Latest News

Thursday, February 9, 2017

မှန်းချက် … နှမ်းထွက် … YBS

မှန်းချက် … နှမ်းထွက် … YBS




ပြီးခဲ့တဲ့ တစ်ပတ်က YBS နဲ့ပတ်သက်ပြီး DVB debate ဆွေးနွေးပွဲကို တက်ဖြစ်ပါတယ်။ အဓိက ဆွေးနွေးသူ အနေနဲ့ မဟုတ်ဘဲ ဧည့်သည်အနေနဲ့ တက်ရောက်ရတာမို့လို့ ပြောချင်တာတွေ တော်တော်များများ မပြောခဲ့ရဘဲ အဓိက ပြောချင်တာကိုပဲ ပြောဖြစ်ခဲ့ပါတယ်။

ပြောချင်တာလေးတွေ ရှိနေသေးတာက တစ်ကြောင်း၊ YBS ကို ခြုံငုံသုံးသပ်ပြီး ပြောချင်တာလေးတွေလည်း ရှိတာကတစ်ကြောင်း မို့လို့ ဒီစာကို ရေးပါတယ်။

ပထမဆုံး ပြောချင်တာက YBS ကို ပြောင်းလဲရခြင်း ရည်ရွယ်ချက် ဟာ ကောင်းတယ် မှန်တယ် ဆိုတာပါပဲ။ အရင် မ.ထ.သ အနေနဲ့ လုပ်ခဲ့တဲ့ ရန်ကုန်မြို့ ဘတ်စ်ကား စနစ်ကြီးဟာ လုံးဝကို မှားယွင်းနေခဲ့တဲ့ အတွက် ပြောင်းလဲ ပစ်ရမှာအမှန်ပါပဲ။ အများပြည်သူ သယ်ယူ ပို့ဆောင်ရေး ဆိုတာ စီးပွားရေး အဓိကထက် အများပြည်သူ သွားလာရေး အဆင်ပြေဖို့ အဓိက ဖြစ်ပါတယ်။ အများပြည်သူ သွားလာရေး အဆင်ပြေ တယ်ဆိုတဲ့အထဲ အချိန်မှန်ရောက်တာ၊ ကျပ်ညပ်သပ်မနေတာ၊ ကားပြောင်းစီးဖို့ အဆင်ပြေတာ၊ လူ့ဂုဏ်သိက္ခာ နဲ့အညီ စီးလို့ရတာတွေ အကုန်ပါဝင်ပါတယ်။

ဒီအချက်ဟာ အခြေခံအကျဆုံး အချက်ဖြစ်ပါတယ်။ YBS ဟာ ဒီအချက်ပေါ်မှာ အခြေခံပြီး ပြောင်းလဲဖို့ လုပ်တယ်လို့ မြင်ပါတယ်။ ဒါကြောင့် YBS ပြောင်းလဲရခြင်း ရည်ရွယ်ချက် ကောင်းတယ်၊ မှန်တယ်လို့ ဆိုလိုတာပါ။ ရည်ရွယ်ချက် မှန်လို၊ ကောင်းလို့လည်း ပြည်သူလူထု အများ အပြား ထောက်ခံကြိုဆိုကြ၊ ၀ိုင်းဝန်းကူညီကြတာဟာ သောင်းသောင်းဖျဖျပါပဲ။ အစိုးရအနေနဲ့ ဖိတ်ခေါ်စရာမလိုဘဲကို ပြည်သူလူထုက စိတ်ပါလက်ပါ အားတက်သရော ၀င်ပြီး ကူညီကြတာပါ အားလုံးအသိ အားလုံးအမြင်ပါပဲ။ ၀ိုင်းဝန်းကူညီကြတဲ့ ကျောင်းသားတွေ ပြည်သူတွေ အများကြီးပါ။

အဲဒီလို ပြည်သူလူထု ရဲ့ အားတက်သရော ကြိုဆိုထောက်ခံမှုကို ရခဲ့တဲ့ YBS အပြောင်းအလဲဟာ မှန်းချက် နဲ့ နှမ်းထွက် ကိုက်ရဲ့လား ဆိုတာလေး နည်းနည်း သုံးသပ်ကြည့်ကြပါစို့။

အရင်ဆုံး ပြောချင်တာက YBS ဆိုပြီး လုပ်လိုက်တဲ့အခါမှာ ဘာတွေကို အဓိက ပြောင်းလဲဖို့ လုပ်ခဲ့သလဲ ဆိုတာပါ။ အဓိက သုံးချက်ရှိပါတယ်။

( ၁ ) ပိုင်ဆိုင်မှုပုံစံ - ဘတ်စ်ကားတွေကို တစ်စီးချင်း တစ်ဦးချင်း ပိုင်နေတဲ့ စနစ်ကနေ အများပိုင်စနစ်ကို ပြောင်းလဲဖို့ ရည်ရွယ်ခဲ့ပါတယ်။

( ၂ ) ၀င်ငွေခွဲဝေမှုပုံစံ - ကိုယ်ရကိုယ်ယူ ၀င်ငွေစနစ်ကနေ စုပေါင်းဝင်ငွေကို မျှမျှတတ ပြန်လည်ခွဲဝေပေးမယ့် စနစ်ကို ပြောင်းဖို့ ရည်ရွယ်ခဲ့ပါတယ်။

( ၃ ) ယာဉ်လမ်းကြောင်း ရေးဆွဲမှုပုံစံ - မ.ထ.သ ခေတ်က ဖောင်းပွနေတဲ့ ယာဉ်လမ်းကြောင်းတွေ ကို ကျစ်ကျစ်လျစ်လျစ် ဖြစ်အောင် ပြန်လည်ရေးဆွဲ ဖို့ရည်ရွယ်ခဲ့ပါတယ်။

ထပ်ပြီးပြောရရင် အဓိက ရည်ရွယ်ချက် သုံးခုစလုံး မှန်ပါတယ်။ ကောင်းပါတယ်။ ဒါပေမဲ့၊ ဒါပေမဲ့ ပေါ့။ အဲဒီ အချက်တွေကို အကောင် အထည် ဖော်တဲ့နေရာမှာ YBS အနေနဲ့ အောင်မြင်ခဲ့ပါသလား တစ်ချက်ချင်း သုံးသပ်ကြည့်ရအောင်။

နံပါတ်တစ် အချက်ဖြစ်တဲ့ ပိုင်ဆိုင်မှုပုံစံကို ပြောင်းတဲ့အခါ နောက်ပိုင်းမှာ အများပိုင်ဖြစ်လာမယ်ဆိုတဲ့ ကုမ္ပဏီအုပ်စု ရှစ်ခု ကို လွှဲပြောင်းပေးခဲ့ပါတယ်။ အဲဒီ ကုမ္ပဏီတွေက ရင်းနှီးမြုပ်နှံမှုတွေလုပ်ပြီး ကားတွေကို ပိုင်ဆိုင်မယ်။ စီမံအုပ်ချုပ်မှု လုပ်မယ်။ စည်းကမ်းထိန်းသိမ်းမယ် ပေါ့။ တကယ့် လက်တွေ့မှာတော့ အဲဒီကုမ္ပဏီတွေက ကားတွေကို မပိုင်ခဲ့ပါဘူး။ တစ်ဦးချင်းပိုင်တဲ့ ကားအုံနာတွေ နဲ့လည်း အဆင်ပြေအောင် ညှိနှိုင်းမှု မလုပ်နိုင်ခဲ့ပါဘူး။ ဒီအချက်ကို DVB debate မှာတုန်းက ပါဝင်ဆွေးနွေး သူတွေဖြစ်တဲ့ ယာဉ်ပိုင်ရှင် ဦးသိန်းမြင့် နဲ့ YRTA အဖွဲ့ဝင် ဦးအောင်မြင့် တို့က အတည်ပြု ပြောသွားခဲ့ပါတယ်။ ဦးသိန်းမြင့် ပြောတာက ကုမ္ပဏီတွေ အနေနဲ့ ကားပိုင်ရှင်တွေကို ဘယ်လိုစနစ်နဲ့ သွားမယ်ဆိုတာ ရှင်းရှင်းလင်းလင်း အသိပေးထားတာ မရှိဘူး လို့ဆိုပါတယ်။ YRTA က ဦးအောင်မြင့်ကတော့ YBS မစခင်မှာ အကြိမ်ကြိမ် ဆွေးနွေးခဲ့ကြတယ်။ ကုမ္ပဏီတွေက အကုန်အဆင်သင့်ဖြစ်ပြီဆိုလို့ စခဲ့တာ။ တကယ် စတော့မှ ကုမ္ပဏီတွေ က ပြောတဲ့အတိုင်း အဆင်သင့်မဖြစ်ဘူးလို့ ပြောသွားပါတယ်။ အခုထိလည်း ကုမ္ပဏီတွေရဲ့ အခန်းကဏ္ဍ က ဘာမှ ရေရေရာရာ လုပ်တာမတွေ့သေး ပါဘူး။ အဲဒီတော့ နံပါတ်တစ် အချက်ကို အောင်မြင်အောင် မဆောင်ရွက်နိုင်တာ တွေ့ပါတယ်။

နောက် နံပါတ် နှစ်အချက်ကတော့ ၀င်ငွေခွဲဝေမှု ပုံစံပါ။ ကိုယ်ရကိုယ်ယူ စနစ်ကနေ စုပေါင်းဝင်ငွေကို မျှမျှတတ ပြန်လည်ခွဲဝေတဲ့ စနစ်ပါ။ ဒီအချက်ဟာ သော့ချက် ကျပါတယ်။ ကိုယ်ရကိုယ်ယူ စနစ်ကြောင့်သာ စည်းကမ်းမဲ့တာတွေ ရိုင်းပျတာတွေ လမ်းကြောင်းထပ်တာတွေ ပြိုင်မောင်း လုမောင်းတွေ ဖြစ်ပြီး မ.ထ.သ နာမည်ပျက် ခဲ့တာပါ။ အဲဒီတော့ အဲဒီ ကိုယ်ရကိုယ်ယူ စနစ်ကို ပြောင်းနိုင်မှသာ ကျန်တာတွေကို ထိန်းချုပ်ပြီးသား ဖြစ်မှာပါ။ ဒီနေရာမှာ ငွေကောက်ခံတဲ့ ပုံစံက အရေးကြီးပါတယ်။ စပယ်ယာတွေကို ငွေကောက်ခိုင်းလို့ ကတော့ အမှန်အတိုင်း ရဖို့မလွယ်ပါဘူး။ သူက အကုန်ပြန်အပ်ဦးမှကိုး။ အကုန်ပြန်အပ်လိမ့်မယ်လို့ မျှော်လင့်တယ် ဆိုရင်တော့ စိတ်ကူးယဉ်လွန်းရာ ကျပါလိမ့်မယ်။ ဒါဟာ စပယ်ယာတွေ ကို သူခိုးလို့ စွပ်စွဲနေတာ မဟုတ်ပါဘူး။ အမှန်အတိုင်း အပ်မယ့်သူ ရှိနိုင်ပေမယ့် အားလုံးကိုတော့ ဘယ်သူမှ အာမခံလိမ့်မယ် မဟုတ်ပါ။ လူ့သဘော၊ လူ့သဘာဝ ကိုလည်း ထည့်တွက်ဖို့ လိုပါလိမ့်မယ်။ ကွမ်းစား ရေသောက်ကအစ လက်ထဲရှိတာကို အလွယ်သုံး လိုက်တာမျိုးလည်း ရှိနိုင်တာပဲ။ အစပိုင်းမှာ ခရီးသည်က ပုံးထဲ ထည့်တဲ့ စနစ်လုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အဆင်မပြေခဲ့ပါဘူး။ တချို့က ပုံးတပ်တာကို လက်မခံခဲ့သလို ယာဉ်ပိုင်ရှင် ဦးသိန်းမြင့် ပြောပုံအရဆိုရင် တိုးဝှေ့တက်နေ ရတာနဲ့ ပုံးထဲ ထည့်ဖို့ အဆင်မပြေဘူးလို့ ဆိုပါတယ်။ ပုံးက ရှေ့ပေါက်မှာ ရှိတယ်။ အတက်မှာ ထည့်မလို့ လုပ်နေတုန်း နောက်ကတိုးတော့ မထည့်ဖြစ်တော့ဘူး။ အဆင်းမှာ နောက်ပေါက်က ဆင်းသွားတော့ မထည့်ဖြစ်တော့ဘူး။ တချို့ကလည်း မှန်မှန်ကန်ကန် မထည့်ကြဘူးလို့ ဆိုပါတယ်။ တချို့ခရီးသည်တွေကတော့ ပုံးထဲ ထည့်ဖို့ အဆင်မပြေလို့ စပယ်ယာလက်ထဲပဲ ထည့်သွားတယ်လို့ သိရပါတယ်။ ပုံးစနစ်ကလည်း အလုပ်မဖြစ် ကတ်စနစ်ကလည်း အဆင်သင့် မဖြစ်သေး။ ဒီကြားထဲ အဆင်ပြေစေမယ့် တခြားငွေကောက်ခံမှု စနစ်တစ်ခုကို အစားထိုးဖို့ မလုပ်နိုင်ခဲ့လေတော့ အခုဆိုရင် YBS ယာဉ်အားလုံးနီးပါး..ကိုယ်ရကိုယ် ယူစနစ်ကိုပဲ ပြန်ရောက်သွားကြပါပြီ။ အဲဒီလို ပြန်ရောက်သွားတာနဲ့ တစ်ပြိုင်နက် လုမောင်းတာ၊ ပြိုင်မောင်းတာ ၊ မှတ်တိုင်ထောက်တာ ၊ ခရီးသည်ကို မချေမငံ ဆက်ဆံတာတွေ ဟာ မ.ထ.သ စနစ်တုန်းက အတိုင်း ပြန်ပေါ်လာတော့တာပါပဲ။ ချုပ်ပြောရရင် ဒုတိယ အချက်ဖြစ်တဲ့ ၀င်ငွေခွဲဝေမှု ပုံစံ ကို ပြောင်းလဲဖို့ လုပ်တာလည်း မအောင်မြင်ပါဘူး။

တတိယအချက် ဖြစ်တဲ့ ယာဉ်လမ်းကြောင်းရေးဆွဲ မှုပုံစံကို ဆက်လေ့လာ ကြည့်ရအောင်။ အရင်မ.ထ.သ တုန်းက ပြေးဆွဲခဲ့တဲ့ ယာဉ်လိုင်း သုံးရာကျော် ကို YBS က ယာဉ်လိုင်း ငါးဆယ်ကျော် ပတ်ဝန်းကျင်နဲ့ အစားထိုးဖို့ ကြိုးစားခဲ့ပါတယ်။ စပြီးကြေညာ တုန်းက ၅၈ လိုင်း ရှိခဲ့ပြီး YBS စတင်ပြီး နှစ်ရက်အတွင်းမှာ ယာဉ်လိုင်း ခြောက်ဆယ်ကျော် ဖြစ်လာပါတယ်။ အခုဆိုရင် ယာဉ်လိုင်း ရှစ်ဆယ်နီးပါး ဖြစ်သွားပါပြီ။ ရက်ပိုင်းအတွင်းမှာ ယာဉ်လိုင်း နှစ်ဆယ်လောက် အသစ်ထပ်ထည့်ရတာကို ကြည့်ရင် မူလ ရေးဆွဲထားတဲ့ အစီအမံမှာ လိုအပ်ချက်တွေ အများကြီးရှိတယ်ဆိုတာ သိသာပါတယ်။ အခု ယာဉ်လိုင်း ရှစ်ဆယ်နီးပါး ဆိုပေမယ့်လည်း အဆင်မပြေသေးတာ တွေ့ရပါတယ်။ နောက်ထပ် လိုင်းဘယ်လောက်များများ ထပ်လိုဦးမလဲ ဆိုတာလည်း မခန့်မှန်းနိုင်သေး ပါဘူး။ ဒီတော့ တတိယ အချက်ဖြစ်တဲ့ ယာဉ်လမ်းကြောင်း ပြေးဆွဲမှု ပုံစံကို ပြောင်းလဲတာလည်း အောင်မြင်မှု မရဘူးလို့ သုံးသပ်ရမှာပါပဲ။

ခြုံငုံပြီး ပြန်ပြောရရင်တော့ YBS စနစ်ကို ပြောင်းတဲ့နေရာမှာ အဓိကကျတဲ့ အချက် သုံးချက်စလုံးကို အခု ရက်ပေါင်း နှစ်ဆယ် ကျော်ကြာလာတဲ့ အထိ အောင်မြင်အောင် မဆောင်ရွက်နိုင်တာ တွေ့ရပါတယ်။ ဘာတွေလိုအပ်ချက် ရှိခဲ့သလဲလို့ ပြန်ရှာကြည့်တဲ့အခါ တွေ့ရတာလည်း သုံး ချက်ရှိပါတယ်။ ( ၁ ) ကုမ္ပဏီတွေ ရဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာ။ ( ၂ ) ကိုယ်ရကိုယ်ယူ စနစ်ကို မဖျက်ပစ်နိုင်တာ ( ၃ ) ကားတွေ လုံလောက်မှု မရှိတာလို့ တွေ.ရပါတယ်။

ပူးပေါင်းဆောင်ရွက်မှု အားနည်းတဲ့ ကုမ္ပဏီတွေကို ရန်ကုန်တိုင်း အစိုးရအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်သင့်ပါတယ်။ ယာဉ်ပိုင်ရှင် ဦးသိန်းမြင့်ရဲ့ ပြောစကားအရတော့ ကုမ္ပဏီတွေဟာ ကားအုံနာတွေ နဲ့ ဘယ်လိုစနစ်နဲ့ သွားမယ်၊ ၀င်ငွေခွဲဝေမှု ဘယ်လောက်ရှိမယ်။ ဘယ်လိုပြေးဆွဲရမယ် ဆိုတာတွေကို တိတိကျကျ ရှင်းရှင်းလင်းလင်း ဆွေးနွေးပြောဆိုခဲ့တာမျိုးတွေ မရှိဘဲနဲ့  ယာဉ်လိုင်းပြေးဆွဲချင်ရင် သူတို့ဆီကို ပူးပေါင်းမှရမယ် ဆိုတာမျိုးလောက်ပဲ ပြောပြီး အုံနာတွေကို စည်းရုံးခဲ့တာလို့ သိရပါတယ်။ ဒါဟာ လုပ်ပိုင်ခွင့်ရရေး သက်သက် ပြီးပြီးရော လုပ်တာလို့ ယူဆရပါတယ်။ ဒီလိုမျိုးကုမ္ပဏီတွေကို စာချုပ်ဖျက်သိမ်းပြီး တခြား ကုမ္ပဏီအသစ်တွေနဲ့ အစားထိုးသင့်ပါတယ်။ ရန်ကုန်တိုင်း အစိုးရအနေနဲ့ ကုမ္ပဏီတွေအပေါ်မှာ ပြတ်ပြတ်သားသား လုပ်ဖို့ ဘာလို့ လက်တွန့်နေသလဲ ဆိုတာ စဉ်းစားရခက်ပါတယ်။

ကိုယ်ရကိုယ်ယူ စနစ်ကိုဖျက်ဖို့ ပုံးစနစ်ကို လုပ်တာလည်း မအောင်မြင်ခဲ့ပါဘူး။  မအောင်မြင်ရခြင်း အကြောင်းကတော့ ခရီးသည်တွေအနေနဲ့ ပုံးထဲထည့်ဖို့ အဆင်မပြေလို့ပါတဲ့။ ပုံးထဲထည့်မလို့ ပြင်နေတုန်း နောက်က တိုးဝှေ့ တက်ကြတော့ မထည့်ဖြစ်၊ ဆင်းတော့လည်း နောက်ပေါက်က ဆင်းသွားတော့ ထည့်ဖို့ အဆင်မပြေလို့ တချို့ကတော့ စပယ်ယာကိုပဲ ကားခပေးသွားပါသတဲ့။ တိုးဝှေ့တက်ရခြင်း အကြောင်းရင်းက ကားမလုံလောက်လို့ပါ။ အဲဒီတော့ ကားတွေလုံလောက်အောင် တိုးပေးလိုက်ရင် ပိုက်ဆံထည့်ဖို့ အဆင်ပြေသွားမှာပါ။ ကား မလုံလောက် ရင်တော့ ပုံး မဟုတ်ပဲ ကတ်စနစ်လုပ်လည်း စက်ရှေ့မှာ ကတ်ကိုထိုးပြရမှာ ဖြစ်လို့ တိုးဝှေ့တက်နေရရင် အဆင်မပြေပါဘူး။ ကတ်က ဆင်းရင်လည်း နောက်တခါ ထပ်ပြဖို့လိုပါတယ်။ တိုးဆင်း တိုးတက်နေရရင်က ကတ်စနစ်လည်း အောင်မြင်မှာ မဟုတ်ပါဘူး။ ဒီတော့ ကတ်စနစ်မလုပ်ခင် ကားအစီးရေ လုံလောက်အောင် ရှိဖို့ လိုပါတယ်။ နောက်တစ်ခုက ကတ်စနစ်မလုပ်နိုင်ခင် ပုံးစနစ်မှာ ပုံးတစ်ခုတည်းနဲ့ အဆင်မပြေရင် ကားတစ်စီးတည်းမှာ ပုံး သုံးခုလောက် တပ်ရင် အဆင်ပြေနိုင်မယ် ထင်ပါတယ် ရှေ့ပေါက် ၊ အလယ်ပေါက် နဲ့ ဟိုးနောက်ဆုံးနားမှာ ပုံးတွေ တပ်ထားပြီး စပယ်ယာက ကားခထည့်ဖို့ ဆော်သြရင် ခရီးသည် အများစု ထည့်ကြမယ်လို့ ယူဆပါတယ်။ တော်ရုံ မသိချင်ယောင် ဆောင်မယ့်သူတောင် အများကထည့်နေပြီး ကိုယ်မထည့်ရင် သိသာနေတာမိုလို့ ထည့်ရတော့မှာပါပဲ။ ထည့်ချင်ပေမယ့် ထည့်ဖိုအဆင်မပြေတဲ့ သူတွေအတွက် အခု နည်းလမ်းက အဆင်ပြေလိမ့်မယ်လို့ ယူဆပါတယ်။

ကားတွေလုံလောက်မှု မရှိတာနဲ့ ပတ်သက်လို့ ကတော့ ရန်ကုန်တိုင်း အစိုးရအနေနဲ့ ကားတွေ မှာယူနေပြီလို့ သိရတဲ့အတွက် ကားတွေရောက်တဲ့အထိ စောင့်ဖို့ပဲရှိပါတော့တယ်။ ဘယ်လောက် လိုအပ်ပြီး မှာထားတာ လုံလောက်မှု ရှိ မရှိကတော့ ရောက်လာမှပဲ လက်တွေ့သိရတော့မှာပါ။

နောက်ဆုံးအနေနဲ့ သုံးသပ်ပြီး ပြောချင်တာက YBS စနစ်ပြောင်းလဲ တဲ့ နေရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲတွေနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း အစိုးရအနေနဲ့ရော YRTA အနေနဲ့ရော။

အခက်အခဲဖြေရှင်းဖို့ အစားထိုး အစီအမံ ( Contingency Plan ) ကို ကြိုတင်စီမံထားတာ မတွေ့ရပါဘူး။ အခုအချိန်အထိ လတ်တလော ဘယ်လိုဖြေရှင်းမယ် ဆိုတာကို တိတိကျကျ ရေရေရာရာ မပြောဘဲနဲ့ ခရီးသွား ပြည်သူတွေကို စိတ်ရှည်သည်းခံဖို့ပဲ ပြောဆိုနေတာ တွေ့ရပါတယ်။ DVB debate မှာတုန်းကလည်း လတ်တလော ဖြေရှင်းဖို့ ဘာတွေလုပ်ထား ပါသလဲဆိုတဲ့ မေးခွန်းကို YRTA အဖွဲ့ဝင် နှစ်ယောက်စလုံးက ရေရေ ရာရာ ဖြေပေး မသွားပါဘူး။ တကယ်တော့ ကြီးကြီးမားမား အပြောင်းအလဲ လုပ်တာ၊ အများနဲ့ဆိုင်တဲ့ ကိစ္စကိုစီစဉ်တဲ့ နေရာမှာ ဖြစ်လာနိုင်တဲ့ အခက်အခဲတွေကို သေသေချာချာ တွက်ဆပြီး အဆင်မပြေဖြစ်လာရင် ဖြေရှင်းမယ့် အစားထိုး နည်းလမ်းတွေ Contingency Plan ဆိုတာ ရှိကိုရှိရမယ့် ကိစ္စဖြစ်ပါတယ်။ မရှိခဲ့ရင်လည်း အမြန်စဉ်းစား အမြန်လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဒါဟာ စီမံခန့်ခွဲမှု ရဲ့ အခြေခံ သဘောတရားပါ။

အခုတွေ့ နေရတာတော့ ရန်ကုန်တိုင်းအစိုးရရော YRTA ရော ကတ်စနစ်ကိုပဲ မျှော်လင့်အားထား နေတာပါပဲ ကတ်စနစ် အသက်ဝင်ရင် အားလုံး ပြေလည်သွားမယ်လို့ မျှော်လင့်ထားကြပုံ ရပါတယ်။ တကယ်လည်း ကတ်စနစ် အသားကျသွားရင် အခက်အခဲ တော်တော်များများ ပြေ လည်သွားမှာ အမှန်ပါပဲ။ ဒါပေမဲ့ ကတ်စနစ် အဆင်သင့်ဖြစ်ဖို့ အချိန်ယူရပါလိမ့်မယ် လူတွေလက်ထဲ ကတ်တွေ ရော့အင့်ဆိုထည့်ပြီး ပြေ လည်သွားမှာ မဟုတ်ပါဘူး။ ကတ်ကိုဖတ်မယ့် စက်တွေ ကားတိုင်းမှာ တပ်ဆင်ရပါဦးမယ်။ Network ချိတ်ဆက် ရဦးမယ်။ ၀င်ငွေခွဲဝေမှု ရာခိုင်နှုန်းတွေ ညှိနှိုင်းရဦးမယ်။ လူတွေ ကတ်သုံးတတ်အောင် ပညာပေးကာလ လိုဦးမယ်။ အနည်းဆုံး (အနည်းဆုံး) ခြောက်လ အဆင်သင့် မဖြစ်နိုင်သေးဘူးလို့ ယူဆပါတယ်။

ဒီတော့ ဒီ ခြောက်လမတိုင်ခင် YBS တံဆိပ်တပ်ထားတဲ့ မထသ ကားများကိုသာ ဆက်လက် အောင့်အည်းသည်းခံ စီးနင်းကြရင်းနဲ့  YBS ကုမ္ပဏီများလည်း ကြီးပွားပါစေ ၊ အုံနာများလည်း ချမ်းသာပါစေ ၊ ကားသမားများလည်း စိတ်ကောင်း ရှိနိုင်ကြပါစေ ၊ ခရီးသည်များလည်း ဘေးကင်းရန်ကင်း လိုရာရောက်ကြပါစေ ၊ YBS စနစ်ကြီးလည်း အမြန် အောင်မြင်ပါစေလို့ သာ ဆုတောင်းကြပါစို့ ။

ညလယ်မိုး
The Ladies News

No comments:

Post a Comment