YBS ယာဉ်လိုင်းများကို အရေးယူမည့် ဥပဒေ ထုတ်ပြန်မည်
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၀
YBS ယာဉ်လိုင်းများ၏ စည်းကမ်းဖောက်ဖျက်မှုအပေါ် တိုင်ကြားမှုများနှင့် ပတ်သက်၍ အတိအကျ ဆုံးဖြတ်ထားခြင်း မရှိ၍ အရေးယူမည့် ဥပဒေကို ပြည်သူများ သိရှိရန် ထုတ်ပြန်မည် ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီး ကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
“အခုက သတိပေးသင့်တာ ပေးတယ်။ ပြစ်မှုအပေါ် မူတည်ပြီး အရေးယူသင့်တာ ယူတယ်။ ဘယ်စည်းမျဉ်းနဲ့လို့ အတိအကျ မရှိသေးဘူး” ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
တိုင်ကြားမှုများကို အရေးယူရာ တွင် ၂၀၁၅ မော်တော်ယာဉ် ဥပဒေနှင့် မထသ၏ စည်းကမ်းချက် ၁၃၈ ချက်ဖြင့် အရေးယူမည်ကို ညှိနှိုင်းလျက်ရှိပြီး လက်ရှိတွင် ဖြစ်စဉ်ပေါ် မူတည်ပြီး အရေးယူခြင်းနှင့် သတိပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
တိုင်ကြားမှုများနှင့် ပတ်သက်၍ လအလိုက် ဖြေရှင်းသွားမည်ဖြစ်ပြီး နောင်လာမည့်လအတွက် ဆောင်ရွက်မည့် အခြေအနေကို ရှင်းပြမည် ဖြစ်ကြောင်း တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဖေဖော်ဝါရီလ ၁၇ ရက်က ပြောကြားခဲ့သည်။
တိုင်ကြားခံရမှုများသော ယာဉ်လိုင်းကို ပြေးဆွဲခွင့် အပြီးပိတ်သိမ်းခြင်းကို ဆောင်ရွက်မည်ဖြစ်ပြီး ပြည်သူ့ဝန်ဆောင်မှုကို မှတ်တမ်းပြုစုကာ ဝန်ဆောင်မှုတိုးမြှင့်ခြင်း၊ အရေးယူခြင်းများကို ဆောင်ရွက်မည် ဖြစ်ကြောင်း တိုင်းဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့သည်။
YBS ယာဉ်လိုင်းစနစ် စတင်ခဲ့ချိန်မှ တစ်လအတွင်း ယာဉ်လုပ်သားများ စည်းကမ်းဖောက်မှုအပေါ် တိုင်ကြားမှုပေါင်း ၂၀၀၀ ကျော် ရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ထံမှ သိရသည်။
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment