Latest News

Thursday, February 9, 2017

YBS ကို လွှဲပြောင်းပေးခဲ့တဲ့ မထသပိုင်ဆိုင်မှုတွေကို အများပြည်သူ သိအောင် ကြေညာပေးပါ - လက်စောင်းထက်

YBS ကို လွှဲပြောင်းပေးခဲ့တဲ့ မထသပိုင်ဆိုင်မှုတွေကို အများပြည်သူ

သိအောင် ကြေညာပေးပါ - လက်စောင်းထက်

၂၀၁၅ ခု ရွေးကောက်ပွဲက ပြည်သူများ ရွေးချယ်ပေးလိုက်သည့် အစိုးရသစ်သည် ယခင်အစိုးရ၏ ဥပဒေဘောင်အပြင်က အပေးအယူမှန်သမျှကို ချေမှုန်းရန် သန်္နိဋ္ဌာန် ချထားပုံရသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ မျက်နှာစာဟု ဆိုအပ်သည့် ရန်ကုန်နှင့် မန္တလေးတွင် အစိုးရနှင့် Give and Take လုပ်ခဲ့သည့် စီးပွားရေးများက ပြည့်နှက်လျက်ရှိသည်။ ထို့ကြောင့် ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့များအတွက် စိန်ခေါ်မှုများက စောင့်ကြိုနေခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ခေါင်းဆောင် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် ၀န်ကြီးချုပ် တာဝန်ဝတ္တရားများကို စတင်ထမ်း ဆောင်သည့်အချိန်တွင် မြန်မာ့ရိုးရာသင်္ကြန်ကို အကြောင်းပြု၍ စီးပွားရှာကြသောသူများကို ဆန့်ကျင်ကာ ကန်တော်ကြီးတစ်ဝိုက် သင်္ကြန်မဏ္ဍပ် တည်ဆောက်ခွင့်ကို တားမြစ်ပိတ်ပင်ခဲ့သည်။ ထို့ကြောင့် စီးပွားရေးသမားများနှင့် လူငယ်ထု၏ ဝေဖန်ပြစ်တင်မှုများကို ခံခဲ့ရသည်။ သို့သော် ဝေဖန်မှုတိုင်းကို ခံနိုင်ရည်ရှိသော ၀န်ကြီးချုပ်က ပြုပြင်ပြောင်းလဲရေးများကို ဆက်လုပ်သည်။ ရလဒ်ထွက်သည်လည်းရှိ၊ ရလဒ်မထွက်ဘဲ ပြဿနာထဲတွင် လုံးလည်ချာလည်လိုက်နေသည်များလည်းရှိ သည်။ ရလဒ်ထွက်ရှိသောကိစ္စရပ်များအနက် ရန်ကုန်မြို့လယ်ကောင် Downtown Area တွင် ပလက်ဖောင်းပေါ်၌ ပိတ်ဆို့နေသော လမ်းဘေးဈေးသည်များကို ရှင်းလင်းပစ်သည်။ ကမ်းနားတွင် ညဈေးတန်းတစ်ခုကို ဖွင့်လှစ်လိုက်သည်။ ရန်ကုန်ဆိပ်ကမ်းမှ ကွန်တိန်နာများကို သယ်ယူပို့ဆောင်သော မော်တော်ယာဉ်များ သွားလာခွင့်ကို ည ၉ နာရီမှ နံနက် ၆ နာရီအထိ ကန့်သတ်လိုက်သည်။

ရလဒ်မထွက်ဘဲ လုံးလည်ချာလည်လိုက်နေသော ကိစ္စရပ်များထဲတွင် ရန်ကုန်တိုင်းအတွင်းရှိ ကျူးကျော်အိမ်ရာများကို ရှင်းလင်းပြီး တိုက်ပေါ်တင်မည့် အစီအစဉ်၊ ယာဉ်ကြောပိတ်ဆို့မှု ဖြေရှင်းရန်အတွက် နှစ်ပေါင်းများစွာ ဘတ်စ်ကားသယ်ယူပို့ဆောင်ရေးလုပ်ငန်းကို လက်ဝါးကြီးအုပ်ထားခဲ့သော မထသ(ဗဟို)ကို ဖျက်သိမ်းကာ Yangon Bus Service (YBS) ကို အစားထိုး၍ အများပိုင်ကုမ္ပဏီများဖွဲ့ပြီး ပြေးဆွဲမည့် အစီအစဉ်၊ ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသများတွင် မြို့သစ်ဖော်ဆောင်ရေး အစီအစဉ်များမှာ ကြွေးကြော်ထားသလောက် ရလဒ်ကောင်းမွန်မှုကို မတွေ့ရသေးပေ။ အထူးသဖြင့် ၂၀၁၇ နှစ်ဦးပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ ၂၈ သိန်းကို နေ့စဉ် သယ်ယူပို့ဆောင်နေသော မော်တော် ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီကို ဖျက်သိမ်းပြီး ၀ိုင်းလုပ်ဝိုင်းစားစနစ်ကို အကောင်အထည်ဖော်မည့် YBS စနစ်ကို ကူးပြောင်းလိုက်သည့်အပေါ်တွင် မြို့တော်သူ မြို့တော်သားများက အပြည့်အ၀ ကြိုဆိုထောက်ခံခဲ့ကြသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရကလည်း မထသ(ဗဟို)အား ဖျက်သိမ်းရာတွင် ယင်းလက်အောက်၌ အလုပ်လုပ်ခဲ့သည့် ၀န်ထမ်းတစ်ထောင်နီးပါးအား ၄င်းတို့၏ ဆန္ဒသဘောထားအတိုင်း YBSတွင် ဆက်လက် လုပ်ကိုင်ခွင့်ပြုခဲ့သည်။ ထို့အပြင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က မထသပိုင်ဆိုင်သော မြေနေရာများ၊ အဆောက်အအုံများနှင့် ပစ္စည်းပစ္စယများမှာ ပြည်သူလူထု၏ ဘဏ္ဍာငွေများဖြစ်သဖြင့် YBS အား လွှဲပြောင်းရာတွင် အများပြည်သူသိရှိရန် ထုတ်ပြန်ကြေညာပေးသွားမည်ဟု ပြောဆိုထားခဲ့သည်။

မထသ ဖြစ်ပေါ်လာရခြင်းမှာ အိမ်စောင့်အစိုးရခေတ် မတိုင်မီကာလက မော်တော်ယာဉ်လိုင်းများကို ယုန်၊ ဆင်၊ ပုစွန်၊ ရွက် လှေ၊ နဂါး စသည့်တိရစ္ဆာန် အမှတ်တံဆိပ်များဖြင့် သတ်မှတ်ခဲ့သော်လည်း ပဋိပက္ခများ ဖြစ်ပေါ်ခဲ့၍ တော်လှန်ရေးကောင်စီ အစိုးရလက်ထက် ၁၉၆၂ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့တွင် မော်တော်ယာဉ်လိုင်းပေါင်းစုံ ထိန်းသိမ်းကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။ ယင်းမှတစ်ဆင့် ခေတ်ကာလအလိုက် မထသအဖြစ် ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။ မထသ(ဗဟို)တွင် ယာဉ်လိုင်းအဖွဲ့အစည်း ပေါင်း ၁၇ ဖွဲ့၊ ယာဉ်လိုင်းပေါင်း ၃၅၂ လိုင်းနှင့် ယာဉ်စီးရေ ၇၄၇၃ စီးရှိခဲ့ပြီး နေ့စဉ်ယာဉ်စီးရေ ၄၆၀၀ ကျော်က ပြည်သူ ၅ သန်းကျော်ကို သယ်ယူပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

မထသ(ဗဟို)တွင် ဥက္ကဋ္ဌအဖြစ် နောက်ဆုံးတာဝန်ယူခဲ့သူမှာ အငြိမ်းစားဗိုလ်မှူးချုပ်လှအောင် ဖြစ်သည်။ ဦးလှအောင်သည် စစ်တက္ကသိုလ်အပတ်စဉ် (၁၅)မှဖြစ်ပြီး တပ်မတော် ထောက်လှမ်းရေးတွင် ဌာနကြီးမှူးတာဝန် ထမ်းဆောင်ခဲ့သည်။ ၂၀၀၄ ခုနှစ် အောက်တိုဘာလတွင် တပ်မတော် ထောက်လှမ်းရေးအား ဖျက်သိမ်းပြီး ဗိုလ်ချုပ်ကြီးခင်ညွန့် ဖမ်းဆီးခံရချိန်တွင် ဦးလှအောင်နှင့် စစ်တက္ကသိုလ်တွင် တစ်ပတ်စဉ်တည်း တက်ရောက်ခဲ့သူ ယခင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေက မထသဥက္ကဋ္ဌအဖြစ် တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

မထသလက်ထက် တစ်လျှောက်လုံး ရန်ကုန်မြို့အတွင်းရှိ ဘတ်စ်ကား သယ်ယူပို့ဆောင်ရေး စနစ်ကို တာဝန်ယူထားရာတွင် ဘတ်စ်ကားများမှာ မြို့တော်အင်္ဂါရပ်နှင့် မညီညွတ်သည့် အလွန်အမင်း ဟောင်းနွမ်းနေခြင်း၊ ဘတ်စ်ကားအတွင်း ထိုင်ခုံများမှာ သက်သောင့်သက်သာမရှိခြင်း၊ အဲယား ကွန်းဘတ်စ်ကားဟု အမည်တပ်ထားသော်လည်း အမှန်တကယ်တွင် အဲယားကွန်းမဖွင့်ခြင်း၊ မူလ ဘတ်စ်ကားတစ်စီးတွင် ပါရှိသည့် ထိုင်ခုံအရေအတွက်ကို ပြုပြင်၍ ထိုင်ခုံအရေအတွက် တိုးပွားအောင် ပြုပြင်ထားခြင်း၊ ဘတ်စ်ကား ဒရိုင်ဘာနှင့် စပယ်ယာများမှာ ခရီးသွားပြည်သူများအပေါ် ရင့်သီးစွာ ဆက်ဆံခြင်း၊ ဘတ်စ်ကားများအား မြို့တွင်းသတ်မှတ်မိုင်နှုန်းထက် ကျော်လွန်မောင်းနှင်ခြင်း၊ ဘတ်စ်ကားအချင်းချင်း တစ်စီးနှင့်တစ်စီး အသက်လု၍ အပြိုင်အဆိုင်မောင်းနှင်ခြင်း၊ ယာဉ်စည်းကမ်းများကို အစဉ်အမြဲချိုးဖောက်ခြင်း၊ ယာဉ်ထိန်းရဲများအား လေးစားမှု ကင်းမဲ့ခြင်းများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများလည်း အစဉ်အမြဲလို ဖြစ်ပေါ်ခဲ့ပါသည်။ ထို့ကြောင့် အစိုးရသစ်လက်ထက်တွင် မထသအား ဖျက်သိမ်းကာ YBS စနစ် ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်သည်။

မထသ၏ပိုင်ဆိုင်မှုများ၊ ငွေကြေးများ၊ အဆောက်အအုံ မြေနေရာများအား YBS မှ ဆက်ခံရယူရာတွင် အများပြည်သူများ သိရှိရန် ပွင့်လင်းမြင်သာစွာထုတ် ပြန်ရေးသည် ယခုအခါ အရေးကြီးလာပြီဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ရန်ကုန်မြို့တော်၏ အကွက်အကွင်းကောင်းသော မထသပိုင် မြေနေရာတချို့မှာ ဈေးဝယ်စင်တာများအား တည်ဆောက်၍ နှစ်ရှည်ငှားရမ်းထားခြင်း၊ ဘတ်စ်ကားများရပ်မည့် မြေကွက်တချို့အား အခြားစီးပွားရေးလုပ်ငန်းများ ပြုလုပ်ရန် ခွင့်ပြုထားခြင်းများရှိကြောင်း သိရှိနေရပါသည်။ အကယ်၍ ထိုသတင်းများသည် မှားယွင်း၍ မထသသည် ခွင့်ပြုထားသော ဥပဒေဘောင်ထဲမှ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သက်သေအထောက်အထားများ ထုတ်ပြန်ကြေညာနိုင်ခဲ့လျှင် ပြည်သူများလည်း အမြင်ကြည်လင်သွားပေလိမ့်မည်။ ထို့ကြောင့် YBS အား လွှဲပြောင်းပေးအပ်မည့် မထသ၏ ပိုင်ဆိုင်မှုများ အားလုံးကို အများပြည်သူလူထုသိရှိစေရန်အတွက် ထုတ်ပြန်ကြေညာပေးပါရန် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အား အကြံပြု တိုက်တွန်းအပ်ပါသည်။
လက်စောင်းထက်
Tomorrow News Journal

No comments:

Post a Comment