Latest News

Friday, March 3, 2017

ချစ်သူကို အပြစ်မရှာမိပါစေနဲ့….

ချစ်သူကို အပြစ်မရှာမိပါစေနဲ့….

ချစ်သူ ရည်းစား ဆက်ဆံရေးမှာပဲဖြစ်ဖြစ်၊ ခင်ပွန်းနဲ့ဇနီးသည် ဆက်ဆံရေးမှာပဲဖြစ်ဖြစ် သားအမိ ဆက်ဆံရေးမှာပဲ ဖြစ်ပါစေ  ကျွန်မ ဂရုစိုက်သင့်တာတွေ ရှိပါတယ်။

အထူးသဖြင့် ကျွန်မတို့အမျိုးသမီးတွေရဲ့အကျင့်စရိုက်ပေါ်မှာ မူတည်ပြီး ဖြစ်လာတတ်တဲ့ပြဿာနာတွေအရ အမှားတွေကနေ သင်ခန်းစာ ယူနိုင်တာတွေလည်း ရှိတယ်။

ဆိုပါတော့ ကြည်နှူးပျော်ရွှင်စရာကောင်းတဲ့ ချစ်သူ ဘ၀ကို မထင်မှတ်ထားတဲ့ လုပ်ရပ်လေးတစ်ခုကြောင့်လည်း  စိတ်ပျက်စရာကောင်းတဲ့ချစ်သူ ဘ၀ ရောက်စေတာမျိုးတွေလည်း ရှိပါတယ်။

ဥပမာ ဆိုပါတော့ ကောင်မလေးက ကောင်းလေးရဲ့ ဖုန်းကို မိုးလင်းကနေ မိုးချုပ်ထိ မျှော်တတ်တယ်၊ ကောင်လေးက အလုပ်တစ်ဖက်နဲ့မို့အချိန်နဲ့တပြေးညီ ဖုန်းမဆက်နိုင်တဲ့အခါ ကောင်မလေးက စိတ်ကောက်တယ်။

ကောင်လေးအနေနဲ့လည်း သူ့မှာ အလုပ်တစ်ဖက်နဲ့မို့မဆက်နို်ငတာကို ကောင်မလေးက နားလည်ပေးသင့်တယ်၊ သူ မမှားဘူး လို့  လက်ခံယူဆပါလိမ့်မယ်။ ကောင်မလေးကတော့ ဖုန်းလေး ခေါ်တာ၊ မက်ဆေ့လေး ပို့တာတောင် မလုပ်နိုင်ဘူးလား၊ သူ့ကို အလေးမထားဘူးလားလို့ ယူဆပြီး စိတ်ကောက်တာမျိုး ရှိတတ်ပါတယ်။

ချစ်သူ ဘ၀မှာ တစ်ခါတစ်ရံစိတ်ကောက်လို့ ချော့ရတာ ပျော်စရာကောင်းပေမဲ့၊ အမြဲတမ်း ဘာမှ မဟုတ်တဲ့ ဘ၀အတွက်အရေးမကြီးတဲ့ ကိစ္စရပ်တွေနဲ့အကြောင်းမရှိ  အကြောင်းရှာပြီး စိတ်ကောက်တတ်တဲ့ချစ်သူ မိန်းကလေးကတော့စိတ်ပျက်စရာ ကောင်းတဲ့ချစ်သူ ဖြစ်သွားတတ်ပါတယ်။

ဒါ့အပြင် အချို့မိန်းကလေးတွေက ကိုယ့်ချစ်သူ ရည်းစား ဘယ်သွား သွား ဘာလုပ်လုပ် အကုန်လုံး သိချင်တဲ့အတွက် အချိန်နဲ့တပြေးညီ သတင်းပို့ခိုင်းတတ်ကြတယ်။ စဉ်းစားကြည့်မယ်ဆိုရင် ဒါ မလွယ်တဲ့ အလုပ်တစ်ခုပါပဲ။ ဒါပေမဲ့ ကောင်လေးက ချစ်သူအကြိုက်လိုက်ပြီး တစ်ခါ နှစ်ခါ သု့းလေးခါတော့ ပြောပါတယ်၊ နောက်တော့ မပြော နိုင်တော့တဲ့အခါ ကောင်မလေးက ပြဿာနာ လုပ်တယ်။ စိတ်ကောက်တယ်ပေါ့။

အမျိုသားတွေအနေနဲ့ ချစ်သူကောင်မလေးအပေါ် သစ္စာစောင့်သိနေမယ်။ နှစ်ယောက်ဘ၀ တည်ဆောက်နို်ငဖို့ ဘ၀အတွက်ကြိုးစားမယ်ဆိုရင် လုံလောက်ပြီလို့ယူဆပါလိမ့်မယ်။ ဒါပေမဲ့ ချစ်သူကောင်မလေးက သူ့ဆီကို အမြဲတမ်း မပြောရကောင်းလား ဆိုပြီး စိတ်ကောက်တာ၊ ပြဿာနာ ရှာတာဟာ ကောင်လေး စိတ်ထဲမှာ ဘာမှအရေးမကြီးတဲ့အကြောင်းအရာတွေအတွက်  သူ့ကို ပြဿာနာ အလုပ်ခံရတယ်ဆိုပြီး စိတ်ပျက်စရာဖြစ်လာတတ်တယ်။

မိန်းကလေးပဲ ဖြစ်ဖြစ်၊ ယောင်္ကျားလေးပဲ ဖြစ်ဖြစ် ချုပ်ချယ်တာကို ဘယ်သူမှ မကြိုက်တတ်ဘူး။ ချစ်လို့ချုပ်ချယ်တာပါလား လို့လည်း ဘယ်သူကမှမတွေး နိုင်ဘူး။ ကိုယ့်ရဲ့ လွတ်လပ်ခွင့်ကို ဆုံးရှုံး သွားတယ်ဆိုတဲ့ အမြင်နဲ့ပဲ ကြည့်တတ်ကြပါတယ်။ ဒါကြောင့် အသေးစိတ် သိချင်၊ အရာရာတိုင်းကို ပိုင်စိုးချင်တဲ့ မိန်းကလေးတွေရဲ့အကျင့်စရိုက်က အမျိုးသားတွေအတွက် စိတ်ရှုပ်စရာ၊ စိတ်ပျက်စရာတွေ ဖြစ်တတ်တာကိုလည်း အမျိုးသမီးတွေ သတိပြုသင့်ပါတယ်။

အိမ်ထောင်သည် ဘ၀မှာလည်း ခင်ပွန်းဖြစ်သူကို ချစ်တဲ့စိတ်၊ စိုးရိမ်တဲ့စိတ်၊ ပိုင်စိုး လိုချင်တဲ့စိတ်တွေနဲ့  ချုပ်ချယ်မိကြတာတွေ ရှိပါတယ်။

ဘယ်အကျီာ ၀တ်ပါ၊ ဒီနေရာ သွားရင်တော့ဒါလေးပဲ ၀တ်နော် ဆိုတာမျိုး။ အိမ်ပြန်ချိန် နောက်မကျစေနဲ့နော် ထမင်းစား စောင့်နေမှာ ဖြစ်အောင် ပြန်ခဲ့ဆိုတာမျိုး၊ ဘယ်သူငယ်ချင်းကိုတော့ လုံးဝ အပေါင်းအသင်း မလုပ်ရဘူးနော် ဆိုတဲ့ တားမြစ်ချက်မျိုးတွေ ပြုလုပ်မိပါလိမ့်မယ်။

ပထမတုန်းကတော့ခင်ပွန်းဖြစ်သူကလည်း အော်…ငါ့ကို ဂရုစိုက်တယ်၊ ငါ့ကိုတော့ချစ်လို့သ၀န်တိုရှာတယ်လို့ ထင်မှတ်ပြီး သာယာကျေနပ်တတ်ကြပါတယ်။

ဒါပေမဲ့ နည်းနည်းလေး ကြာလာတော့ ချုပ်ချယ်ကန့်သတ်ခံရတာတွေက တဖြည်းဖြည်းနဲ့များလာတဲ့အခါ သူ့အတွက် မကျေနပ်စရာတွေ ဖြစ်လာတတ်ပါတယ်။  ပုန်ကန်ချင်လာတယ်။ ငါ ယောင်္ကျားပဲ ဆိုတဲ့စိတ်နဲ့ လုပ်ချင်ရာ လုပ်တာတွေ ဖြစ်လာတတ်ပြန်တယ်။.

အဲဒီလို မပုန်ကန်တတ်တဲ့အမျိုးသားတွေကတော့
ဇနီးရှေ့မှာ အသက်တောင် ကောင်းကောင်း မရှုရဲလို့စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့ သနား စဖွယ် ဖြစ်ရတဲက ခင်ပွန်းသည်တွေ အများကြီး ရှိတာကိုလည်း တွေ့မြင်ဖူးတယ်။

နောက်တစ်မျိုးကတော့ ဇနီးသည်က ပို်ကောင်းစေချင်တဲ့စိတ်စေတနာကြောင့်ပဲ ဖြစ်ဖြစ်၊ ခင်ပွန်းကို အားမရလို့ပဲ ဖြစ်ဖြစ် အပြစ်တင်တတ်ကြတယ်။ ကို်ယ့်ဇနီးဆီက ကိုယ့်ကို ချီးမွန်းစကားကိုပဲမျှော်လင့်နေမိတဲ့ခင်ပွန်း၊ အမှားလုပ်လိုက်မိချိန်မှာတောင် ဇနီးသည်ရဲ့ အားပေး နှစ်သိမ့်စကားမျိုးကိုပဲ နားထောင်ချင်တဲ့ ခင်ပွန်းအတွက် ဇနိးသည်ရဲ့ ပြစ်တင်စကားဟာ သူတို့ကို ဖြတ်ရိုက်လိုက်သလို ခံစားရတယ်လို့လည်း ကြားရဖူးတယ်။

အမျိုးသားတွေအနေနဲ့ ဇနီးသည်နဲ့ပတ်သက်ရင် ယောင်္ကျား မာနဆိုတာလည်းရှိတဲ့အတွက် သူတို့ကို အပြစ်တင်ခြင်းဟာ သူတို့ကို နှိပ်ကွက်ခြင်းလို့သာ သူတို့က မြင်လေ့ရှိပါတယ်။ ဒါကြောင့်အပြစ်တင် ညည်းညူတတ်တဲ့ဇနီးသည်မျိုးတွေကိုလည်း အမျိုသားအများစုက မနှစ်သက်ကြတာ တွေ့ရပါတယ်။ အခွင့်အရေး ရရင် အဲဒီလို ဇနီးသည်မျိုးဘေးကနေ ပြေးထွက်ပြီး သင့်ရာမှာ ပျော်သလို နေကြတာလည်း တွေ့ရဖူးတယ်။

အားလုံးဟာ လူသားတွေဖြစ်တဲ့အတွက် သူတို့ရဲ့အားသာချက်တွေကို မြင်အောင်ကြည့်ပြီး ချီးမွမ်းသင့်တာ ချီါ်မွမ်းရတာပါပဲ။ လိုအပ်ချက်တွေအတွက်လည်း ဖြည့်တွေးပေးရပါတယ်။ အဲလိုမှမဟုတ်ဘဲနဲ့အပြစ်တင်ခြင်းသာ လုပ်မယ်ဆိုရင်တော့ကိုယ့်အတွက်လည်း အလုပ်မဖြစ်၊ သူ့အနေနဲ့လည်း စိတ်ပင်ပန်း ဆင်းရဲ စေရုံသာ ရှိပြီး ရလဒ်ကောင်း ထွက်မလာနိုင်ပါဘူး။

မိဘနဲ့သားသမီး ဆက်ဆံရေးမှာလည်း အပြစ်တင်တာ၊ နှိုင်းယှုဉ်ပြောဆိုတာတွေက သားသမီးတွေကို ပိုပြီး လမ်းမှားရောက်စေပါတယ်။ သားသမီးကို ကောင်းမွန်စွာ ထိန်းကျောင်းချင်တယ်ဆိုရင်တော့ သူတို့အားသာချက်ကို ရှာပြီး များများ ချီးမွမ်းပေးပါ၊ နည်းနည်းပဲ အပြစ်တင်သင့်ပါတယ်။ သွန်သင်တာမျိုးကိုသာ ပြုလုပ်သင့်ပြီးတော့ဆုံးမတာကိုတော့အခြေအနေနဲ့ အချိန်အခါကို ကြည့်ပြီး လိုအပ်မှသာ ပြုလုပ်သင့်တယ်ဆိုတာကိုလည်း လေ့လာမှတ်သားခဲ့ရပါတယ်။

ကျွန်မအနေနဲ့ကတော့ ကို်ယ့်ခင်ပွန်း၊ ကိုယ့်သားသမီးကစ ကိုယ်နဲ့အတူတူ တွဲပြီး အလုပ်လုပ်နေရတဲ့သူတွေ အဆုံး ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် ဘာမှ မဟုတ်လောက်တဲ့အသေးအဖွဲလေးတွေကို ကြည့်ပြီး အပြစ်တင်တာမျိုးကို မလုပ်မိအောင် ဂရုတစိုက်နဲ့ ကို်ယ့်ကိုယ်ကို ထိန်းပါတယ်။

လူတိုင်းဟာ အပြစ်နဲ့ မကင်းနိုင်၊ အမှားနဲ့မကင်း နိုင်တဲ့ အတွက် အပြစ်တင်ခြင်းနဲ့ရှုံ့ချခြင်းဆိုတာထက်၊ သူတို့လိုအပ်ချက်ကို ပူးပေါင်းကူညီပေးခြင်းကပဲ  ရလဒ်ကောင်း ရစေလိမ့်မယ်လို့လည်း ယူဆ နားလည်မိပါတယ်။

ဒါကြောင့် ဘယ်လို ဆက်ဆံရေးမှာပဲဖြစ်ြဖစ် အသေးအဖွဲလေးတွေက စပြီး အပြစ်တင်တတ်တဲ့အကျင့်မျိုးကိုတော့ ထိန်းသိမ်းသင့်တယ်လို့ နားလည်မိပါတယ်။

မတူတဲ့အမြင်များကိုလည်း ဖိတ်ခေါ်ပါတယ်။
ကျေးဇူးတင်ပါတယ်ရှင်။

No comments:

Post a Comment