ရန်ုကုန်အစိုးရ တစ်နှစ်တာ
စီးပွားရေးမြို့တော် ရန်ကုန်တိုင်း ဒေသကြီးကို အခက်အခဲများနှင့် စိန်ခေါ်မှုများ အများအပြားရှိသည့် နေရာတစ်ခုဖြစ်ကြောင်း ၀န်ကြီးချုပ်ရာထူး စတင်လက်ခံသည့်နေ့တွင် ဦးဖြိုးမင်းသိန်းက တင်စားခဲ့သည်။
ပြီးခဲ့သည့် တစ်နှစ်အတွင်း ရန်ကုန်တိုင်းအစိုးရသည် ပြု ပြင်ပြောင်းလဲမှု များစွာပြုလုပ်ခဲ့ရာတွင် ကြိုဆိုထောက်ခံမှုများနှင့်အတူ ဝေဖန်မှုများလည်းရှိခဲ့ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၄ ခုအနက် ပြည်သူများ အာရုံစိုက်မှုကို
အများဆုံးရရှိသည့် တိုင်း ဒေသကြီးတစ်ခု ဖြစ်လာခဲ့သည်။
ဝန်ကြီးချုပ်ရာထူး ရယူပြီး ရက်ပိုင်းအတွင်း ရန်ကုန်မြို့၏ နာမည်ကျော် သင်္ကြန်ပွဲတော်တွင် စီးပွားဖြစ် မဏ္ဍပ်ဆောက်လုပ်ခွင့် ပိတ်ပင်လိုက်ခြင်းဖြင့် ပွဲထွက်ခဲ့ သည့် ဦးဖြိုးမင်းသိန်း၏ လုပ်ရပ်အပေါ် ထောက်ခံသူနှင့် ၀ဖန်သူများ
အကြား အငြင်းပွားမှုများဖြစ်ပေါ် ခဲ့သည်။ သင်္ကြန်ပွဲတော်ကို ခုတုံး လုပ်၍ စီးပွားဖြစ်လုပ်ကိုင်နေသောကြောင့် ကန်ပတ်လမ်းနှင့် ကမ္ဘာအေးဘုရားလမ်းတို့တွင် မဏ္ဍပ်ဆောက်လုပ်ခွင့်မပြုခြင်းဖြစ်သည် ဟု ၀န်ကြီးချုပ်က ရှင်းလင်းခဲ့သည်။ သို့ရာတွင် အစိုးရသစ်စစချင်းတွင် ပြည်သူလူထု၏ သဘောထားဆန္ဒကို ကောက်ယူခြင်းမပြုဘဲ အချိန်ကပ်၍ ပြုလုပ်သည်ဟု လူငယ်အများစုက အထက်ပါ ပြောင်းလဲမှုကို ဝေဖန်ပြစ်တင်ကြသည်။
သင်္ကြန်ကာလနောက်ပိုင်း တွင်လည်း ပြည်သူ့ဆန္ဒဖြင့် ရွေး ချယ်တင်မြှောက်ထားသည့် ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီဝင်များကို လွှတ်တော် ၏ သဘောတူညီချက်မပါဘဲ အစိုးရအဖွဲ့ဆုံးဖြတ်ချက်ဖြင့် တာဝန်မှ ရပ်နားစေခဲ့သည်။ ပြည်သူလူထုမဲပေးရွေးချယ်နိုင်သည့် စည်ပင်သာယာရွေးကောက်ပွဲ ကျင်းပ မည့်ရက်ကို ဦးဖြိုးမင်းသိန်း ဦးဆောင်သော အစိုးရအဖွဲ့က လက်ရှိအချိန်အထိ ကြေညာနိုင်ခြင်း မရှိသေးသည့်အတွက်ဝေဖန်မှုများ
နှင့် ရင်ဆိုင်နေရသည်။
မြို့တော်စည်ပင်သာယာ ရေးကော်မတီတွင် ပြည်သူရွေးချယ်ခံ ကိုယ်စားလှယ်များ ရှိမနေသောကြောင့် လွှတ်တော်ကိုယ် စားလှယ်များက စည်ပင်သာယာလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်နေရကြောင်းနှင့် ယင်းကဲ့သို့
လုပ်ဆောင်နေ၍ လွှတ်တော်လုပ်ငန်းစဉ်များ လုပ်ဆောင်ရာ၌ နှောင့်နှေးမှုများ ဖြစ်ပေါ်နေကြောင်း လက်ရှိ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အချို့က ဝေဖန်သည်။
ထို့အပြင် ရန်ကုန်မြို့၏ အ ရေးကြီးဆုံး အစိတ်အပိုင်းတစ်ခု ဖြစ်သည့် ကျူးကျော်နေထိုင်သူ များနှင့် ပတ်သက်၍ ကျူးကျော် များဘ၀ကို ပြောင်းလဲပေးခဲ့သော အစိုးရအဖြစ် သမိုင်းဝင်ရန် ဆောင်ရွက်မည်ဟု ဦးဖြိုးမင်းသိန်းက ၎င်း၏ ၀န်ကြီးချုပ်သက်တမ်း နှစ်လမပြည့်မီ သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီးရှိ ကျူးများအတွက် နေစရာနှင့် အလုပ်အကိုင် ဖန်တီးပေးမည်ဖြစ် ကြောင်းနှင့် ယင်းကဲ့သို့ လုပ်ဆောင်ရန် ရန်ကုန်ဖွံ့ဖြိုးရေးစီမံကိန်းတစ်ရပ်ကို ၄၅ ရက်ဖြင့် အပြီးအကောင်အထည် ဖော်မည်ဖြစ်ကြောင်း
လည်း ဆိုခဲ့သည်။ အဆိုပါ ဖွံ့ဖြိုးရေးစီမံကိန်းစတင်မည့် ရက်ကို မီဒီယာများအား ထပ်မံပြောကြားမည်ဟု ဆိုသော်လည်း တစ်နှစ်ပြည့်ချိန်အထိ စီမံကိန်းအကြောင်း ပြောကြားခြင်း မရှိသေးပေ။ ကျူးကျော်များအား စာရင်း
ကောက်ယူခြင်းနှင့် သက်သေခံကတ်ပြား ထုတ်ပေးခြင်းတို့ ပြုလုပ်နေသော်လည်း အစိုးရသစ်၏ ကျူးကျော်အရေး ဖြေရှင်းနေမှုသည် ရုပ်လုံးပေါ်ခြင်း မရှိသေးသည့်အပြင် ကျူးကျော်များကို ထုတ်ပေးထားသည့် အသိအမှတ်ပြု
စမတ်ကတ်များ သိန်းဆယ်ဂဏန်းခန့်ဖြင့် ထပ်ဆင့်ရောင်းဝယ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။
အစိုးရသစ်လက်ထက်တွင် အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်ခွင့် ရပ်ဆိုင်းရန် အ မိန့်ထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွင် ပြန်လည်ခွင့်ပြုပေးခဲ့၍ နိုင်ငံရေး စောင့်ကြည့်သူအချို့နှင့် ပြည်သူ များက ၀န်ကြီးချုပ်၏ဆုံးဖြတ်ချက်
မပြတ်သားမှုအပေါ် မချင့်မရဲဖြစ်ခဲ့သည်။ သို့သော် ယင်းလုပ်ရပ်သည် တိုင်းပြည်စီးပွားရေးကို အထိနာစေခဲ့ကြောင်း ဒီချုပ်ပါတီ စီးပွားရေးကော်မတီမှ တာဝန်ရှိသူအချို့ကပင် နောက်ပိုင်းတွင် ပြောကြားခဲ့သည်။
အလားတူ ကမ်းနားလမ်း ကုန်သေတ္တာတင် ယာဉ်ကြီးများ နေ့အချိန်သွားလာမှုကို ကန့်သတ် ပြီးနောက် မကြာမီ အချိန်ပြန် လျှော့ပေးခြင်း၊ နေ့ပိုင်းပြန်လည် ဖြတ်သန်းခွင့်ပြုခြင်းတို့ကို လိုက် လျောပေးခဲ့ပြန်သည်။
ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း လက်ထက် ပထမဆုံးနှစ် ရန်ကုန် စီးပွားရေးကိုကြည့်လျှင် အိမ်ခြံ မြေဈေးကွက် နှေးကွေးသွားခြင်း၊ အလုပ်အကိုင် အခွင့်အလမ်း လျော့နည်းသွားခြင်း၊ ရန်ကုန်လိုင်စင်မပေးတော့၍ မော်တော်ယာဉ်
ရောင်းဝယ်ရေးဈေးကွက် အခက် ကြုံခြင်း စသည်တို့ တွေ့ကြုံခဲ့ရပြီး ပိုမိုကောင်းမွန်သည့် စီးပွားရေး ဖော်ဆောင်မှုကို မလုပ်ဆောင်နိုင် ခဲ့ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက သုံးသပ် သည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့သည် လုပ်သင့်လုပ်ထိုက်သည့် အပြောင်းအလဲကို လုပ်ဆောင် ရန် ကြိုးစားနေသော်လည်း အကောင်အထည်ဖော်သည့် စီမံ ကိန်းအများစုကို ပြည်သူများအား ချပြဆွေးနွေးခြင်း၊ ပညာရှင်များနှင့်
တိုင်ပင်ခြင်း အားနည်းနေသည်ဟု လက်ရှိ ရန်ကုန်တိုင်းဒေ သကြီး လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က မှတ်ချက်ပြု သည်။
‘‘မထသကနေ YBS ပြောင်း တာ လုပ်သင့်လုပ်ထိုက်တဲ့ကိစ္စ။ ပြည်သူတွေကလည်း ကြိုဆိုတယ် လေ။ ဒါပေမဲ့လည်း လောကြီးတဲ့ အခါ ပြည်သူက ကြားထဲက နာ တာပေါ့’’ဟု ၎င်းကပြောသည်။
ထို့အပြင် ပြည်သူလူထုနှင့် မီဒီယာအား ပြောကြားသည့် ဦးဖြိုးမင်းသိန်း၏ စကားလုံးအချို့သည် ပြောစမှတ်ဖြစ်ခဲ့သည်။ ‘‘မဘသအဖွဲ့ မလိုအပ်ပါ’’၊ ‘‘တရုတ်တိုင်းရင်းသား’’၊ ‘‘၀ိုင်ဘီအက်စ်ကို သုံးရက်အတွင်း စနစ်တကျ
ပြောင်းလဲနိုင်ခဲ့တယ်’’ဟူသော စကားလုံးများနှင့် ကြိုတင်ပြင်ဆင်မှုမရှိ သည်ကို ညွှန်းဆိုရာရောက်သည့် ‘‘ကွီးဖြိုးကတော့ လုပ်ချလိုက်ပြန် ပြီ’’စသည့် ရန်ကုန်မြို့ခံ ပြည်သူများ၏ ပြောစမှတ်စကားများက ရေပန်းစားခဲ့သည်။
တစ်ဖက်တွင် ယခင်အစိုးရ လက်ထက် ၀န်ကြီးချုပ်ဟောင်း ဦးမြင့်ဆွေ၏ တစ်နှစ်သက်တမ်းနှင့် ဦးဖြိုးမင်းသိန်း၏ ပထမတစ်နှစ်သက်တမ်း စွမ်းဆောင်ရည်ကို နှိုင်းယှဉ်ကြည့်ပါက ဦးမြင့်ဆွေ၏ ပထမတစ်နှစ်အတွင်း တရား
ဥပဒေစိုးမိုးရေးနှင့် လွှတ်တော်အသံကို အလေးထားပြီး ဆွေးနွေးတိုင်ပင်ညှိနှိုင်းမှုများ ပိုမိုလုပ်ဆောင်နိုင်ခဲ့သည်ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက သုံးသပ်သည်။
ရန်ကုန်တိုင်းတွင် အုပ်စုဖွဲ့ရမ်းကားမှုများနှင့် အကြမ်းဖက်မှုများကို ခွင့်ပြုမည်မဟုတ်ဘဲ ပပျောက်သည်အထိ နှိမ်နင်းမည်ဟု ပြောကြားထားသော်လည်း မင်္ဂလာဒုံ လေးလောင်းပြိုင် လူသတ်မှု၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာ
လေဆိပ် လူမြင်ကွင်း၌ တရားလွှတ်တော်ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှု၊ စမ်းချောင်းမြို့နယ်တွင် နေ့ခင်းကြောင်တောင် ဓားပြတိုက်ခံရမှု စသည့် မှုခင်းဖြစ်စဉ်များသည် အစိုးရသစ်၏ တရားဥပဒေစိုးမိုးရေးကို သရော်လှောင်ပြောင်
နေသကဲ့သို့ ဖြစ်နေသည်ဟု နိုင်ငံရေးပါတီအချို့က ဝေဖန်ကြ သည်။
ပြည်သူလူထု ရွေးချယ်တင် မြှောက်လိုက်သည့် ဒီချုပ်အစိုးရ လက်ထက်တွင် ဦးဖြိုးမင်းသိန်း အား ပြောင်းလဲချင်သည့် စိတ်ဆန္ဒရှိသူအဖြစ် အသိအမှတ်ပြုသော် လည်း ပြောင်းလဲမှုစွမ်းဆောင်နိုင်ရည်တွင် အကန့်အသတ်များ ရှိနေ သည်ကို တွေ့ရကြောင်း ဒေါက်တာ ညိုညိုသင်းကပြောသည်။
ရန်ကုန်တိုင်းအစိုးရအဖွဲ့အ နေဖြင့် အလဲဗင်းမီဒီယာဂရု(ပ်)ကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းသည် မီဒီယာကို ဖိနှိပ်ခြင်းဖြစ်ကြောင်းနှင့် ရန်ကုန်မြို့အတွက် အရေးကြီးသော ကိစ္စများစွာ
ရှိသည့်အနက် လက်ပတ်နာရီကိစ္စကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခြင်းသည် မလိုအပ်ကြောင်း ၎င်းက ဝေဖန်ထောက်ပြသည်။
ပြည်သူများ၏ မျှော်လင့်ချက်သည် ကြီးမားလွန်းပြီး ထင်သ လောက် ဖြစ်မလာသဖြင့် အားရကျေနပ်မှု နည်းပါးသွားကြောင်းနှင့် စီးပွားရေးမြို့တော်ဖြစ်၍ ပြည်သူများ၏ စီးပွားရေးနှင့် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးရန် အာရုံစိုက်လုပ်ဆောင်ပေးသင့်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ သစ်တောနှင့်စွမ်းအင်ဝန်ကြီးဟောင်း ဦးကျော် စိုးက မှတ်ချက်ပြုသည်။
‘‘အစီအမံကို သေချာပြင်ပြီး မှသာလျှင် လုပ်သင့်တာပေါ့။ မူဝါဒ ကောင်းပေသော်ငြားလည်း လက်တွေ့အကောင်အထည်ဖော်မှု မြေပြင်မှာ လိုက်လျောညီထွေမရှိတာတွေ ကြုံရတတ်တယ်။ ဆန္ဒဇောလောတိုင်း မအောင်မြင်နိုင်ဘူး’’ ဟု ၎င်းကအကြံပြုသည်။
ရန်ကုန်မြို့၌ ယာဉ်ကြောပိတ်ဆို့မှု လျော့ကျစေရန်နှင့် လူသွား ပလက်ဖောင်းများပေါ်တွင် ပြည်သူများ လွတ်လပ်စွာ သွားလာနိုင်ရန် ရည်ရွယ်၍ မြို့တွင်းရှိ လမ်းဘေးဈေးသည်များအား ကမ်းနားလမ်း ညဈေးဖွင့်လှစ်၍
ရောင်းချစေ ခဲ့ရာတွင် ကြိုဆိုထောက်ခံသူများနှင့် ကန့်ကွက်မှုအချို့ကို ကြုံတွေ့ခဲ့ရသည်။ ဈေးသည်များအား ကမ်းနားလမ်းသို့ ပြောင်းရွှေ့ ရောင်းချစေခဲ့မှုနှင့် ပတ်သက်၍ ကန့်ကွက်ဆန္ဒပြသူအချို့ရှိခဲ့သော်လည်း အများစုက
ထောက်ခံ ကြိုဆိုခဲ့သောကြောင့် ဦးဖြိုးမင်းသိန်း၏ ညဈေးတန်း သည် အောင်မြင်မှုအတန်အသင့်ရရှိခဲ့သည်ဟု ဦးကျော်စိုးက သုံးသပ်သည်။
ယခုနှစ် ဇန်န၀ါရီ ၁၆ ရက် တွင် စတင်ခဲ့သည့် မထသမှ ၀ိုင် ဘီအက်စ်ပြောင်းလဲမှုသည် ပြည်သူလူထုအကြား ရိုက်ခတ်မှုအပြင်း ထန်ဆုံးဖြစ်ခဲ့သည်။ အများပြည် သူ ၀န်ဆောင်မှုဟု ခေါင်းစဉ်တပ် ထားသည့် ၀ိုင်ဘီအက်စ်
စနစ်ပြောင်းလဲမှုတွင် ကြိုတင်ပြင်ဆင်မှု အားနည်းခဲ့ပြီး အစိုးရက ပြည်သူထံ ၁၀ ရက်သာ ကြိုတင်သတိပေးသဖြင့် အဆင်မပြေမှုများတွေ့ကြုံခဲ့ရပြီး ၀န်ကြီးချုပ်ကိုယ်တိုင် ပြည်သူများ အဆင်မပြေမှုအတွက် တောင်းပန်စကား
ဆိုခဲ့ရသည်။
အစိုးရသစ်သည် ၀ိုင်ဘီ အက်စ်အဆင့်မြှင့်တင်ခြင်းကို သုံးလတစ်ကြိမ် ပြုလုပ်ရန် စီစဉ်ထား သည်။ မထသ၏ နှစ်ပေါင်း ၅၀ ကျော်အတွင်း နိုင်ငံတော်သို့ ပြန်အပ်ငွေသည် ကျပ်သိန်းခြောက် သောင်းကျော်သာ ရှိခဲ့သော်လည်း
ဝိုင်ဘီအက်စ်၏ တစ်လ၀င်ငွေ သည် ကျပ်သိန်းခြောက်ထောင် ကျော် ရှိလာကြောင်း ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက ပြောကြားသည်။ ထို့ကြောင့် ရန်ကုန်တိုင်းအစိုးရ အကောင်အထည်ဖော်နေသော ၀ိုင်ဘီအက်စ်စနစ်အပေါ် အကောင်း မြင်မှု ပိုများလာသည်။ သို့သော် ဝိုင်ဘီအက်စ်စနစ်သစ်တွင် လုပ် ငန်းရှင်ကြီးများ၊ အဖွဲ့အစည်းကြီး များ၏ ပိုင်ဆိုင်မှုမှာ များနေ၍ လက်တွေ့အကျိုးအမြတ်ရနေသူမှာ မည်သူဖြစ်ပါသလဲဟု
မေးခွန်း ထုတ်မှုများလည်းရှိသည်။ သို့ သော် ဝိုင်ဘီအက်စ်မှာ အောင်မြင် သော အဆင့်မရောက်သေး၍ ခရီး သွား ပြည်သူများ၏ အသံကို နီး ကပ်စွာ နားထောင်၍ ဝန်ဆောင်မှု လုပ်ငန်း ပီသလာအောင် လုပ်ကိုင်ရန် များစွာ
ရှိနေပါသေးသည်။
‘‘သူ(ဦးဖြိုးမင်းသိန်း)က ရန်ကုန်မြို့ကြီးကို စည်းကမ်းတကျဖြစ်အောင် အရင်လုပ်နေတယ်လို့ မြင်တယ်။ စည်းကမ်းကျအောင်လုပ်တဲ့အခါ တစ်ဖက်မှာ တိုးတက်အောင် အရင်လုပ်သင့်တယ်လို့ ကျွန်တော်တို့မြင်တယ်။
တိုးတက်အောင် လုပ်ပြီးမှ စည်းကမ်းရှိအောင်လုပ်မှ ပိုအဆင်ပြေမယ်လို့ ထင်တယ်။ အခုဟာက အိုးအရွဲ့ကို စလောင်းအရွဲ့နဲ့ ဖုံးနေ တဲ့ အခြေအနေပေါ့။ စီးပွားရေးက ပြီးခဲ့တဲ့နှစ်ကထက် ပိုပြီးကျပ် တည်းတဲ့ အနေ
အထားတော့ ရှိ တယ်’’ဟု ဒေါက်တာစိုးထွန်းက မှတ်ချက်ပြုသည်။
အကောင်းနှင့်အဆိုး ဒွန်တွဲလျက် ဖြစ်ပေါ်နေသည့် လုပ် ဆောင်ချက်များနှင့်အတူ ဦးဖြိုးမင်းသိန်း ဦးဆောင်သော ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အား လက်ကျန်လေးနှစ်အတွင်း ပြည်သူ့အကျိုး အကောင်းဆုံး
ဆောင်ရွက်နိုင်ရန် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညို သင်းက အောက်ပါအတိုင်း အကြံပြုသည်။
‘‘ရန်ကုန်တိုင်းဝန်ကြီးချုပ်က ပြည်သူလူထုအသံကို ပိုနားထောင် ဖို့လိုမယ်။ သူ့ကို အပြုသဘောနဲ့ ဝေဖန်တဲ့သူတွေ အများကြီးရှိ တယ်။ အဲဒီဝေဖန်မှုတွေအပေါ်မှာ လိုက်ပြီး ပြုပြင်ပြောင်းလဲတာ မ တွေ့ရသလောက်ပဲ။ ၀န်ကြီးချုပ် အနေနဲ့ ပြည်သူ့အသံ၊ သူ့အပေါ် ဝေဖန်သံတွေကို တလေးတစား ကြိုဆိုတယ်။ အသိအမှတ်ပြုမယ်ဆိုရင် ရလဒ်ကောင်းထွက် မှာပါ’’။ ။ ( 7Day News )
Thursday, March 30, 2017
ရန်ုကုန်အစိုးရ တစ်နှစ်တာ
Reviewed by Ar Ti
on
4:13 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment