Latest News

Monday, February 6, 2017

YBS အတွက် DVB debate သုံးသပ်ချက် (Opinion)

YBS အတွက် DVB debate သုံးသပ်ချက် (Opinion)

YBS နဲ့ပတ်သက်လို့ DVB Debate လုပ်ထားတာကို ကြည့်လိုက်တယ်။ စနစ်ကို စီမံနေတဲ့ YRTA အဖွဲ့ထဲကနှစ်ယောက် ယာဉ်ပိုင်အစုအဖွဲ့ဘက်က တစ်ယောက်နဲ့ ကားထုတ်လုပ်ရေးနဲ့ ဖြန့်ဖြူးရေးအသင်းက တစ်ဦး ပါတယ်။ ဒီဒီဘိတ်က နေ ပြောစရာ အမြင်တွေရှိလာပါတယ်။

၁) ပထမဆုံးအနေနဲ့ YBS ကို ဦးဆောင်နေတဲ့ သူတွေဟာ ရှိနေတဲ့ ပြသနာတွေကို သိတန်သလောက် သိတယ်။ သွားရမယ်စနစ်ရဲ့ ဦးတည်ချက် အချက်အခြာတွေကိုလည်း နားလည်ထားပုံရတယ်။ ဒါပေမယ့် စနစ်ထဲမှာ ဝင်ရောက် လုပ်ကိုင်နေတဲ့ ကုမ္ပဏီအမျိုးမျိုး အစုအဖွဲ့အမျိုးမျိုးကို နားလည်လောက်အောင် ရှင်းရှင်းလင်းလင်း မပြောနိုင်တာ တွေ့ရတယ်။ အဓိက အခက်အခဲတွေကို ကျော်လွားဖို့ ပြင်ဆင်ထားမှုကိုလည်း မကြားရပါ။

၂) ကြားလူဖြစ်တဲ့ ကားထုတ်လုပ်ဖြန့်ဖြူးရေးအသင်းက ဆရာရဲ့အပြောအရ စနစ်အပြောင်းအလဲကို လေ့လာနေတဲ့ ကြားလူတွေက နားလည်ပြီး ထောက်ခံတယ် ပြောင်းသွားမယ် ရလာဒ်ကို မျှော်မှန်းနေတယ်ဆိုတာ မှန်းဆနိုင်တယ်။ ပရိသတ်တွင်းက ကြားလူတစ်ဦးဖြစ်တဲ့ ညလယ်မိုးရဲ့ အာဏာပိုင်အဖွဲ့က ကုမ္ပဏီတွေကို အာဏာမသုံးနိုင်တာကို ထောက်ပြချက်ကိုလည်း သတိပြုသင့်ပါတယ်။

၃) YBS operator ကုမ္ပဏီအစုအဖွဲ့တွေ ဘက်က တစ်ဦးလို ယူဆရမယ့် ကားအသင်းဘက်က လူကတော့ မထသ ဝန်ထမ်းဟောင်း ယာဉ်ပိုင်ရှင်ပါ။ သူ့ရဲ့ အဆိုအရ သူတို့ယာဉ်ပိုင် အစုအဖွဲ့တွေက ပါဝင်ပူးပေါင်းလိုစိတ် ရှိကြသော်လည်း ဝင်ငွေကိစ္စအငြင်းပွားမှုတွေကြောင့် အသင်းက ယာဉ်တွေ ပြန်ထွက်တာ သုံးပုံတစ်ပုံလောက် ရှိတယ်ဆိုတယ်။ သူတို့အသင်းအနေနဲ့ ငွေပုံးကို အောင်မြင်အောင် လုပ်စေချင်ပေမယ့် YRTA အနေနဲ့ ငွေပုံးအားလုံးသုံးကြအောင် မကြပ်မတ်နိုင်တာကို ပြောသွားပါတယ်။ ယာဉ်ပိုင်အသင်းအနေနဲ့ ကိုယ်ပိုင်ယာဉ်ဆိုတဲ့ အယူအဆကို လုံးဝမစွန့်လွှတ်နိုင်တာကိုလည်း မြင်ရပါတယ်။ ဒီအယူအဆနဲ့အတူ ကိုယ်ပိုင်ကားက ဝင်တဲ့ငွေ ကိုယ့်ငွေဆိုတဲ့အယူအဆကြောင့် ယာဉ်ပိုင်တွေ ကြားကားပြောင်းဆွဲကုန်ကြပါတယ်။ ကားဒရိုင်ဘာ စပယ်ယာတွေက နောက် သုံးလနေ ကဒ်လာမယ်ဆိုပြီး တွန်းထိုးစီးပွားရှာတယ်လို့လည်း ဆိုပါတယ်။

ဒီလို ဘက်သုံးခုခွဲလိုက်တဲ့အခါ မျှတတဲ့ ဘုံစနစ် ဝင်ငွေခွဲဝေမှုနဲ့ ယာဉ်ပိုင်စနစ်ပျောက်ရေးဆိုတဲ့ စနစ်ရဲ့ အဓိကရည်မှန်းချက်ဟာ လုံးဝ အကောင်အထည် မပေါ်လာပါဘူး။ အားလုံးပါဝင်ပြီး စနစ်သစ်တစ်ခုကို ချီတက်ရေးဆိုတဲ့ ဦးတည်ချက်ဟာ အတော်ဝေဝါးသွားပါပြီ။ ဒီနေရာမှာ BRT လို အချို့ကုမ္ပဏီတစ်ချို့နဲ့ ၄၅ လိုင်းလို အချို့ ကားအသင်းတချို့ဟာ အပြောင်းအလဲမှာ လိုက်လျောညီထွေ ဖြစ်ပြီး ရှေ့ဆောင်နေရာက နာမည်ရနေတာလည်း တွေ့ရပါတယ်။

အားလုံးခြုံကြည့်လိုက်ရင် ကျွန်တော်တို့ မှန်းဆပြောခဲ့တဲ့ ငွေခွဲဝေမှုစနစ်ဟာ အကြီးဆုံးပြသနာဖြစ် နေခဲ့တာသွားတွေ့ပါတယ်။ YRTA ဘက်က ဒါကို လျော့ပါးသက်သာစေမယ့် အစီအစဉ် တစ်ခုခု လက်ရှိမှာ မချပြနိုင်ပါ။ ကား အစီး ၁၀၀၀ ဝယ်မယ်ဆိုတာလည်း မဟုတ်ဘူးလို့ ငြင်းဆိုသွားပါတယ်။ ဒီဘိတ်ကနေ နားလည်မိတာတော့ နောက် ၆လ အထိ စိတ်ရှည်သည်းခံ လမ်းကြောင်းမှန် ဂါထာလေးနဲ့ ဆက်ချီတက်ဖို့များနေပါတယ်။ နောက် ၆လ ဆိုတာက ကဒ်စနစ်ပါ။ ကုမ္ပဏီအမျိုးမျိုး ကားအသင်းအမျိုးမျိုး ငွေခွဲဝေပုံအမျိုးမျိုးနဲ့ ကသောင်းကနင်း ဖြစ်နေတဲ့ ပြသနာကို ၃လကနေ ၆လရွှေ့သွားတဲ့ ကဒ်စနစ်ဆိုတာနဲ့ ဘယ်လိုပြေလည်အောင် လုပ်မလဲဆိုတာကတော့ အတော်စဉ်းစားရ ခက်တဲ့ ပုစ္ဆာကြီးတစ်ခု ဖြစ်လို့နေဆဲပါ။

ဒီပြသနာကို လေ့လာတာ YBS ကို အပြစ်ပြောချင်လို့ ဝေဖန်ဖို့ ဆိုတာထက် မြန်မာနိုင်ငံတွင်း စနစ်တစ်ခုကို ပြောင်းဖို့ ကြိုးစားတဲ့ ပထမဆုံးကြီးမားတဲ့ ကြိုးစားမှုကို နားလည်အောင် လေ့လာချင်တာပါ။ ဝန်ကြီးချုပ်နေရာကို ဘယ်သူဝင်ဝင် အပြောင်းအလဲမှာ ဒီပြသနာမျိုးတွေ တွေ့ရလိမ့်မယ်ဆိုတာ ကျိမ်းသေနေတယ်။ ရန်ကုန်မက ဘယ်တိုင်း ဘယ်ပြည်နယ်ဖြစ်ဖြစ် စနစ်ပြောင်းရင် တွေ့ရမယ့် ပြသနာတွေက ဆင်တူနေပါလိမ့်မယ်။ အားလုံးပါဝင်ရေး၊ ပြည်သူကိုမျက်နှာမူရေး၊ ငြင်သာပျော့ပျောင်းတဲ့ ဆွဲဆောင်ပြောဆိုမှု စတဲ့ အခြေခံမူကြီးတွေရဲ့ အားသာချက် အားနည်းချက်တွေကို ပြသွားနိုင်တယ်လို့လည်း မြင်ပါတယ်။ ဒါ ရှောင်မရတဲ့ တကယ့် reality ပါ။ ဘယ်လိုဆိုဆို YBS တိုးတက်အောင်မြင်ဖို့ လိုတာတွေ အချိန်မီ ပြုပြင်နိုင်ပါစေလို့ ဆန္ဒပြုပါတယ်။

ရေးသားသူ - Thein Myint Win

HaveASay

No comments:

Post a Comment