ဦးသန့်အရေးအခင်းနဲ့ ကျွန်တော်တို့တစ်သိုက် (၃)
ထွန်းအောင်ကျော် (၇၄ မျိုးဆက်)
၃) မောင်မောင်တိတ်
(ကွယ်လွန်)သည် တက်ကြွသော စိတ် ပညာအဓိက နောက်ဆုံးနှစ်ကျောင်းသား
ဖြစ်သည်။ တရုတ်ကပြားဖြစ်သော ကိုတိတ်သည် အသားဖြူဖြူ၊ မျက်လုံးကျဉ်းကျဉ်း အရပ် ၅ပေ ၅လက်မခန့်ရှိပြီး စကားပြော သွက် လက်သူ ဖြစ်သည်။ ဒဂုံဆောင် အခန်း(၁ဝဝ)သည် မောင်မောင် တိတ်၏ အခန်းဖြစ်သည်။ တိုက်တိုက်ဆိုင်ဆိုင် ဗိုလ်အောင်ကျော် နေခဲ့သည့် အခန်းဖြစ်သဖြင့် မောင်မောင်တိတ် ဂုဏ်ယူသည်။ ဦးသန့် အလောင်း ရန်ကုန်ရောက်လာမည်ကို သိသည့်အခါ စိတ်ပညာမှ သူငယ်ချင်း အဆောင်ကျောင်းသားဖြစ်သည့် နောက်ဆုံးနှစ် စိတ် ပညာမှ သူငယ်ချင်းများဖြစ်သော စောလှငွေ(ယခု KNU အထွေထွေ အတွင်းရေးမှူး) ကိုမြင့်ဟန်၊ ရခိုင်ကိုတင်စိုးနှင့် တတိယနှစ်ကျောင်း သား ကိုသောင်းအေးတို့နှင့်ချိန်း၍ မာလာဆောင်ရှေ့ မြက်ခင်းပြင် တွင် ကျောင်းသူများကို လာပိုးပန်းပြီး သီချင်းဆိုသလိုလုပ်ရင်း ဆွေး နွေးဖြစ်ကြသည်။ အကြောင်းမှာ ထောက်လှမ်းရေးများ မရိပ်မိစေ ရန် ဖြစ်သည်။ အားလုံးက ဦးသန့်ကို နိုင်ငံတော်ဈာပနအနေနှင့် ချ သင့်ကြောင်း သဘောတူသည်။ အကယ်၍ အစိုးရက မလုပ်ပါက လုပ်လာရန် ကျောင်းသားများတွင် တာဝန်ရှိသည်ဟု ဆုံးဖြတ်ထားသူ ဖြစ်သည်။
မောင်မောင်တိတ်သည် ဦးသန့်ကို ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးအဖြစ် အနောက်တိုင်းဝတ်စုံ ဝတ်ထားသော်လည်း မိမိ၏မိခင် ဒေါ်နန်းသောင်ကို ပုဆစ်တုပ်ထိုင်ပြီး ရိုသေစွာ ရှိခိုး နေသောပုံကို တွေ့သည့်အတွက် လေးစားမိသည်။ နံနက်ပိုင်း တရား ထိုင်သည်ကြားတော့ ပိုမို၍ လေးစားလာမိသည်။ ကျူးဘားအရေး အခင်းတွင် တတိယကမ္ဘာစစ် အနုမြူစစ်ပွဲ အမေရိကန်နှင့် ရုရှားတို့ ထိပ်တိုက်ရင်ဆိုင်နေမှုကို ဖျန်ဖြေပေးနိုင်ခဲ့သဖြင့်လည်း ဂုဏ်ယူ သည်။
ဇွန် ၆ ရက် ၁၉၇၄ခုနှစ် အလုပ်သမားအရေးအခင်းကို မဆလ အစိုးရက စက်ရုံများကို သူပုန်စခန်း စီးနင်းသလို ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ် စီးနင်းခဲ့စဉ်က မောင်မောင်တိတ်တို့ ဒဂုံဆောင်မှ နေ၍ သေနတ်သံများ မြည်ဟိန်းနေသံ၊ အလုပ်သမားတို့ြေ<ွကး ကြော်သံများကို အတိုင်းသား ကြားနေခဲ့ရပြီး အလွန်စိတ်ထိခိုက်မိ သည်။ ဗိုလ်နေဝင်းအစိုးရက ဆိုရှယ်လစ်ဟုြေ<ွကးကြော်ပြီး အလုပ် သမား၊ လယ်သမား လူတန်းစားများအကျိုးကို ဆောင်ရွက်မည်။ အလုပ်သမားများ အကျိုးခံစားခွင့်များကို ကာကွယ်စောင့်ရှောက် မည်ဟု ပြောကြားခဲ့မှုကို ကြားသည့်အချိန်တုန်းက မောင်မောင်တိတ် က ကြိုက်သည်။ လက်တွေ့တွင် အလုပ်သမားများ၏နစ်နာချက်များ၊ စားဝတ်နေရေး မပြေလည်၍ လခတိုးပေးရန် ဆန္ဒပြမှုများကို အကြမ်း ဖက် ရက်စက်စွာ နှိမ်နင်းခဲ့ပြီး အလုပ်သမားခေါင်းဆောင်များကို နှစ်ရှည် အငြိုးကြီးစွာ ထောင်ချခဲ့သည်ကို မြင်လာသည့်အခါ အစိုးရ ကို အော့နှလုံးနာလာခဲ့သည်။ ယုံကြည်မှု ကင်းမဲ့လာခဲ့ရသည်။ ဦးသန့် ဈာပနကို နိုင်ငံတော်အခမ်းအနားမလုပ်ရင် ငါတို့ကျောင်းသားတွေ မှာ တာဝန်ရှိတယ်။ ဘယ်ပါတီ ဘယ်နိုင်ငံရေးအဖွဲ့အစည်းမှ လွှမ်း မိုးမှုမခံဘဲ ကျောင်းသားအရေးအတွက် သန့်သန့်လုပ်ကြမယ်လို့ ဆုံး ဖြတ်ခဲ့ကြသည်။
ဒီဇင်ဘာ ၂ရက် ရောက်သည့်အခါ မထူးတော့ဘူးဟုဆိုပြီး မောင်မောင်တိတ်၏ အခန်း(၁ဝဝ)၌ တက်ြ<ွကသည့် ကျောင်းသား များနှင့် နီးစပ်သူများကို ဖိတ်ခေါ်ပြီး ဗြောင်ဆွေးနွေးခဲ့ကြသည်။ မောင်မောင်တိတ်တို့ ငါးဦးကတော့ အမာခံတွေဖြစ်ခဲ့သည်။ ''ဦးသန့် ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် လုပ်မယ်လို့''ချပြီး ဆွေးနွေးလိုက် သည့်အခါ အခန်း ၁ဝဝ တွင် လူတွေပြည့်လျှံလို့သွားခဲ့သည်။ သတင်း ကြား၍ ဆေး(၁)၊ စက်မှု၊ စီးပွားရေး၊ တိ-မွေး-ကု၊ ဂျီတီအိုင်၊ ပညာ ရေးတို့မှ ကျောင်းသားကိုယ်စားလှယ်များလည်း တစ်ယောက်စကား တစ်ယောက်ကြားပြီး တက်ရောက်လာကြသည့်အခါ မောင်မောင် တိတ်ရဲ့ အခန်း(၁ဝဝ) သည် လှုပ်ရှားသူများ၏ ဗဟိုချက်တစ်ခု ဖြစ် လာခဲ့ပါသည်။ အီကိုမှ ကိုစိုးညွန့်က သူ့ကိုယ်စားလှယ်အဖြစ် ဂျော် နီကိုလွှတ်၍ အစည်းအဝေး တက်စေသည်။ အစည်းအဝေးပွဲမှာ ရလာသမျှ သတင်းအချက်အလက်များကို ဝိုင်းလုပ်ကြမည်ဟု တိုင် ပင်ကြသည်။
တက်ရောက်လာသူအားလုံးက နိုင်ငံရေးလွှမ်းမိုးမှု အယူဝါဒ ရေးရာမပါဘဲ ဦးသန့်ဈာပနကို နိုင်ငံတော်ဈာပနအဖြစ် ကြိုးစား လုပ်ဆောင်ကြရန် သဘောထား ကိုက်ညီကြသည်။ နောက်ရက်များ တွင် ထပ်တိုးလာသည့် ကိုယ်စားလှယ်များ များလာသည့်အတွက် အီကို(စီးပွားရေးတက္ကသိုလ်)က စာသင်ဆောင် ဗန၁ဝ သို့ ပြောင်းရွှေ့ ပြီး ဆွေးနွေးခဲ့ကြသည်။ ဆွေးနွေးမှုတွင် လမ်းစဉ်လူငယ်မှလူတချို့ က ခြေကျင်ချီတက်မည့်အကြောင်း တင်ပြသည်။ မောင်မောင်တိတ် တို့က ခြေကျင်ချီတက်သည်ကို လက်မခံ။ မောင်မောင်တိတ် စိုးရိမ် သည်က ခြေကျင်ချီတက်လျှင် လမ်းတွင် ကျောင်းသူလေးများကို ထိကပါး၊ ယိကပါးလုပ်လျှင် ကျောင်းသားများနှင့် ရန်ဖြစ်မည်။ ပွဲ ပျက်မည်။ သို့မဟုတ် အရက်တိုက်ပြီး လူမိုက်များနှင့် လမ်းခရီးတွင် ရန်ပွဲဖန်တီးမည်ဆိုလျှင် ပွဲပျက်မည်။ အကောင်းဆုံးက ဘတ်စ်ကား များနှင့် ချီတက်ခြင်းပင်ဖြစ်သည်ဟု အကြံပြုသည်။
ကျောင်းသားအားလုံး၏စိတ်တွင် ဈာပနကိုသွားပြီး ဂါရဝပြု ခြင်းသာ ဖြစ်သည်။ ဖမ်းချင်လည်း ဖမ်းပါလေ့စေဆိုသည့် စိတ်ဓာတ် များက ကိန်းဝပ်၍နေကြသည်။ မောင်မောင်တိတ်တို့ ငါးယောက်၏ အပြောကောင်းမှုကြောင့် ဘတ်စ်ကားများဖြင့် သွားရေးက အတည် ဖြစ်သွားသည်။
ဤသို့နှင့် ၃ ရက် ၄ရက် နေ့များ၌လည်း အစည်းအဝေးများ လုပ်၊ အဆောင်များ၌ စည်းရုံး၊ စာသင်ခန်းများတွင် ဝင်ပြောနှင့် မောင်မောင်တိတ်တို့ စောလှငွေတို့အားလုံး အားတက်သရော နေ့ မအား ညမအား ဝိုင်းလုပ်ကြသည်။ စိတ်ဓာတ်များလည်း တက်ြ<ွက နေကြသည်။ စာသင်ခန်းထဲသို့ဝင်ပြီး ဆွေးနွေးလျှင် ဆရာ၊ ဆရာမ များက စာသင်ခန်းထဲမှ လိုလိုလားလား ထွက်ပေးပြီး ဆွေးနွေးခွင့်ပြု သဖြင့် အားလုံး အားတက်လာခဲ့ကြသည်။ အစည်းအဝေးတွင် ပါဝင် ခဲ့သော ကျောင်းသားများ ကိုယ်စားလှယ်များကလည်း မောင်မောင် တိတ်တို့ ¤င်းတို့ စာသင်ခန်းထဲသို့ဝင်လာလျှင် ချိတ်ဆက်ရှိသူများ ပီပီ လိုလိုလားလား ဝင်ရောက်ဆွေးနွေးပြီး အတန်းသားများကို စည်း ရုံးသဖြင့် လူတိုင်းလိုလို ပါဝင်လာခဲ့သည်။ မောင်မောင်တိတ်တို့က အစည်းအဝေးလုပ်လျှင် အဆောင်နေ ကျောင်းသားများကိုသာ လက် ခံသည်၊ နေ့ကျောင်းသားများကို သိပ်လက်မခံချင်။ အစိုးရသူလျှို များ၊ နေ့ကျောင်းသားများအနေနှင့် ဝင်ရောက်လာမည်စိုး၍ ဖြစ် သည်။ အဆောင်နေကျောင်းသား အချင်းချင်းတော့ ပြဿနာမရှိ။ စာသင်ခန်းတွင်း ဝင်ရောက်ဆွေးနွေးရင်း ဘတ်စ်ကားငှားရန် အလှူ ငွေကောက်သည့်အခါ ကျောင်းသားကျောင်းသူများက ရက်ရက် ရောရော လှူကြသည့်အတွက် အားလုံး ဝမ်းသာကြည်နူးခဲ့ကြသည်။ တစ်ယောက် နှစ်ကျပ်နှုန်းဖြင့် ငွေကောက်ခံရာ ဘတ်စ်ကား အစီး ၃ဝ စာ ရသည်။
ဒီဇင်ဘာ ၄ ရက်နေ့များတွင် အီကို၌ရှိသော အခန်း(၄)၊ ဒဿနိကဗေဒမှ ကျောင်းသားများနှင့် သီရိဆောင် နောက်ဘက် AE4 နှင့် AE 10 မှာ အစည်းအဝေးလုပ်ကြသည်။ ဒဿနိကအဖွဲ့ RASU့(ရန်ကုန်ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်)ဆိုပြီး လုပ်သည်။ ဦးသန့် ဈာပနအတွက် အစည်းအဝေးလုပ်ကြသော အုပ်စုသုံးစုဖြစ်သည်။ တောင်ငူတိုးချဲ့ဆောင်မှ တစ်ဖွဲ့၊ ဒဂုံဆောင်တွင် တစ်ဖွဲ့၊ ဒဿနိက AE4 တွင် တစ်ဖွဲ့ဖြစ်သည်။
ဒီဇင်ဘာ ၅ရက်
ဤသို့နှင့် ဒီဇင်ဘာ ၅ရက်နေ့သို့ ရောက်လာသည်။ နံနက် ၈နာရီကျော်လောက်မှ စာရင်းအင်းကျောင်းသား ကိုသန်းဝင်းက ''ဦးသန့်ဈာပနကို လိုက်ပို့မယ့်သူတွေ ဒီမှာတန်းစီကြပါ''ဟု အော် လိုက်သည်။ ယင်းအချိန်၌ ''ကားနဲ့မပို့ဘူး ချီတက်မယ်ဆိုတာ''ဖြစ် လာသည်။
အီကိုရှေ့တွင်ရှိ ဘတ်စ်ကားများ တန်းစီရပ်ထားပြီး ကားပေါ် သို့ ကျောင်းသူကျောင်းသားများက ဝင်ရောက်ထိုင်နေကြပြီဖြစ်သည်။ ကိုစိုးညွန့်က အဓိပတိလမ်းမပေါ်တွင် အခြားမေဂျာများမှ ကျောင်း သားများ လမ်းလျှောက်ချီတက်ရန် တာစူနေသည်ကို တွေ့သဖြင့် အီကိုရှေ့တွင်ရပ်ထားသော ကားများရှေ့မှနေပြီး ''အသုဘပို့မယ့် သူများ ခင်ဗျာ အပြင်မှာ တန်းစီကြပါ''ဟု ဆော်သြလိုက်သည်။ သူ့အသံဝါကြီးနဲ့ အော်လိုက်သံကိုကြားရတော့ ကျောင်းသူ ကျောင်း သားများ အသာတကြည် လိုလိုလားလားပဲ ကားတွေပေါ်က ဆင်း လာပြီး လေးယောက်တစ်တန်း တန်းလိုက်ကြသည်။ ယင်းအချိန် တွင် အော်ဒါမှာထားသည့် ယပ်တောင်များ ရောက်လာသည့်အတွက် ကိုစိုးညွန့်က သူ့လူများနှင့် စီးပွားရေးတက္ကသိုလ်က ကျောင်းသား များကို လိုက်ဝေသည်။
ကိုစိုးညွန့်တို့ကဲ့သို့ ယပ်တောင်ဝေသည့် အခြားအဖွဲ့နှစ်ဖွဲ့ ရှိ သေးသည်။ တစ်ဖွဲ့က ဦးသန့်မိသားစု၊ သူတို့ကလည်း ယပ်တောင် များ လာပေးသည်။ နောက်တစ်ဖွဲ့က နိုင်ငံခြားဘာသာတက္ကသိုလ်မှ ကျောင်းသားများဖြစ်သည်။ ကိုခင်မောင်အေး ဦးစီးပြီး ဝေသည်။ ကားများ မလိုတော့သည့်အတွက် ကိုစိုးညွန့်က ကားများကို ပြန်ခိုင်း လိုက်သည်။ အီကိုကင်တင်းမှာ အခန်း(၃)ခန်းရှိသည်။ ၁၃, ၁၄, ၁၅တို့ ဖြစ်သည်။ သက်သာချောင်ချိရေး လက်ဖက်ရည်ဆိုင်နှင့် မျက်စောင်းထိုးတွင် ဖြစ်သည်။ ထိုအခြမ်းမှ ကျောင်းသားများ ချီတက် လာပြီး ပူးပေါင်းလိုက်သည့်အခါ အင်အား ၁ဝဝဝ ခန့် ဖြစ်လာသည်။ RASU(ဝိဇ္ဇာသိပ္ပံ)က ကျောင်းသားများကလည်း သူ့မေဂျာအလိုက် အဓိပတိလမ်းမကြီးတစ်လျှောက် အီကိုမှ မိန်းဂိတ်နားအထိ လူတန်း ကြီး ဖြစ်လာသည်။ အက္ခရာစဉ်အလိုက် မေဂျာခွဲပြီး စနစ်တကျ တန်းစီပေးကြသည်။ ထိုအထဲတွင် အနက်ရောင် တူညီဝတ်စုံ ဝတ် ထားသည့် ရှမ်းကျောင်းသူများသည် အလွန်ကျက်သရေ ရှိသည်။ ၉နာရီခွဲလောက်၌ စထွက်လာပြီး လမ်း၌ နိုင်ငံခြားဘာသာတက္က သိုလ်က ကျောင်းသားများ လာပေါင်းကြသည့်အခါ ပို၍မြိုင်သွားသည်။
မောင်မောင်တိတ်အုပ်စုက ဘတ်စ်ကားများကို နံနက် ၁၁ နာရီလောက်တွင် တက္ကသိုလ်ဓမ္မာရုံဝင်းအတွင်း စောင့်ဆိုင်းခိုင်းထား သည်။ ထိုအချိန်တွင် ဟန်ရှင်ဝင်းတို့အုပ်စုကလည်း ¤င်းတို့၏ဘတ်စ် ကားများကို ဓမ္မာရုံဝင်းအတွင်း စီစဉ်ထားသဖြင့် ဘတ်စ်ကားများ ဓမ္မာရုံဝင်းနှင့် တက္ကသိုလ်စာတိုက်၊ တက္ကသိုလ်ဆေးရုံတစ်ဝိုက်တွင် တန်းစီပြီး ရှိလာခဲ့သည်။ ဟန်ရှင်ဝင်းက တက္ကသိုလ်ဝင်းနှင့် ဓမ္မာရုံ သို့ ကူးတုံခေါက်တုံ လုပ်သလို ကိုတိတ်တို့အုပ်စုကလည်း လုပ်သည်။ တစ်ဦးကိုတစ်ဦး တစ်အုပ်စုကို တစ်အုပ်စု ဂရုမပြုမိကြ။ ကိုယ့်အသိုင်း အဝိုင်းနှင့်ကိုယ် လုပ်နေကြသည်။ အားလုံး ဇောကပ်နေကြသဖြင့် ကိုယ့်အလုပ်ကို ပြီးအောင်သာ အာရုံစိုက်နေကြ၊ တက်ြ<ွကနေကြခြင်း ဖြစ်သည်။ ပုတက်ပုတက်နှင့် ဟန်ရှင်ဝင်းတစ်ယောက် ကိုတိတ်နား ဖြတ်သွားတတ်သလို မျက်မှန်တဝင့်ဝင့်နှင့် စကားကျယ်လောင်စွာ ပြောရင်း ဖြတ်သွားတတ်သည့် ကိုတိတ်ကိုလည်း ဟန်ရှင်ဝင်းက ဂရု မစိုက်အား။ ကျောင်းဝင်းကျောင်းပြင်ရှိ ကျောင်းသားများ ကိုယ့် အုပ်စုနှင့်ကိုယ် အလုပ်ရှုပ်နေကြသည်။ တစ်ယောက်နှင့်တစ်ယောက် မြင်တွေ့နေကြသော်လည်း နာမည်မမေးကြ။ မမေးရဟု မပြောသော် လည်း ဘယ်သူ့ကိုမှ မယုံရ။ ထို့ကြောင့် မစပ်စုရဆိုသည်က အလိုလို နားလည်ပြီးသားကိစ္စ ဖြစ်သည်။ ဖိနှိပ်ခံထားရသော လူ့ပတ်ဝန်းကျင် တွင် ထိုကဲ့သို့လုပ်မှသာ လုံခြုံမှုရှိနိုင်မည်။ မိမိကိုယ်ကို ကာကွယ်နိုင် မည် ဆိုသည်ကို လူတိုင်းက မသင်ဘဲနှင့် သိနေကြသည်။ ဖိနှိပ်ခံ ထားရသည့်ဘဝတွင် ထိုသို့လုပ်ရဲခြင်းပင်လျှင် လေးစားချီုးကျူးထိုက် ခြင်းပင် ဖြစ်သည်။
နံနက် ၉နာရီလောက်တွင် စုဝေးလာသော ကျောင်းသားများ လမ်းလျှောက် ချီတက်သွားကြပြီးပြီ။ သို့ရာတွင် နေ့ကျောင်းသားများ ကလည်း တဖွဲဖွဲ လာရောက်ပူးပေါင်းကြသဖြင့် နေ့လယ်ပိုင်းတွင် လူများ အဓိပတိလမ်းမပေါ်တွင် ပြည့်လျှံလာခဲ့သည်။ မေဂျာအလိုက် ကျောင်းသားကျောင်းသူများ အက္ခရာစဉ်ဖြင့် ညီညွတ်စွာ တန်းစီ ကြပြန်သည်။ မောင်မောင်တိတ်တို့က ကားအစီး ၃ဝ ခန့် ငှားပြီး နေ့လယ်လောက်တွင် ထွက်ကြသည်။
( နောက်တစ်ပတ် ဆက်လက်ဖော်ပြပါမည် )
#YangonMediaGroup #YangonTimesJournal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment