ့ ယုံကြည်ချက်ကလည်းအတွင်း စည်းမှာရှိသတဲ့။ အရပ်ဘက်ရောက်နေတဲ့ မိုးကျရွှေ ကိုယ်တွေဟာ အရပ်သားပညာတတ်ဝန်ကြီးတွေကို မလှန်နိုင်ပေမဲ့ အောက်ခြေ၀န်ထမ်းတွေကိုတော့ တချို့မိုးကျရွှေကိုယ်တွေက မအောင့်အည်းနိုင်ဘဲ တနေ့ငါတို့ပြန်လာမယ် ကြိမ်းတာ ခဏခဏဆိုပဲ။
ရခိုင်အရေး ပြည်တွင်းစစ်က တချို့နေရာတွေမှာပြန်ဖြစ် ဒေါ်လာဈေးကတက်၊ မြန်မာငွေကကျစတဲ့ ပြဿနာ ပေါင်းစုံကြားကပဲ အစိုးရသစ်က အခြေတည်နေပါတယ်။ နိုင်ငံတကာကလည်း ၀ိုင်းဝန်းကြတယ်။ အောက်ခြေမှာ လာဘ်စားပေမဲ့ ၀န်ကြီးအများစုက ကြောက်လို့ပဲဖြစ်ဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ကြောက်လို့ပဲဖြစ်ဖြစ်၊ ကိုယ်ကျင့်တရားကောင်းလို့ပဲ ဖြစ်ဖြစ် ဘယ်ဝန်ကြီးလာဘ်စားနေပြီဆိုတဲ့ သတင်း ထွက်မလာဘူး။ တစတစ တိုင်းပြည်တည်ငြိမ်လာရင် အစိုးရအခြေပိုခိုင်လာမယ်။ အဆိုးဆုံးက ၂၀၀၈ ဖွဲ့စည်းပုံထဲက ပျော့ကွက် ဟာကွက်တချို့ကိုသုံးပြီးတော့ ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အတိုင်ပင်ခံ ဖြစ်လာတာကို ဆွေ့ဆွေ့ခုန်ကြမှာပါ။
ဦးကိုနီ အင်ဒိုနီးရှားကိုသွားတဲ့ခရီးစဉ်မှာ ရခိုင်အရေးသာမက အင်ဒိုနီးရှားတပ်မတော် နိုင်ငံရေးထဲက ထွက်ခွာပုံကို လေ့လာတာလည်းပါတယ်။ ဒီခရီးမှာ စစ်ဘက်က အရာရှိတွေလည်းပါတယ်။ ဦးကိုနီကို သတ်ခိုင်းသူ အောင်ဝင်းခိုင် ကားဝင်လာတာ လေဆိပ်မှာ ပိတ်ထားတဲ့ဂိတ်ပေါက်က ၀င်တာဆိုတဲ့ ဓာတ်ပုံ တွေလည်း တက်လာတယ်။ ကြည်လင်းကို မိလိုက်လို့ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်ဆိုတဲ့ နာမည်တွေ ပေါ်လာပေမဲ့ အောင်ဝင်းခိုင်ကို မမိဘူး။
ဒေါ်အောင်ဆန်းစုကြည် ဦးကိုနီ တလပြည့် အခမ်းအနားတက်မယ်ဆိုတဲ့ သတင်းထွက်ပေါ်လာချိန်နဲ့ မရှေးမနှောင်း သတင်းစာရှင်းလင်းပွဲလုပ်မယ်ဆိုပြီးဖြစ်လာတယ်။ သတင်းစာရှင်းပွဲမှာထိုင်နေသူတွေကို တီဗွီက ရိုက်ပြတော့ အရာရှိကြီးတယောက် တံတွေးမျိုချနေတာ၊ တယောက်က ရယ်ချင်တာကို ထိန်းထားတာ၊ တယောက်က အတော်ကိုယ့်ကိုယ် ကိုယ်ထိန်းချုပ်နေရတာ စတဲ့ပုံရိပ်တွေကို မြင်လိုက်ရပါတယ်။
ဒီတော့ဦးကိုနီသေမှုကြောင့် လူမျိုးရေး၊ ဘာသာရေးအရ ဗုဒ္ဓဘာသာ မြန်မာတွေဝမ်းသာကြမယ်။ အမျိုးသားရေးတံဆိပ်ကြီးကို ပြန်ကပ်သုံးခွင့်ပေါ်မယ် တွက်ထားပေမဲ့ ထင်သာထင် မ၀င်ဘူး။ ကျောင်းအမ ရေဖြစ်ခဲ့ရ။ လေဆိပ်က တက္ကစီဆရာတွေကျေးဇူးနဲ့ ကြည်လင်းကို မိလိုက်တယ်။ ဒီကြားထဲ စစ်သားဟောင်း ထောင်ထွက်က အသိအလိမ္မာတွေတိုးပြီး ၀င်ပြောဝင်ပါလိုက်တော့ လွယ်လွယ်ကူကူ အစဖျောက်လို့ ရမယ် ထင်တဲ့ လူသတ်မှုက ပြည်တွင်းမှာရော ပြည်ပမှာပါ အသံကျယ်ကြီးနဲ့ မြည်လာတယ်။ တကယ်တော့ ဗုဒ္ဓဘာသာစစ်စစ်တွေဆိုရင် ကိုယ်ပြုတဲ့အကုသိုလ်က ကိုယ့်နောက်က အရိပ်လိုလိုက်လာပြီဆိုတာ ရိပ်စားမိရ မှာပါ။
သတင်းစာရှင်းပွဲမှာ ပေါ့ပေါ့ပါးပါးပဲ တပ်ထွက်စစ်ဗိုလ်တွေက တဖက်စွန်းရောက်တဲ့ မျိုးချစ်စိတ်နဲ့လူငယ်သဘာဝ လူသတ်လိုက်တာပါလို့ရှင်းတော့ ၀က်ဝက်ကွဲ ပြည်သူသရော်တာ ခံရပြန်ပါတယ်။ ဒီသတင်းစာရှင်းပွဲမလုပ်မီက ဖေ့စ်ဘုတ်ပေါ်မှာ ပလူပျံနေတာက ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင် ဆိုတဲ့စကားပါ။ တချိန်လုံး ကမ္ဘာကြီးနှစ်ခြမ်းကွဲနေကြတာကိုရပ်ပြီး လူငယ်လေးမို့ လူသတ်တယ်။ လူငယ်သဘာဝမို့စတဲ့ သရော်လှောင်ပြောင်မှုမျိုးစုံ၊ ကဗျာမျိုးစုံ၊ ကာတွန်းမျိုးစုံ တက်လာတော့ ဘူးလက်လှဆွေခမျာ မနေသာတော့ ပါဘူး။ မိဘဆိုတာ ဘယ်အရွယ်ရောက်နေတဲ့ သားသမီးကိုပဲဖြစ်ဖြစ် ကလေးလို့ထင်ကြောင်း၊ တပ်မတော် ထဲမှာလည်း စီနီယာစစ်ဗိုလ်တွေဟာ ဂျူနီယာစစ်ဗိုလ်လေးတွေကို ကလေးလိုလူငယ်လေးတွေလို သဘော ထားကြောင်း လူငယ်ဆိုတာကို ဖေ့စ်ဘုတ်ပေါ်မှာ ဒီလောက်ဖောင်းမထုသင့်ကြောင်း ရေးရှာပါတယ်။
ဘူးလက်ကိုလည်း သနားတယ်။ တဖက်စွန်းရောက်နေတဲ့ မျိုးချစ်စိတ်ရှင်တွေကိုလည်း သနားတယ်။ ဖေ့စ်ဘုတ် ပေါ်မှာ လူထုက ဖောင်းထုနေတာ မဟုတ်ဘူး။ သရော်လှောင်ပြောင်နေတာ။ သရော်လှောင်ပြောင်နေသူဟာ သာမန်ပြည်သူတွေ။ သရော်လှောင်ပြောင်ခံနေရသူတွေဟာ ရာထူးကြီးတွေကို ယူထားသူတွေဆိုတာ ဘူးလက် မမြင်ဘူး။ မြင်နိုင်စွမ်း မရှိဘူးဆိုတော့၊ စစ်ဗိုလ်လူထွက် ဘုရားသူခိုးကလည်း တဖက်စွန်းရောက်နေတဲ့ မျိုးချစ်စိတ်ကြောင့် အမျိုးဘာသာသာသနာကို စောင့်ရှောက်တဲ့အနေနဲ့ ဘုရား ဆင်းတုတော်ခိုးပုံရပါတယ်။
ဦးကိုနီအမှု ကွင်းဆက်တရားခံထဲမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ကိုယ်ရေးအရာရှိ လုပ်ခဲ့ဖူးသူ လက်ရှိလွှတ်တော်ကိုယ်စားလှယ်တဦးလည်းပါ တယ်လို့ ဖေ့စ်ဘုတ်ပေါ်စာတွေတင်နေပေမဲ့ သတင်းစာ ရှင်းတဲ့နေ့က တာမွေက မော်ဒန်လက်ဖက်ရည်ဆိုင်မှာ အောင်ဝင်းခိုင်၊ ဇေယျာဖြိုးနဲ့ လင်းဇော်ထွန်းတို့ဟာ ဦးကိုနီပြောတဲ့စကားတွေကို မကျေနပ်ကြတာလို့ဆိုပါတယ်။ စနစ်တကျလေ့ကျင့်ပေးထားတဲ့ ထောက်လှမ်း ရေး စစ်ဗိုလ်ဟောင်းဇေယျာဖြိုး၊ တပ်ချုပ်ရဲ့ ပီအေလုပ်ခဲ့ဖူးပြီး လက်ရှိလွှတ်တော်အမတ်တယောက်ဖြစ်နေ သူတို့တိုင်ပင်စဉ် ဦးကိုနီစကားမကြိုက်ကြောင်း ပြောစရာကို ဘယ်လိုနည်းနဲ့မှ လူပေါင်းစုံတဲ့လက်ဖက်ရည် ဆိုင်နေရာမျိုးကို ရွေးမယ်မထင်ပါဘူး။ လူထုက ငါတို့ကြိုတွေးထားတဲ့အတိုင်းပဲ တရားခံအစစ်ကို မဖော်ထုတ် ပေးဘူး။ အောင်ဝင်းခိုင် လူ့ပြည်မှာရှိသေးရဲ့လား။ လွတ်မြောက်ရာနေရာ ဒါမှမဟုတ် လက်စဖျောက်ခံ လိုက်ရပြီလားလို့ ရှားလော့ဟုမ်းအတွေးမျိုး တွေးကြတာပါ။
မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိပါဘူး။ ဦးကိုနီလို ဥပဒေခေါင်းကို ပစ်ဖောက်ပြီးတဲ့နောက် နောက် ထပ်ဘယ်လိုပစ်မှတ်တွေ ထွက်ပေါ်လာဦးမလဲ။ တရားဥပဒေစိုးမိုးရေးကို ပျက်ပြားအောင် ဘယ်လိုလုပ်ကြဦး မလဲဆိုတာကို သတိကြီးကြီးနဲ့စောင့်ကြည့်ရမယ့်အနေအထားပါ။
ဒုတိယဗိုလ်မှူးကြီးအဆင့်၊ ဗိုလ်အဆင့်၊ ဗိုလ်ကြီးအဆင့်နဲ့ တပ်ကထွက်လာသူတွေ အထုတ်ခံရသူတွေ ကြီးမားလှတဲ့ ခြံမြေတိုက်တာတွေ၊ ကုမ္ပဏီသုံးလေးခုပိုင်ဆိုင်နေတာတွေ ဘယ်ကငွေတွေနဲ့ ပိုင်ဆိုင်နိုင်နေကြသလဲ။
ဘုရားသူခိုး စစ်ဗိုလ်ဟောင်းကလည်း တိုက်နဲ့ကားနဲ့။ ဒုဗိုလ်မှူးကြီးအဆင့်နဲ့ထွက်လာသူကလည်း သုံးထပ် တိုက်ကြီးနဲ့ ကားနဲ့အစုစပ်ကုမ္ပဏီနဲ့။ ၂၀၀၄ မှာ ထောက်လှမ်းရေးတွေကို ဖြုတ်ထုတ်ထောင်ချလုပ်တုန်းက ပြုတ်တဲ့ ဇေယျာဖြိုးလို ဗိုလ်ကြီးအဆင့်လောက်နဲ့ ထွက်လာသူကလည်း ကုမ္ပဏီသုံးလေးခု ပိုင်ဆိုင်လို့ဆိုတော့၊ ဒီလိုလူတွေမှ အစွန်းရောက်အမျိုး မချစ်ကြရင် ဘယ်သူတွေများ မျက်စိစုံမှိတ် အစွန်းရောက်မျိုးချစ်စိတ်နဲ့ ဘာသာကိုင်းရှိုင်းသူဖြစ်ပါရဲ့။ လူ့အသက်တချောင်းကို ပျော်ပျော်ပါးပါး သတ်ရဲပါ့မလဲ။ သြော် များလိုက်တဲ့ ဟာကွက်ပျော့ကွက်တွေက သတင်းစာရှင်းပွဲမှာ မြင်နေရတော့ ဖောင်းထုတာမဟုတ် စိတ်ထွက်ပေါက်အတွက် သရော်လှောင်ပြောင်ရုံသာ တတ်နိုင်တဲ့ မြန်မာပြည်သူတွေရယ်ပါ။
ခင်နှင်းဦး
News Watch
Subscribe to:
Post Comments (Atom)
No comments:
Post a Comment