ငါးခိုးဖမ်းခြင်း၊ ဗုံးခွဲငါးဖမ်းခြင်းနှင့် လိုင်စင်မဲ့ ငါးဖမ်းလှေများအား ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ပြောကြား
တနင်္သာရီတိုင်းဒေသကြီး ပင်လယ်ပြင်တွင် ငါးခိုးဖမ်းခြင်း၊ ဗုံးခွဲငါးဖမ်းခြင်းနှင့် လိုင်စင်မဲ့ ငါးဖမ်းလှေများအား ထိရောက်စွာ အရေးယူရန် လိုအပ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။
နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနတွင် မတ် ၃ ရက်က ပြုလုပ်သော ဒုတိယသမ္မတ ဦးမြင့်ဆွေဥက္ကဋ္ဌအဖြစ် ဦးဆောင်သည့် နိုင်ငံအဆင့် ပင်လယ်ကမ်းရိုးတန်း သယံဇာတစီမံအုပ်ချုပ်လုပ်ကိုင်မှု ဗဟိုကော်မတီ အစည်းအဝေးတွင် တင်ပြပြောကြားခဲ့ခြင်း ဖြစ်သည်။
“တရားမ၀င် ငါးဖမ်းတဲ့လုပ်ငန်း၊ ငါးဗုံးခွဲတဲ့လုပ်ငန်းတွေ အင်မတန်မှ များနေပါတယ်။ ငါးဗုံးခွဲခြင်းဟာ သန္တာကျောက်တန်းတွေ အများကြီး ပျက်စီးစေပါတယ်။ ငါးဗုံးခွဲခြင်းကို ဒေသခံတွေက နားမလည်ဘူး။ ထိုင်းနိုင်ငံက လူတွေက ဗုံးတွေ၊ လိုအပ်တဲ့ပစ္စည်းတွေ လာပေးပြီးတော့မှ ဗုံးခွဲခိုင်းခြင်း ဖြစ်ပါတယ်။ ဗုံးခွဲလို့ရလာတဲ့ ငါးတွေကိုလည်း ထိုင်းနိုင်ငံမှာပဲ ရောင်းချပါတယ်။ အဲဒီအတွက် ဒီကိစ္စကိုလည်း အရေးတကြီး တားဆီးဖို့ လိုလိမ့်မယ်လို့ ယုံကြည်ပါတယ်။ ထိုင်းနိုင်ငံမှာ ငါးဗုံးခွဲရင် သေဒဏ်ပေးမယ်လို့ ခြိမ်းခြောက်ထားပါတယ်။ သူတို့နိုင်ငံမှာ မလုပ်ရတဲ့လုပ်ငန်းတွေကို ကျွန်မတို့ တနင်္သာရီတိုင်းရဲ့ ပင်လယ်ပြင်မှာ လာလုပ်နေကြတဲ့အတွက် ထိထိရောက်ရောက် အရေးယူစေချင်ပါတယ်” ဟု ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။
တနင်္သာရီတိုင်းဒေသကြီးတွင် ငါးဖမ်းလှေအစင်းရေ သုံးထောင်ခန့်မှာ ငါးဖမ်းလိုင်စင်မရှိကြဘဲ ပင်လယ်ပြင်တွင် လိုင်စင်မဲ့ ငါးဖမ်းနေခြင်းကိုလည်း ထိန်းချုပ်ရန် လိုအပ်ကြောင်း ၀န်ကြီးချုပ်က ပြောကြားသည်။
“ဒါတွေကို လိုင်စင်နဲ့ အတိတကျဖြစ်မယ်ဆိုလို့ရှိရင် နိုင်ငံအတွက် အခွန်ဘဏ္ဍာ ရရှိလာမှာဖြစ်သလို ငါးဖမ်းတဲ့အနေအထားကိုလည်း ဂရုတစိုက် လုပ်ကိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒါကို ၀ိုင်းဝန်းဆောင်ရွက်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ဒီလိုမျိုးသာ ပင်လယ်ပြင်မှာ စည်းမဲ့ကမ်းမဲ့ ငါးဖမ်းနေမယ်ဆိုလို့ရှိရင် ငါးသယံဇာတတွေ ကုန်ဆုံးပြီး တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အိမ်နီးချင်းထိုင်းနိုင်ငံလို ငါးသယံဇာတမရှိတဲ့နိုင်ငံအဖြစ် ရပ်တည်သွားရမှာ ဖြစ်ပါတယ်” ဟု ၀န်ကြီးချုပ်ဒေါက်တာ လဲ့လဲ့မော်က ပြောကြားသည်။
မြန်မာနိုင်ငံ၏ ရေသယံဇာတကို ထိန်းသိမ်းနိုင်ရန်အတွက် မြန်မာ့ပင်လယ်ပြင်တွင် ငါးခိုးဖမ်းနေသည့် သင်္ဘောများ၊ ငါးဖမ်းပိုက်ကွက်များကိုလည်း စနစ်တကျ စိစစ်စေလိုကြောင်း၊ သေးငယ်သည့် ပိုက်ကွက်များဖြင့် ငါးဖမ်းသည့်အတွက် ငါးသေးငါးမွှားများ မရှိတော့ဘဲ ငါးများအသက်ရှင် ရပ်တည်ရန် ခက်ခဲစေကြောင်း၊ ကမ်းဝေးငါးဖမ်းသင်္ဘောများ ကမ်းနီးသို့ ၀င်ရောက်ငါးဖမ်းခြင်းများကိုလည်း အရေးယူစေလိုကြောင်း ၎င်းကပြောကြားသည်။
“ကမ်းဝေးငါးဖမ်းသင်္ဘောတွေက ကမ်းနီးကိုလာဆွဲတာ။ ကမ်းနီးဟာ အင်မတန်ဆင်းရဲတဲ့ တံငါသည်တွေပါ။ ရှိတဲ့ လက်လှော်လေးတွေ၊ စက်သေးသေးလှေလေးတွေနဲ့ ကမ်းနီးမှာ ငါးဖမ်းနေလို့ရှိရင် အင်မတန်ကြီးမား အားကောင်းတဲ့ အင်ဂျင်ကြီးတွေနဲ့ လာဆွဲသွားတဲ့ အခါမှာ ပိုက်တွေလည်း ပြတ်ပါတယ်။ လှေတွေလည်း မှောက်ပါတယ်။ လူတွေ ကစဥ့်ကလျား ဖြစ်ပါတယ်။ လူတွေသေပါတယ်။ ဒါတွေကိုလည်း တပ်မတော်ရေအနေနဲ့ ပူးပေါင်းစေလိုပါတယ်” ဟု ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်က ပြောကြားသည်။
ကျော်မျိုး
Eleven Media Group
Saturday, March 4, 2017
ငါးခိုးဖမ်းခြင်း၊ ဗုံးခွဲငါးဖမ်းခြင်းနှင့် လိုင်စင်မဲ့ ငါးဖမ်းလှေများအား ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ပြောကြား
ငါးခိုးဖမ်းခြင်း၊ ဗုံးခွဲငါးဖမ်းခြင်းနှင့် လိုင်စင်မဲ့ ငါးဖမ်းလှေများအား ထိရောက်စွာ အရေးယူရန် လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ပြောကြား
Reviewed by Ar Ti
on
5:22 PM
Rating: 5

Subscribe to:
Post Comments (Atom)
No comments:
Post a Comment