Latest News

Wednesday, February 15, 2017

စည်းကမ်းပျက်YBS ယာဉ်လိုင်းများ ထိရောက်စွာအရေးယူမည်ဟု ဝန်ကြီး သတိပေး

စည်းကမ်းပျက်YBS ယာဉ်လိုင်းများ ထိရောက်စွာအရေးယူမည်ဟု ဝန်ကြီး သတိပေး


YBS စနစ်တွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ၈၀ ရာခိုင်နူန်းသည် စည်းကမ်းဖောက်ဖျက်မှုများ ရှိနေကြသည်ဟု ရန်ကုန်တိုင်းဒေသကြီးသယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့မှ အဖွဲ့ဝင် ကိုတရုတ်လေးက ပြောသည်။

အရေးယူမည့် စည်ကမ်းဖောက်ဖျက်မှုများထဲတွင် ဘတ်စ်ကားအချင်းချင်းပြိုင်မောင်းခြင်း မှစပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်း မလိုက်နာမှုများ ပါဝင်နေသည်။

ထိုသို့စည်းကမ်းဖောက်ဖျက်မှုများကို အရေးယူဆောင်ရွက်ရန် သက်ဆိုင်ရာယာဉ်လိုင်းတာဝန်ရှိသူများကို ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က သေသေချာချာ သတိပေးထားကြောင်း သူက ပြောခဲ့သည်။

"သူမှာတာတော့ နည်းနည်းပြင်းတယ်။ ဖောက်ဖျက်တာမထိန်းနိုင်ဘူးဆိုရင် ယာဉ်လိုင်းထိန်းသိမ်းတဲ့သူကိုလည်း အရေးယူမယ်။ သိပ်ဆိုးဝါးလာရင် ယာဉ်လိုင်းအလိုက်လည်း သူက ဖျက်သိမ်းမယ်" ဟု ကိုတရုတ်လေးက ပြောသည်။

အရေးယူမှုများကို ပြုလုပ်သည့်အခါတွင်၂၀၁၅ မော်တော်ယာဉ်ဥပဒေနှင့် အရေးယူဆောင်ရွက်မည်ဖြစ်ပြီး အများဆုံး ငွေဒဏ် သိန်း ၅၀ မှစ၍ အနည်းဆုံး သုံးသောင်းကျပ် အထိ ပေးဆောင်ရမည်ဖြစ်ကာ ထောင်ဒဏ် အများဆုံး ၆လ မှစ၍ အနည်းဆုံး ထောင်ဒဏ် တစ်လ အထိ ချမှတ်ခံရနိုင်ကြောင်း ဥပဒေတွင် ဖော်ပြထားသည်။

ချိုးဖောက်သော အမှုပေါ်မူတည်၍ ပြစ်မှု ပြစ်ဒဏ်များ ချမှတ်ရာတွင် ကွာခြားသွားမည်ဖြစ်ပြီး ငွေဒဏ်နှင့် ထောင်ဒဏ် နှစ်ခုစလုံးလည်း ချမှတ်နိုင်ကြောင်း ၂၀၁၅ မော်တော်ယာဉ်ဥပဒေမှာ ဖော်ပြထားသည်။



Mizzima - News in Burmese

No comments:

Post a Comment