YBS ဟာ ဂျပန်က အကြံပေးတဲ့ စီမံကိန်းမဟုတ်ဟု ဂျပန်သံရုံးတာဝန်ရှိသူပြော
တကယ်ဝင်ပါတာမရှိဘဲ ရန်ကုန်တိုင်းအစိုးရက ကိုယ့်ဘာသာလုပ်သွားတဲ့ ကိစ္စပါ။
ရန်ကုန်မြို့ပြသယ်ယူပို့ ဆောင်ရေးအတွက် ဂျပန်နိုင်ငံက အကြံဉာဏ်တွေ တင်ပြထားပေမဲ့ YBS ဟာ ဂျပန်အစိုးရက တင်ပြထားတဲ့ စီမံကိန်းမဟုတ်ဘူးလို့ ဂျပန်သံရုံးတာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်ကြောင်း သိရပါတယ်။
ရန်ကုန်ဘတ်စ်ကားကိစ္စမှာ JICA က အကြံပေးတယ်လို့ ပြောနေကြပေမဲ့ တကယ်ဝင်ပါတာမရှိဘဲ ရန်ကုန်တိုင်းအစိုးရက ကိုယ့်ဘာသာလုပ်သွားတဲ့ ကိစ္စပါလို့ ဂျပန်သံရုံးမှ စီးပွားရေးနှင့် ချေးငွေဆိုင်ရာအကြံပေး မစ္စတာဟီဒီကီ မတ်ဆူယိုက ပြောကြားထားကြောင်း ပြည်တွင်း သတင်းစာကြီးတစ်စောင်မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
ရန်ကုန်မြို့ပြ မဟာစီမံကိန်းနဲ့ ရန်ကုန်မြို့တော်သယ်ယူပို့ ဆောင်ရေး မဟာစီမံကိန်းဆိုပြီး ဂျပန်အစိုးရအကူအညီနဲ့ ၂၀၁၃ မှာ ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)က စီမံကိန်းနှစ်ခုရေးဆွဲခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၆ မှာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အဆိုပါစီမံကိန်းနှစ်ခုကို ပြန်လည်အဆင့်မြှင့်တင် ရေးဆွဲပေးဖို့ တောင်းဆိုခဲ့တာကြောင့် JICA အနေနဲ့ ၂၀၁၆ တစ်နှစ်လုံးမှာ စီမံကိန်းနှစ်ခုလုံးကို အဆင့်မြှင့်တင်ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာ အဆင့်မြှင့်တင်ခဲ့ပြီးဖြစ်တာကြောင့် ပြည်ထောင်စုအစိုးရထံ တင်ပြထားပြီးဖြစ်ကာ လာမယ့်၂၀၁၇ မတ်လမှာ ပြည်ထောင်စုအဆင့်လွှတ်တော်တွင်း ရန်ကုန်မြို့ပြစီမံကိန်းနဲ့ သယ်ယူပို့ဆောင်ရေးစီမံကိန်းနှစ်ခုစလုံးကို ဆွေးနွေးဖို့ ရှိတယ်လို့ မတ်ဆူယိုက ပြောပါတယ်။
JICA ဟာ လက်ရှိမှာ ရန်ကုန်မြို့အတွက် အရေးပေါ် ရေဖြန့်ဝေရေးစီမံကိန်းနဲ့ ရန်ကုန်မြို့တော် ရေပေးဝေရေးစီမံကိန်းတို့ကို ချေးငွေထုတ်ချေးပြီး ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေး ဘတ်စ်ကားလိုင်းတွေအပေါ် မထသရဲ့ စီမံခန့်ခွဲနေမှုကို ဖျက်သိမ်းပြီး ၂၀၁၇ ဇန်န၀ါရီ ၁၆ ရက်က ရန်ကုန်ဘတ်စ်ကားဝန်ဆောင်မှု(YBS)စနစ်နဲ့ စတင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ YBS စနစ်ကို ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ ဆောင်ရေးကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့က ကြီးကြပ်နေတာ ဖြစ်ပါတယ်။
စနစ်သစ်စတင်တဲ့ ဇန်န၀ါရီ ၁၆ ရက်က ဘတ်စ်ကားအစီးရေ ၂,၄၀၀ ခန့်သာရှိခဲ့ပြီး ဇန်န၀ါရီလကုန်မှာ ၀င်ရောက်ပြေးဆွဲတဲ့ ဘတ်စ်ကား အစီးရေ ၄,၀၀၀ ကျော်အထိ ရှိနေပြီဖြစ်ပါတယ်။
ပြောင်းလဲပြေးဆွဲတဲ့ ဘတ်စ်ကားစနစ်ဟာ စင်ကာပူ နိုင်ငံမှာ ကျင့်သုံးနေတဲ့ ဘတ်စ်ကားပို့ဆောင်မှုစနစ်ကို အခြေခံထားပြီး ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ(JICA)အပါအ၀င် နိုင်ငံတကာ ပညာရှင်အဖွဲ့တွေရဲ့ အချက်အလက်စုစည်းမှု၊ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှုတွေနဲ့ ရေးဆွဲထားကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ဇန်န၀ါရီ ၆ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
Source: 7Day Daily : Duwun
Subscribe to:
Post Comments (Atom)
No comments:
Post a Comment