စစ်ကိုင်းတိုင်း လွှတ်တော်တွင် ဘတ်ဂျက် ဥပဒေကြမ်း တင်သွင်း
စစ်ကိုင်းတိုင်း ဒေသကြီး လွှတ်တော်မှာ တိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံ / ဘဏ္ဍာ ဝန်ကြီး ဦးစိုးဦးက ဥပဒေ မူကြမ်း ၂ ခုကို လွှတ်တော်ကို မနေ့က တင်သွင်း လိုက်ပါတယ်။
၂၀၁၇ - ၁၈ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်း ဒေသကြီး၏ ဘဏ္ဍာငွေ အရအသုံး ဆိုင်ရာ ဥပဒေ (မူကြမ်း)နဲ့ ၂၀၁၇ - ၁၈ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်း ဒေသကြီး၏ ဒေသန္တရ စီမံကိန်း ဥပဒေ (မူကြမ်း) တို့ကို တင်သွင်းခဲ့တာပါ။
ဒေသန္တရ စီမံကိန်း ဥပဒေ (မူကြမ်း)မှာ တိုင်းဒေသကြီး လူမှု စီးပွားဘဝ ဖွံ့ဖြိုး တိုးတက်ရေး အတွက် ချမှတ်ထားတဲ့ မူဝါဒနဲ့ ရည်မှန်းချက်တွေ အပေါ် တိုင်းဒေသကြီးရှိ ဝန်ကြီးဌာန အလိုက် ဆောင်ရွက်မယ့် လုပ်ငန်းစဉ်တွေ ချမှတ်ပြီး ရည်မှန်း ရေးဆွဲထားတာ ဖြစ်တယ်လို့ ဝန်ကြီးက ပြောပါတယ်။
ဒီမူကြမ်းမှာ လယ်ယာကဏ္ဍ ပါဝင်မှု အချိုးအစားကို ၃၆.၂ ရာခိုင်နှုန်းမှ ၃၃.၉ ရာခိုင်နှုန်းသို့ လျော့ချခဲ့ပြီး စက်မှု ကဏ္ဍကို ၃၄.၃ ရာခိုင်နှုန်း မှ ၃၆.၀ ရာခိုင်နှုန်းထိ တိုးတက်ခဲ့ကာ ဝန်ဆောင်မှု ကဏ္ဍအနေနဲ့ ၂၉.၅ ရာခိုင်နှုန်းမှ ၃၀.၁ ရာခိုင်နှုန်းသို့ တိုးမြှင့် ပြောင်းလဲ သွားမယ် လို့ ဆိုပါတယ်။
လူတစ်ဦးရဲ့ ပျှမ်းမျှ ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု (ဂျီဒီပီ) ကိုလည်း တိုးတက်လာဖို့ မျှော်မှန်းထားပြီး လူတစ်ယောက်ကို အရင် ၁၇ သိန်း ၄ သောင်း ၂ ထောင်ခန့် ရရှိရာကနေ ဒီဘဏ္ဍာနှစ်မှာ ၁၉ သိန်း ၇ သောင်းထိ တိုးတက် ရရှိရန် မျှော်မှန်းထားတယ် လို့ ဆိုပါတယ်။
ဒီဒေသန္တရ စီမံကိန်းက ပြည်သူ့ဗဟိုပြု ဖွံ့ဖြိုးမှု စီမံကိန်းဖြစ်ပြီး နိုင်ငံတော်ရဲ့ မူဝါဒ၊ ရည်မှန်းချက်တွေ ပြည်သူလူထုရဲ့ လိုလားချက်၊ လိုအပ်ချက်နဲ့ အညီ ရေးဆွဲထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီဥပဒေမူကြမ်း ၂ ခုကို ဆွေးနွေးလိုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေကို ဖိတ်ခေါ်ထားပြီး လာမယ့် မတ် ၂၄ ရက်နေ့မှာ ဆွေးနွေးမှာ ဖြစ်ပါတယ်။
သတင်း - အောင်ကိုလတ် ( DVB )
Subscribe to:
Post Comments (Atom)
No comments:
Post a Comment