ကဝတ်အထက်တန်းကျောင်းအုပ်ကြီးကိစ္စ တိုင်ကြားမှုများမှန်ကန်နေ၍ အမှုဖွင့်ရန် တိုင်းအစိုးရအစည်းအဝေးတွင် ဆုံးဖြတ်ပြီး ပြည်ထောင်စုအစိုးရသို့ တင်ပြမည်
မတ် ၄ ။ ။ မြောင်းမြမြို့နယ်၊ ကဝတ်အထက်တန်းကျောင်းအုပ်ကြီးအား ဌာနတွင်းစစ်ဆေးမှုမှာ တိုင်ကြားမှုများမှန်ကန်ကြောင်း စစ်ဆေးတွေ့ရှိသည့်အတွက် ငွေကြေးကို တစ်ဦးထဲ အလွဲသုံးစားမှုကို ပညာရေးဌာနအနေဖြင့် အမှုဖွင့်သင့်ကြောင်း တိုင်းဒေသကြီးအစိုးရအဖွဲ့၏ မတ်လ ၃ရက်က ပြုလုပ်သည့် အစည်းအဝေး၌ ဆုံးဖြတ်ခဲ့သည်။
"ဌာနတွင်းစစ်ဆေးမှုမှာ ကျောင်းအုပ်ကြီးဟာ ပြစ်မှုကျူးလွန်တာ ထင်ရှားတဲ့ အစီရင်ခံစာတက်ပါတယ်။ တိုင်ကြားထားတဲ့အချက် ၃ချက်မှာ ပြင်ပကျောင်းကို စာအုပ်တွေရောင်းတာရယ်၊ ကျောင်းကိုပေးတဲ့ ငွေတွေကို တစ်ဦးထဲအလွဲသုံးစားတဲ့ ကိစ္စတွေဟာ ပေါ်လွင်တယ်ဆိုတဲ့ အကြောင်းကို အစီရင်ခံစာမှာ တင်ထားတာတွေ့ရပါတယ်”ဟု ဧရာဝတီတိုင်း၊ လူမှုရေးဝန်ကြီးဒေါက်တာလှမြတ်သွေးက မဇ္ဈိမသို့ပြောသည်။
"တိုင်းဒေသကြီးအစိုးရအနေနဲ့ကတော့ အစီရင်ခံစာမှာ ရာထူးကထုတ်ပယ်တယ်ဆိုတာ ဝန်ထမ်းဘဝကထုတ်ပယ်တာမဟုတ်ဘူး။ ဒီကျောင်းအုပ်ဆရာကြီးဟာ ဝန်ထမ်းကနေထုတ်ပယ်သင့်တယ်၊ သူဟာ ငွေရေးကြေးရေးအလွဲသုံးစားလုပ်ထားတာထင်ရှားတဲ့အတွက်ကြောင့် ပညာရေးဝန်ကြီးဌာနကအမှုဖွင့်သင့်ပြီး တရားစွဲသင့်တယ်။ တိုင်ကြားထားတဲ့ ဆရာဆရာမတွေဟာမြို့နယ်၊ ခရိုင်၊ တိုင်း ဆင့်ဆင့်မတိုင်ကြားဘဲ အထက်ကို တိုင်ကြားတဲ့အတွက်ကြောင့် စာနဲ့သတိပေးသင့်တယ် ဆိုတာပါတယ်"ဟု ဝန်ကြီးက ဆက်လက်ရှင်းပြသည်။
တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစည်းအဝေးဆုံးဖြတ်ချက်များအား မတ်လ ဒုတိယအပတ်တွင် ပြည်ထောင်စုသို့ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်းသိရှိရသည်။
အဆိုပါကျောင်းအုပ်ကြီးအမှုအား စစ်ဆေးနေစဉ်ကာလအတွင်းမှာပင် ၎င်းအား အပြစ်မရှိဘဲ စွပ်စွဲခံရကြောင်း နှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် သက်ဆိုင်ရာများက အမြန်ဆောင်ရွက်ပေးရန် မြောင်းမြမြို့တွင် မတ်လ၃ရက်က ကျောင်းသားမိဘအချို့က ဆန္ဒထုတ်ဖော်ခဲ့သည်။
ဆန္ဒဖော်ထုတ်ပွဲတွင် "ကျောင်းအုပ်ဆရာကြီးဦးအောင်အောင် အားလုပ်ကြံဖန်တီး သိက္ခာကျအောင်လုပ်ဆောင်သူ ကဝက်အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမ ၅ဦးအား အရေးယူပေး၊ ဖြစ်ရပ်မှန်မဟုတ်ဘဲ သတင်းမီဒီယာအချို့နှင့်တွေ့ဆုံ၍ သတင်းမှားများ ဖန်တီးလုပ်ဆောင်သော ကဝက်အခြေခံပညာအထက်ကျောင်းမှ ဆရာဆရာမ ၅ဦးတို့အား အရေးယူပေး” စသည့်ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ကဝတ်ကျေးရွာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီးဦးအောင်အောင်သည် ၂၀၁၆ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုစဉ် မြောင်းမြမြို့၌တည်းခိုနေစဉ် ဒဿမတန်းကျောင်းသားများအား ဓမ္မတာနှင့်ဆန်ကျင်လိင်တူဆက်ဆံမှုပြုလုပ်ခြင်း၊ ကျောင်းသားကျောင်းသူများထံ ငွေကြေးကောက်ခံခြင်း၊ ဌာနဆိုင်ရာ ညွန်ကြားချက်များကို လိုက်နာမှု မရှိခြင်း ကျောင်းထောက်ပံ့ကြေးသုံးစွဲရာတွင် ပွင့်လင်းမြင်သာမှုမရှိခြင်းစသည့် အချက်များဖြင့် တိုင်တန်းခံထားရပြီး စစ်ဆေးမှုအစီရင်ခံစာအရ ရာထူးမှ ထုတ်ပယ်သင့်ကြောင့် စစ်ဆေးရေးအဖွဲ့မှ သုံးသပ်တင်ပြထားသည်ဟုလည်း လူမှုရေးဝန်ကြီးကဆိုသည်။
ကဝတ်ကျောင်းအုပ်ကြီးအား ကျောင်းသားတစ်ဦးက ဖေဖော်ဝါရီလ၁၅ရက်တွင် မြောင်းမြမြို့မရဲစခန်း၌ ပုဒ်မ၃၇၇ဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်ပြီး၊ မြို့မရဲစခန်းမှ ပနံပတ်၇၈/၂၀၁၇ ဖြင့် အရေးယူဆောင်ရွက်လျက် ရှိသည်။
Mizzima
Saturday, March 4, 2017
ကဝတ်အထက်တန်းကျောင်းအုပ်ကြီးကိစ္စ တိုင်ကြားမှုများမှန်ကန်နေ၍ အမှုဖွင့်ရန် တိုင်းအစိုးရအစည်းအဝေးတွင် ဆုံးဖြတ်ပြီး ပြည်ထောင်စုအစိုးရသို့ တင်ပြမည်
ကဝတ်အထက်တန်းကျောင်းအုပ်ကြီးကိစ္စ တိုင်ကြားမှုများမှန်ကန်နေ၍ အမှုဖွင့်ရန် တိုင်းအစိုးရအစည်းအဝေးတွင် ဆုံးဖြတ်ပြီး ပြည်ထောင်စုအစိုးရသို့ တင်ပြမည်
Reviewed by Ar Ti
on
11:13 AM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment