နေအိမ်မှာ အနားယူနေတယ်လို့ ဆိုပါတယ်။
ဦးဖြိုးမင်းသိန်းကို ဒေါ်အောင်ဆန်းစုကြည်လာရောက်တွေ့ဆုံစဉ်။
ရန်ကင်းကလေးဆေးရုံကြီး နှလုံးနှင့်သွေးကြောခွဲစိတ် ကုသဌာနမှာ နှလုံးခွဲစိတ်ကုသတာ အောင်မြင်ခဲ့ပြီးနောက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆေးရုံကနေဆင်းပြီး နေအိမ်မှာ အနားယူနေတယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။
‘‘ဝန်ကြီးချုပ်က လွန်ခဲ့တဲ့ သုံးရက်ကတည်းက ဆေးရုံကဆင်းပြီး နေအိမ်မှာ အနားယူနေပါတယ်။ ကျန်းမာရေးလည်း ကောင်းပါတယ်။ ဝန်ကြီးချုပ်ဘယ်နေ့ ရုံးစတက်မယ်ဆိုတာတော့ မသိသေးဘူးဗျ။ အနားယူနေတုန်းပဲ ရှိသေးတယ်။ လွှတ်တော်ကတော့ ၂၀ ရက်နေ့ပြန်စမှာပါ’’လို့ ဝန်ကြီး ဦးဇော်အေးမောင်က ပြောပါတယ်။
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းကို ဗြိတိန်နိုင်ငံမှ ပါမောက္ခအောင်ရဲဦး ဦးဆောင်တဲ့ မြန်မာခွဲစိတ်ဆရာဝန်တွေအဖွဲ့က ရန်ကင်းဆေးရုံကြီးမှာ ခြောက်နာရီကြာ အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။
လွန်ခဲ့တဲ့ မတ်လ ၁၁ ရက်က ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ရန်ကင်းဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ ဝန်ကြီးချုပ်ကို သွားရောက်တွေ့ဆုံ အားပေးခဲ့တယ်လို့ သိရပါတယ်။
ရန်ကင်းကလေးဆေးရုံကြီးက နှလုံးခွဲစိတ်ကုသမှုအပိုင်းမှာ အောင်မြင်မှုရလဒ်ကောင်းတဲ့ ဆေးရုံဖြစ်ပြီး မြန်မာနိုင်ငံက နှလုံးအထူးကုဆရာဝန်ကြီးတွေရဲ့ ခွဲစိတ်ကုသမှုတွေအပြင် အာဆီယံနဲ့ ဥရောပနိုင်ငံတွေက ပညာရှင်တွေနဲ့ ပညာဖလှယ်ပြီး ခွဲစိတ်မှုတွေရှိကာ နှစ်စဉ်ကလေးနဲ့ လူကြီးနှလုံးရောဂါ ဝေဒနာရှင်တွေကို ခွဲစိတ်ကုသပေးနေပါတယ်။
Source : 7DayDaily : Duwun
Photos : Aung Kyaw Moe Facebook
No comments:
Post a Comment