ပြည်သူတွေ မျှော်လင့်တဲ့YBS ဖြစ်ဖို့ဆိုရင်
အချိန်ကား ရုံးဆင်းချိန်။ ညနေ ၅ နာရီခွဲခန့်မှ ၇ နာရီခန့်အထိ ရန်ကုန်မြို့လယ်ကောင် ဆူးလေကားမှတ်တိုင်တွင် လူပေါင်းများစွာမှာဘတ်စ် ကား လာရာဘက်သို့ မျက်နှာမူကာ မတ်တတ် ရပ်စောင့်ဆိုင်းလျက်ရှိသည်။ ဘတ်စ်ကားများ တစ်စီးပြီး တစ်စီး ထိုးစိုက်သော်လည်း ကားမှတ်တိုင်ရှိ လူအုပ်ကြီးက သိသာစွာ လျော့ကျမသွား။
‘‘လာသမျှ ကားတိုင်းက ပြည့်ကျပ်နေတာ ဘယ်လိုတက် မလဲ။ ကိုယ်စီးမယ့်ကားလာတာ သုံးလေးစီးရှိပြီ။ ဒီလိုပဲ နည်းနည်း လိုက်လို့ရတဲ့အချိန်အထိ စောင့်ရတာပဲ’’ဟု ကုမ္ပဏီ ဝန်ထမ်းကိုကျော်မင်းစိုးက ပြောသည်။
ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း ၏ ရန်ကုန်ဘတ်စ်ကားဝန်ဆောင် မှု (YBS) စနစ်သည် သီတင်းနှစ်ပတ်ကျော်လာသည့်တိုင် ပြည်သူများအတွက် ရုံးတက်၊ ရုံးဆင်းချိန်များ၌ ကျပ်ပိတ်သိပ်စွာ တိုးဝှေ့စီးနင်း နေရဆဲဖြစ်သည်။
ဆူးလေမှတ်တိုင်၌ လူပေါင်း များစွာ စုပုံနေခြင်းသည် ယခင်က မြို့ပတ်ကားများရှိ၍ ခရီးသွား ပြည်သူများမှာ နီးစပ်ရာကားမှတ် တိုင်များမှ စီးနင်းပြီး စနစ်သစ်တွင် မြို့ပတ်ကား မရှိသည့်အတွက် ယာဉ်လိုင်းအများစု ရောက်သည့် ဆူးလေတွင် စုပြုံနေခြင်းဖြစ်ကြောင်း သင်္ဃန်းကျွန်းမြို့နယ်နေ ကိုအုံးလှိုင်က မှတ်ချက်ပြုသည်။
‘‘အရင်တုန်းက ကုန်ဈေး တန်းကနေ စီးတယ်။ စံပြဈေးကို တိုက်ရိုက်ရောက်တယ်။ အခု တိုက်ရိုက်ရောက်တဲ့ ကားမရှိ တော့ဘူး။ ဆူးလေအထိ လမ်း လျှောက်လာပြီး ကားစီးရတယ်။ ကျွန်တော့်လိုလူတွေလည်း အများကြီးပဲ။ တိုက်ရိုက်ရောက်တယ်။ မြို့ပတ်ကားတွေ ရှိစေချင်တယ်’’ ဟု ကိုအုံးလှိုင်က အကြံပြုသည်။
YBS စနစ် စတင်သည့် ဇန် နဝါရီ ၁၆ ရက်တွင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက YBS စနစ်အဆင်ပြေရန် တစ်ပတ်ခန့် စောင့်ရမည်ဟု ပြောကြားခဲ့သော်လည်း လက်တွေ့၌ ပြည်သူများအတွက် ယခုအချိန်အထိ အဆင်မပြေမှုများ ရှိနေဆဲဖြစ်သည်။ ရန်ကုန်တိုင်း အစိုးရဦးဆောင်သော ရန်ကုန်တိုင်း သယ်ယူပို့ဆောင်ရေးအာဏာပိုင်အဖွဲ့ (ရသအ)က ပြဿနာတစ်ခု ပေါ်လာလိုက်နောက် မှလိုက် ဖြေရှင်းလိုက်ဖြင့် စနစ်သစ်ကို ချဉ်းကပ်နေသည်။
ပြည်သူလူထုအား ဝန်ဆောင်မှုပေးနိုင်ရန် ဘတ်စ်ကားစနစ်သစ်ကို မိတ်ဆက်သည့် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၏ ရည်ရွယ်ချက်ကောင်းမွန်သော်လည်း ရက်သတ္တနှစ်ပတ် ကျော်လွန်သည်အထိ အဆင့်ဆင့်စီးနင်းရခြင်း၊ ကားခပိုမိုကုန်ကျခြင်း၊ ယခင်ထက်ပိုမိုကျပ်သိပ်စွာ စီးနင်းရခြင်း၊ ညပိုင်းတွင် ဘတ်စ်ကားစီးရေ နည်းခြင်း စသည့် အခက်အခဲများနှင့်ရင်ဆိုင်နေဆဲဖြစ်ကြောင်းခရီးသွားပြည်သူများက ပြောသည်။
‘‘ရုံးလာတဲ့ အချိန်လည်း အဆင်မပြေဘူး။ ရုံးနောက်ကျ တော့ ပိုက်ဆံဖြတ်ခံရတာပေါ့။ အပြန်ကျလည်း နောက်ကျတာပဲ။ အဆင့်ဆင့်စီးရတော့ အချိန် အ ရမ်းကြန့်ကြာတယ်’’ဟု သိမ်ဖြူ မှ သီရိမင်္ဂလာဈေးဟောင်းအနီးသို့ ရုံးတက်ရသူ ကုမ္ပဏီဝန်ထမ်း မနွဲ့က ပြောသည်။
စနစ်သစ်တွင် ပြေးဆွဲနေ သည့် ကားလမ်းကြောင်းများနှင့် စီးနင်းရမည့် ယာဉ်လိုင်းအမှတ် များကို ပြည်သူလူထုအား ကြို တင်အသိပေးမှု နောက်ကျခဲ့သော ကြောင့် အချို့ပြည်သူများသည်ကားမှတ်တိုင်များတွင် ယောင် လည်လည်ဖြစ်ကာ အခြားသူများ ကို မေးမြန်းအကူအညီ တောင်းနေရဆဲဖြစ်သည်။
YBS စနစ်ကို ကြိုဆို ထောက်ခံကြသော်လည်း အဆင့် ဆင့် စီးနင်းရခြင်း၊ ယခင်ထက် ကားခ ပိုမိုကုန်ကျနေခြင်းအပေါ် လည်း တိုင်းအစိုးရကို အမြန်ဆုံး ဖြေ ရှင်းပေးစေလိုသည်။
စနစ်သစ်၏ အဓိကရည်ရွယ်ချက်ဖြစ်သော ပြည်သူဝန်ဆောင်မှုပေးရန်ဟူသော အချက်အား အချို့ ယာဉ်လိုင်းများတွင် အကောင်အထည်ဖော် ဆောင်ရွက်နေသော်လည်း လိုက်ပါဆောင်ရွက်ခြင်းမရှိသည့် ယာဉ် လိုင်းများစွာလည်း ရှိနေသည့်အတွက် YBS အပေါ် အဆိုးမြင် နေကြသူများလည်း ရှိနေသည်။
ဆူးလေမှတ်တိုင်တွင် ကား စီးရန် စောင့်ဆိုင်းနေသည့် အမျိုး သမီးတစ်ဦးက ‘‘စနစ်သစ်မှာ ကောင်းတာ ဘာမှမတွေ့သေးဘူး။ပိုပြီး ဒုက္ခရောက်တာပဲ တွေ့ရတယ်’’ဟု ဒေါသအနည်းငယ်စွက်သော လေသံဖြင့်ပြောသည်။
ရုံးတက်၊ ရုံးဆင်းချိန်များ တွင် ဘတ်စ်ကားအရေအတွက် အား ယခုထက် ပိုမိုများပြားစွာ ဖြည့်သွင်း ပြေးဆွဲပေးမှသာ ပြည် သူများအတွက်အဆင်ပြေနိုင်ပြီး အများပြည်သူ ဝန်ဆောင်မှုပေါ် လွင်ထင်ရှားရန် ဘတ်စ်ကားအရေအတွက် လိုအပ်နေသေးကြောင်း ခရီးသွားပြည်သူများက သုံးသပ်သည်။
ရန်ကုန်တစ်မြို့လုံးတွင် နေ့ စဉ် ဘတ်စ်ကားစီးနင်းသူ နှစ်သန်း ခန့်ရှိပြီး ယခင်က ဘတ်စ်ကားစီး ရေ လေးထောင်ခန့်ဖြင့် ပြေးဆွဲခဲ့ ခြင်းဖြစ်သည်။ စနစ်သစ်စတင်ပြီး နှစ် ပတ်ကျော်အကြာတွင် ဘတ်စ် ကားစီးရေ လေးထောင်ကျော်ဖြင့် ပြေးဆွဲနေပြီဖြစ်သည်ဟု ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာ ပိုင်အဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးသန်းဝင်းက ပြောသည်။ မကြာ မီတွင် ယာဉ်အစီးရေ နှစ်ရာကျော် တိုးတက်လာမည်ဟု၎င်းက ဇန်နဝါရီ ၂၄ ရက်၌ 7Day Daily သတင်းစာအား ပြောကြားထားသည်။
ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့သည် ရန်ကုန်ဘတ်စ် ကားဝန်ဆောင်မှု (YBS)စနစ် ကို တောက်လျှောက်ကြည့်ရှုနေ ပြီး လိုအပ်ချက်များ ပြုပြင် ပြောင်းလဲ လုပ်ဆောင်နေသည် ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက လည်း ဇန်နဝါရီ ၂၅ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။
YBS စနစ်စတင်ပြီးနောက် ပိုင်းတွင် ယာဉ်လမ်းကြောင်းများ တိုးချဲ့ပေးခြင်း၊ မြို့တွင်းပတ် ယာဉ်စီးခ နှစ်ရာကျပ်မှ သုံးရာ ကျပ်သို့ ပြောင်းလဲခြင်း၊ ညဘက် သီးသန့်ယာဉ်လိုင်း ပြေးဆွဲပေးခြင်း စသည့် ပြောင်းလဲမှုအချို့ကို ပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
စနစ်သစ်စတင်သည့် ဇန် နဝါရီ ၁၆ ရက်တွင် ရန်ကုန်တစ် မြို့လုံးတွင် လိုအပ်သည့် ယာဉ် စီးရေ၏ ထက်ဝက်ခန့်ဖြစ်သော အစီးရေ နှစ်ထောင့်သုံးရာကျော်သာ ပြေးဆွဲသောကြောင့် ကားမှတ်တိုင်များတွင်လူပင်လယ်ဖြစ် ခဲ့ပြီး ယင်းနေ့ကစတင်ကာ ပြည်သူများ၊အသင်းအဖွဲ့အစည်းများ၊ ပုဂ္ဂလိကကုမ္ပဏီကြီးများက ကားကြီး၊ ကားငယ်များဖြင့် ပါဝင် ကူညီဖြေရှင်းပေးခဲ့သည်။
သို့သော် နောက်ရက်များ တွင် ကားစီးရေ တိုးမြှင့်ပြေးဆွဲ ၍ ခရီးသွားပြည်သူများအတွက် အသက်ရှူချောင်ခဲ့ပြီး အနည်း ငယ်အဆင်ပြေခဲ့သည်။ သို့ရာတွင် စနစ်သစ်၌ ဘတ်စ်ကားထွက် ချိန်၊ ပိတ်ချိန်သည် နံနက် ၅ နာရီမှ ည ၉ နာရီအထိ သတ်မှတ် ထားသော်လည်း ယာဉ်လိုင်း အများစုသည် ၎င်းတို့အတွက် ခေါက်ရေသတ်မှတ်ချက် ပြည့်မီသည့် အချိန်၌ ရပ်နားကြ၍ ည ၇နာရီကျော်တွင်ဘတ်စ်ကား ရှားပါးခြင်းပြဿနာကို ခရီးသွား ပြည်သူများက ဆက်လက်ရင်ဆိုင်ခဲ့ရသည်။
ယာဉ်ပိုင်ရှင်များအနေဖြင့် ယာဉ်မောင်းရှားပါးမှုကို ရင်ဆိုင်နေရပြီး စနစ်သစ်တွင် သတ်မှတ်ထားသည့် အချိန်အတိုင်း ပြေးဆွဲရန် အခက်အခဲအချို့ရှိကြောင်းနှင့် ယာဉ်မောင်းများ၏ ကျန်းမာရေးအတွက် အလှည့်ကျ ပြေးဆွဲမှသာ အဆင်ပြေမည်ဖြစ်ကြောင်းပြောသည်။
ထို့အပြင် ယာဉ်မောင်းနှင့် ယာဉ်လုပ်သားများ၏ ဝင်ငွေသည်ယခင်ထက် ပိုမိုနည်းပါးပြီး အလုပ်လုပ်ချိန်မှာ ပိုတိုးလာသောကြောင့် စနစ်သစ်၏ သတ်မှတ်ချိန်အတိုင်း မောင်းနှင်နိုင်ခြင်းမရှိကြောင်း အမှတ်(၄၀)ယာဉ်လိုင်းမှယာဉ်မောင်းကိုရဲကြီးက ညည်းတွားသည်။
‘‘အရင်ကလည်း တစ်ရက် သုံးခေါက်၊ အလွန်ဆုံး လေး ခေါက်။ အခုလည်း ဒီအတိုင်းပဲ။ မနက်စောစောထပြီး ညမိုးချုပ်မှ အိမ်ပြန်ရောက်တယ်။ ဒီထက်ပို မမောင်းနိုင်တော့ဘူး’’ဟု ကိုရဲကြီးက ဆိုသည်။လက်ရှိ ဘတ်စ်ကားများတွင် ယာဉ်နောက်လိုက်ရှိသော်လည်း ကားအသစ်များ ရောက်ရှိလာပါ က ယာဉ်နောက်လိုက်များ မထားတော့ဟု ဆိုသဖြင့် ဘဝအာမခံ ချက်နှင့်ပတ်သက်၍ စိတ်ပူပန် နေကြောင်း ယာဉ်နောက်လိုက် ကိုအောင်ထက်က ပြောကြား သည်။
‘‘တခြားသူတွေ အဆင်မပြေ သလို ကျွန်တော်တို့လည်း အဆင် မပြေပါဘူး။ လမ်းကြောင်းတွေ ပြောင်းလိုက်တော့ ကျွန်တော်တို့ အိမ်နဲ့ ကားဂိတ်သွားလာရေး ခက်သွားတာ အဆိုးဆုံးပေါ့။ နောက်တစ်ချက်က ကျွန်တော်တို့ အနာဂတ် ဘာမှ ရေရေရာရာမသိ ရတာပဲ’’ဟု ၎င်းက သူ၏ပူပန်မှုကို ဖွင့်ဟသည်။
အဆိုးထဲမှ အကောင်းအနေ ဖြင့် အချို့ဘတ်စ်ကားများတွင် ယာဉ်နောက်လိုက်များ ချိုသာစွာ ပြောဆိုလာခြင်း၊ ကားခပိုမပေးရ ခြင်းတို့အပြင် ယာဉ်မောင်းများ ကလည်း ရမ်းကားစွာ မမောင်းနှင် ဘဲ စည်းကမ်းနှင့်အညီ မောင်းနှင် ခြင်းတို့ရှိလာကြောင်း အမှတ် (၅၆) ယာဉ်လိုင်းမှ ကြီးကြပ်သူ ဦးမျိုးမင်းသိန်းက ပြောသည်။
အဆိုပါယာဉ်လိုင်းတွင် စံပြ အနေဖြင့် ယာဉ်စီးနင်းခ ပိုမို ကောက်ခံသည့် ယာဉ်နောက် လိုက်ကို ရာသက်ပန် ယာဉ် နောက်လိုက်ခွင့် ပိတ်ပင်ခဲ့သည်။ အခြားယာဉ်လုပ်သားနှစ်ဦးကို လည်း သတ်မှတ်ထားသည့် စည်း ကမ်းများ မလိုက်နာ၍ အရေးယူခဲ့ကြောင်း သခင်မြပန်းခြံဘေး ရှိ အမှတ် (၅၆)ဂိတ် တာဝန်ခံ ဦးသန့်ဇင်က ပြောသည်။
‘‘ဒီစနစ်ကို ပြောင်းလဲတဲ့နေ ရာမှာ ယာဉ်ပိုင်ရှင်တွေ၊ ယာဉ် လုပ်သားတွေတင်ပြောင်းလဲလို့မ ရပါဘူး။ ခရီးသွားပြည်သူတွေက လည်း စည်းကမ်းနဲ့အညီ ပူးပေါင်း ပါဝင်ဖို့ လိုပါတယ်။ ဥပမာတစ်ခု ပြောရမယ်ဆိုရင် အခုအချိန်အထိ ကားမှတ်တိုင်မဟုတ်ဘဲ မီးပွိုင့် တွေ တက်ခွင့်တောင်းတာ၊ မရ ရင်အဆဲခံရတယ်။ အဲဒီတော့ ခရီးသွားပြည်သူတွေလည်း ပြောင်းလဲဖို့လိုတယ်’’ဟု ဦးမျိုး မင်းသိန်းက မှတ်ချက်ပြုသည်။
လက်ရှိ YBS သည်စနစ်ကို သာ ပြောင်းလဲနိုင်ပြီးအဆင့်မြှင့်တင်ခြင်းလုပ်ငန်းစဉ် ကျန်ရှိနေ သေးကြောင်း ရန်ကုန်တိုင်းဒေသ ကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ၀န်ခံထားသည်။
ယာဉ်လိုင်းကို အချိန်ပြည့် စည်းကမ်းလိုက်နာခြင်း ရှိ၊မရှိ စောင့်ကြည့်ကြပ်မတ်နိုင်ရန် ဇန်န ၀ါရီ ၂၅ ရက်ကစတင်ကာ GPS စနစ်တပ်ဆင်ပြီး ယာဉ်စီးနင်းခ ပိုမိုမကုန်ကျရန်နှင့် စနစ်တကျ ဖြစ်စေရန် ကတ်စနစ်ဖြင့် လုပ် ဆောင်ပေးမည်ဟု ၀န်ကြီးချုပ်က ပြောကြားထားသည်။
ဦးဖြိုးမင်းသိန်းကဘတ်စ်ကား စနစ်စတင်ပြီး နှစ်ပတ်ကျော် အကြာ တွင်မူအများပိုင်ဘတ်စ် ကား ကုမ္ပဏီအချို့၏လက်ရှိလုပ် ဆောင်နေမူအခြေအနေကို ဘဝင်မကျကြောင်း ထုတ်ဖော် ပြောကြားသည်။
အစိုးရကသက်မှတ်စုစည်း ပေးထားသည့်အများပိုင် ဘတ်စ်ကား ကုမ္ပဏီအချို့သည်ခရီးသွား များသည့် လမ်းကြောင်းနှင့်ခရီးသွားများသည့် အချိန်များတွင်သာ ပြေးဆွဲလိုနေကြခြင်းကြောင့်ဖြစ် သည်ဟုဦးဖြိုးမင်းသိန်းက ဇန်န ဝါရီ ၂၈ရက်ကပြုလုပ်သည့် ဘား ကမ့်ရန်ကုန်ပွဲတွင် ပြောကြားခဲ့ခြင်းဖြစ် သည်။
‘‘ဘတ်စ်ကားလိုင်းတွေက လည်း တစ်ဦးချင်းစီလုပ်ထားတာကြောင့်ရှုံးတဲ့လိုင်းဆိုရင် မပြေးချင်ကြဘူး။ ရှုံးတဲ့အချိန်ဆို ရင်မလာချင်ဘူး။ ဒီအခြေအနေ တွေအားလုံးကိုပြင်ဖို့ ပြင်ဆင် ထားတယ်’’ဟု ၎င်းကပြောသည်။
ထို့အပြင် လက်ရှိကျင့်သုံးနေသည့် ဘတ်စ်ကားစနစ်အသစ် ကိုဆွီဒင်နှင့်ဂျပန်နိုင်ငံတို့၏အကူ အ ညီဖြင့်ပြန်လည်စမ်းစစ်လေ့လာမူများ ပြုလုပ်သွားမည်ဟု လည်း ဝန်ကြီးချုပ်ကဆိုသည်။
၎င်းကမူယခုအချိန်အထိ ဘတ်စ်ကားစနစ်သည်တစ်နှစ်အကြာတွင်နိုင်ငံတကာအဆင့် ရောက်ရှိမည်ဟုဆိုပြန်သည်။
သို့သော် YBS စနစ်စတင် ပြီး တတိယမြောက်နေ့တွင် ယာဉ် နောက်လိုက်က ခရီးသည်ကို ထိုးကြိတ်မှုဖြစ်ပေါ်ပြီး အလား တူဖြစ်ရပ်မျိုး မပေါ်ပေါက်ရန်နှင့် ခရီးသည်များအတွက် ယဉ်ကျေး ပျူငှာသည့် ဆက်ဆံရေးရရှိရန် စည်းကမ်းထိန်းသိမ်းကြပ်မတ် ရေးအဖွဲ့များက အချိန်နှင့်တစ် ပြေးညီ စောင့်ကြည့်အရေးယူရန် ပြည်သူများကမျှော်လင့်နေ သည်။
‘‘အရင်လို ကားမှတ်တိုင် တွေမှာ အကြာကြီးကျောက်ချ မယ်၊ ခရီးသည်တွေကို ကြမ်း ကြမ်းတမ်းတမ်း ဆက်ဆံတယ်။ ကားကိုလည်း ဟိုကျော်ဒီခွနဲ့ ပ ရမ်းပတာမောင်းမယ်ဆိုရင် ပြည် သူတွေ လုံခြုံကောင်းမွန်တဲ့စနစ် ဖြစ်လာမှာမဟုတ်ဘူး။ အဲဒါတွေ ကို သက်ဆိုင်ရာတာဝန်ရှိလူကြီး တွေက ကြပ်ကြပ်မတ်မတ် လုပ် ဆောင်ဖို့လိုတယ်’’ဟု အင်းစိန်မြို့ နယ်နေကိုကျော်ဇောကပြော ကြားသည်။
စေတနာပိုင်းအားကောင်း သော်လည်း ကြိုတင်စီမံခန့်ခွဲမှု ပိုင်းအားနည်းခဲ့သည့် ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ရန်ကုန်ဘတ်စ် ကားဝန်ဆောင်မှု (YBS) စနစ် သည်ပြည်သူလူထုဝိုင်းဝန်းကူညီ မှု၊ စိတ်ရှည်သည်းခံမှုတို့ဖြင့် ရှေ့ ဆက်နေသည်။ ပြည်သူအများစု က စနစ်သစ်ကို ကြိုဆိုထောက်ခံ ၍ ယင်းစနစ်အောင်မြင်မည်ဖြစ် ပြီး အောင်မြင်ရန်လည်းလုပ် ဆောင်ရမည်ဟု ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စား လှယ် ဦးနေဘုန်းလတ်က မှတ် ချက်ပြုသည်။
‘‘လူထုက သည်းခံလို့သာ ဒီ လောက်အခြေအနေရောက်တာ။ အောင်မြင်မှုကိုသွားတဲ့လမ်းမှာ အဆင်ပြေချောမွေ့မှုမရှိဘူးလို့ ထင်တယ်’’ဟုလည်း ဦးနေဘုန်း လတ်က သုံးသပ်ပြောကြားသည်။
7Day News Journal
Subscribe to:
Post Comments (Atom)
No comments:
Post a Comment