Saturday, March 25, 2017
တူမောင်သန်းထေးသို့ပေးစာ
+++++++++++++++++++
တူမောင်ရေ
ဘကြီး သတိရစွာဖြင့် စာရေးလိုက်ပါတယ်
ယခင်က တူမောင်ကြီးဆီကိုလည်း ဘကြီးက စာရေးပြီး ချီးကျူးဂုဏ်ပြုရင်း အကြံပေးနေကျမို့ ယခုလိုရေးလိုက်ရခြင်းပါ
ဘကြီးက သံယောဇဉ် စောင်ရမ်းကြီးတာကလားကွယ့်
တူမောင်ကြီးရဲ့ပါတီမို့ထင်ပါရဲ့ကွယ်
ပြည်ခိုင်းဖြိုးပါတီမဲဆွယ်ပွဲဟေ့ဆိုရင် ဘကြီးကရှေ့ဆုံးကအရောက်သွားပြီးသားကွယ့်
ထမင်းထုပ်ပဲ ဝေဝေ
ဒန်ပေါက်ပဲ ကမ်းကမ်း
နေ့စားခပဲ ပေးပေး
ဘကြီးက အမြဲရတယ်၊ ရှေ့ဆုံးကမို့လားကွယ့်
မပေးလို့ကတော့ စခွက်တွေချည်း ဖြတ်ရိုက်ပစ်မှာ 😃
တခါတလေဆို ပိုက်ဆံက ကြဲသေးသကွယ့်
လူငယ်ဘာဝဆိုတော့ ပိုက်ဆံလိုချင်လို့မဟုတ်ပေမယ့် ပိုက်ဆံမြင်ရင်မနေနိုင်လို့ ရလိုရငြား လုရတာပေါ့ကွယ်
စကားမစပ် ပြောရအုံးမယ်
ပြည်ခိုင်းဖြိုးမှာ တူမောင်ကြီးပြီးရင် ငါ့တူကို သဘောအကျဆုံးပဲကွယ့်
ဟုတ်သော်ရှိ မဟုတ်သော်ရှိ အာဘောင်အာရင်းသန်သန်နဲ့ ပြောချလိုက်တာကို သဘောကျတယ်
ဟိုကလေးမလေးက ဝန်ကြီးဌာနတွေကို မှာနေသံကြားရတယ်ကွယ့်
ကိုယ်လုပ်ပေးနိုင်တာကိုပဲ ကတိပေးကြပါ၊ မလုပ်ပေးနိုင်ပဲနဲ့ ပြီးပြီးရောသဘောမျိုး ကတိမပေးကြပါနဲ့ဆိုပြီး ပြောသတဲ့..
အတော် ပိန်းတာကိုးကွယ့်
မြန်မာပြည်မှာ လုပ်ပေးတာမလုပ်ပေးတာထက် ကတိပေးရင်ကို လုံးစုံပြစ်ယုံကြည်တဲ့လူတွေ အတော်များတယ်ဆိုတာ သူမသိရှာဘူးကွယ့်
ဘာမှမဟုတ်ပဲ ရိုဟင်ဂျာကို လက်မခံဘူးလို့ အော်လိုက်ရင်တောင် ဘုရားစူးမျိုးချစ်သူရဲကောင်းဖြစ်တဲ့တိုင်းပြည်မှာ ကတိပေးတာကို အဆန်းလုပ်နေတယ်
ဟို တူမောင်ကြီးလက်ထက်တုန်းကဆိုရင် အပေးဆုံးက ကတိပဲ
အပေါဆုံးကလည်း ကတိပဲ
အခုအစိုးရလိုမျိုး ကျွန်တော်တို့ ကြိုးစားပါ့မယ်လို့ ယောင်ဝါးဝါးမပြောဘူး
တောင်းတဲ့ကတိပေး၊ ပြောစေချင်တဲ့စကားပြောပေးလိုက်ရင် ပြီးတာပဲလေကွယ်
နောက်ဆိုရင် ဘယ်သူမှ သတိရတာမဟုတ်ဘူး
ဟုတ်တယ်မို့လားကွယ်
တခု ကြားရတာအဆင်မပြေတာတခုက NLD ထောက်ခံသူတွေက ပြောလိုက်ရင် ပြည်သူ့ပါတီဆိုပြီး ထထအော်တဲ့ကိစ္စပဲ
NLD ထောက်ခံသူတွေ သိထားဖို့က
ပြည်သူ့ပါတီ NLD ဆိုပြီး ကြွေးကြော်နေသလိုမျိုး ဘကြီးတို့ ပြည်ခိုင်းဖြိုးပါတီလည်း ကြွေးကြော်လိုက်လို့ရတယ်
ဘကြီးတို့ ပြည်ခိုင်းဖြိုးပါတီလောက် ပြည်သူပါတီပီသတာ မရှိဘူး
ကြည့်လေကွယ်..
ရုံးချုပ်ချင်း ယှဉ်ကြည့်လိုက်
သူတို့ရုံးချုပ်က ဟိုကအလှူခံဒီကအလှူခံနဲ့ ဆောက်ထားရတာ
ဘကြီးတို့ ပြည်ခိုင်းဖြိုးရုံးချုပ်ကတော့ ပြည်သူ့ဘဏ္ဍာအစစ် ရေတောင်မရောတဲ့ငွေနဲ့ ဆောက်ထားတာလေကွယ်
ဒါကို လာယှဉ်ချင်နေသေးတယ်
သူတို့ရုံးချုပ်ကို ဘကြီးတို့လို့ ပြည်သူ့ဘဏ္ဍာအစစ်နဲ့ဆောက်ခွင့်ရရင် NLD ကလူတွေ ရူးတောင်သွားအုံးမယ် ထင်တယ်
ဒီမှာတင်ကို ဘယ်ပါတီက ပြည်သူ့ကိုအားကိုးတဲ့ ပါတီလဲဆိုတာ ရှင်းနေပါပြီကွယ်
ဆက်ရှင်းနေရင် NLD တွေ အရှက်ကွဲရုံပဲ ရှိတော့မယ်
ကြိုက်တဲ့ ရုံးခွဲတွေကိုကြည့်လိုက်
ပြည်သူ့အဆောက်အဦဖြစ်ရင်ဖြစ် မဖြစ်ရင် ပြည်သူဘဏ္ဍာနဲ့ဆောက်ထားတဲ့ အဆောက်အဦတွေချည်းပဲ
ရုံးစိုက်မြေနေရာတွေသာ ပိုင်ဆိုင်ခွင့်ချပြလိုက်ရင် တပါတီလုံး သွက်သွက်ခါသွားအုံးမယ်
အကုန်လုံးက ပြည်သူပိုင်မြေ၊ ပြည်သူပိုင်ငွေ၊ ပြည်သူပိုင်အဆောက်အဦနဲ့ ပြည်သူနဲ့ကင်းတာမရှိသလောက်ကို ရှားတယ်
နောက်ဆုံး ကုန်ကုန်ပြောလိုက်မယ်
ပါတီဝင်ချင်း၊ ပါတီခေါင်းဆောင်တွေချင်း ယှဉ်ရင်တောင် ဘကြီးတို့ ပြည်ခိုင်းဖြိုးဘက်မှာ ပြည်သူ့ဘဏ္ဍာနဲ့ကြီးပွားချမ်းသာနေကြတဲ့ လူတွေကပိုများတယ်
ဒီလောက်ထိ ပါတီအဆောက်အဦရော၊ ပါတီဝင်တွေရော ပြည်သူ့ဘဏ္ဍာနဲ့မကင်းတဲ့ ဘကြီးတို့ပါတီက ပြည်သူ့ပါတီမအော်ရဘူး
ပါတီရုံးခွဲလေးထားဖို့တောင် အိမ်ငှါးရတာနဲ့၊ အိတ်စိုက်ရတာနဲ့၊ အလှူခံရတာနဲ့ မွဲတေစုတ်ပြတ်နေတဲ့ ပါတီက ပြည်သူပါတီဆိုတော့ ဘကြီးက ရယ်ချင်တာပေါ့ကွယ်
အဟက်..
နောက်ပြီး ငါတူပြောသွားတာတခု ဘကြီးသဘောကျတာရှိသေးတယ်
ပြည်ခိုင်းဖြိုးပါတီဟာ ဗိုလ်ချုပ်ပုံသုံးတဲ့ပါတီမဟုတ်ဘူး
ဗိုလ်ချုပ်ချမှတ်တဲ့ မူဝါဒတွေကို အကောင်အထည်ဖော်တဲ့ပါတီဆိုတာလေ..
ဘကြီး အားရသကွယ်
ငါ့တူတို့ကို ဘကြီးယုံတယ်
စစ်တပ်ကလာတဲ့ ငါ့တူတို့ဟာ အရမ်းတည်ကြည်ပြီး ဖြောင့်မတ်ကြတယ်ဆိုတာ သိတယ်
ဗိုလ်ချုပ်ကပြောတယ်
တိုင်းရင်းသာတွေလည်း တန်းတူညီမျှ အခွင့်အရေးရရမယ်ဆိုတာလေကွယ်
အရမ်း မှန်တဲ့စကားကွယ်
ဗမာတွေ မွဲသလောက် တိုင်းရင်းသားတွေလည်း ပေးမွဲတယ်
တိုက်ပွဲဟေ့ဆိုရင်လည်း သာစေနာစေမရှိရလေအောင် ပြည်နယ်တိုင်းမှာ တိုက်ပေးနေတယ်
တိုက်စရာမရှိရင် အနည်းဆုံးသေနတ်တော့ ဖောက်ပေးနေတာပဲလေကွယ်
ထောင်ထဲမှာ သွားကြည့်အုံးမလား
ဗမာတွေချည်းပဲ များတယ်
ဗမာတွေက တောခိုစရာမရှိလို့ ထောင်ထဲထည့်ထားပေးတာ
ကိုင်း..
ဒီလောက် တန်းတူအခွင့်အရေးပေးနေတာကို ငါတူတို့ကို ဗိုလ်ချုပ်စကားနားမထောင်ဘူးပြောနေကြတော့ မလွန်လွန်းဘူးလားကွယ်
အတော် ခက်ပါတယ်ကွယ်
တိုင်းရင်းသားတွေနဲ့ ဗမာတွေက ငပိန်းတွေများတယ်ကွယ့်
အာ့ကြောင့်လည်း မြန်မာပြည် မတိုးတက်တာ
ငါ့တူတို့ရဲ့ စေတနာတွေကို မမြင်ကြဘူး
တော်သေးပြီကွယ်
နောက်များမှ ဆက်ရေးတာပေါ့
ခုတော့ မစားရဝခမန်းကတိတွေပေးတတ်တဲ့ ဘကြီးတို့ပြည်ခိုင်းဖြိုးပါတီက မဲဆွယ်ပွဲကို ရှေ့ဆုံးက သွားတိုးထိုင်လိုက်အုံးမယ်
ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ ကြားရတာတော့ အတော်အားရှိတာကိုးကွယ့်...
သတိရစွာဖြင့်
သံယောဇဉ်ကြီးတဲ့ တောကဘကြီး
YaeTayZa@တောကဘကြီး
တူမောင်သန်းထေးသို့ပေးစာ
Reviewed by timeayeyar
on
6:52 AM
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment