Latest News

Thursday, February 9, 2017

NLD အစိုးရ၏ ပထမ ကိုးလ သက်တမ်း အတွင်း ပြည်ပ ကြွေးမြီ အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ကျော် လျော့ကျ

NLD အစိုးရ၏ ပထမ ကိုးလ သက်တမ်း အတွင်း ပြည်ပ ကြွေးမြီ

အမေရိကန် ဒေါ်လာ သန်း ၅ဝဝ ကျော် လျော့ကျ



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ဦးဆောင်သည့် အစိုးရ အဖွဲ့သစ်၏ ပထမ ကိုးလ သက်တမ်း အတွင်း မြန်မာနိုင်ငံ၏ ပြည်ပ ကြွေးမြီ အခြေအနေသည် အမေရိကန် ဒေါ်လာ သန်း ၅၄ဝ ခန့် လျော့နည်း သွားခဲ့ကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ လွှတ်တော်သို့တင်ပြသည်။

အဆိုပါဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကျော်ဝင်း၏ ပြည်ထောင်စု လွှတ်တော်သို့ ဇန်နဝါရီ ၃ဝ ရက်တွင် တင်ပြချက်များ အရ မြန်မာနိုင်ငံ၏ ပြည်ပ ကြွေးမြီ ပမာဏသည် ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက် အထိ စုစုပေါင်း အမေရိကန် ဒေါ်လာ ၈ ဒသမ ၉၈၉ ဘီလျံ ရှိကြောင်း သိရသည်။ သို့သော်လည်း ၄င်း ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း၏ ပြည်သူ့ လွှတ်တော်သို့ ဖေဖော်ဝါရီ ၇ ရက်တွင် တင်ပြချက် အရ အစိုးရသစ် စတင် တာဝန် လွှဲပြောင်း ရယူသည့်ရက် မတိုင်ခင် ၂ဝ၁၆ ခုနှစ်၊ မတ် ၃၁ ရက်အထိ နိုင်ငံပြည်ပ ကြွေးမြီ ပမာဏသည် ကန် ဒေါ်လာ ၉ ဒသမ ၅၃ဝ ဘီလျံရှိကြောင်း တွေ့ရသည်။

ပြည်ထောင်စု ဝန်ကြီးနှင့် ဒုတိယ ဝန်ကြီးတို့၏ လွှတ်တော် များသို့ ရက်ပိုင်း အတွင်း တင်ပြခဲ့သော ထိုအချက် များအရ အစိုးရသစ်၏ ကိုးလတာ ကာလ အတွင်း ပြည်ပသို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီ ပမာဏ ကန်ဒေါ်လာ သန်း ၅၄ဝ ကျော် လျော့နည်း သွားကြောင်း တွေ့ရသည်။

ပြည်ထောင်စုအဆင့် ဗဟို အဖွဲ့အစည်းများ၊ ဝန်ကြီးဌာန၊ ဦးစီးဌာန များသည် ပြည်ပ ချေးငွေ ရယူထားပါက ပြည်ထောင်စု၏ အရအသုံး ခန့်မှန်းခြေ ငွေစာရင်းများ ရေးဆွဲရာတွင် ချေးငွေအရင်း ပြန်လည် ပေးဆပ်ရန် သို့မဟုတ် အတိုးနှင့် စရိတ်များကို ပေးချေရန် ထည့်သွင်း တင်ပြရကြောင်း ဦးမောင်မောင်ဝင်းက ပြောကြားခဲ့သည်။

ထိုအသုံးစရိတ် တင်ပြချက်များကို ပြည်ထောင်စု လွှတ်တော် ကလည်း ဖြတ်တောက်ခြင်း မပြုကြောင်း ၄င်းက ဆက်လက် ပြောကြားခဲ့သည်။ သို့သော်လည်း လျော့နည်းသွားသော ကြွေးမြီ ပမာဏနှင့် ပတ်သက်၍မူ သီးခြား ရှင်းလင်း ပြောကြားခဲ့ခြင်း မရှိပေ။

မြန်မာနိုင်ငံသည် ယခင် တပ်မတော် အစိုးရ လက်ထက်က ပြည်ပနိုင်ငံ၊ အဖွဲ့အစည်းများ ထံမှ ချေးငွေများ ရရှိရန် ခက်ခဲခဲ့ သော်လည်း ၂ဝ၁ဝ ရွေးကောက်ပွဲ အလွန် ဦးသိန်းစိန် အစိုးရ လက်ထက်မှစ၍ ပြည်ပ ချေးငွေများ ပြန်လည်ရရှိလာသည်။

ထို့ကြောင့်လည်း ၂ဝ၁၂ ခုနှစ်၊ မတ် ၃၁ ရက်တွင် ပြည်ပ
ကြွေးမြီ ကျပ် ၆,၃၃၅ ဘီလျံသာ ရှိခဲ့ရာက ၂ဝ၁၃ ခုနှစ်၊ မတ် ၃၁ ရက်တွင် ကျပ် ၇,၃ဝ၁ ဘီလျံ သို့ လည်းကောင်း၊ ၂ဝ၁၄ ခုနှစ်၊ မတ် ၃၁ ရက်တွင် ကျပ် ၉,၅၆၁ ဘီလျံသို့ လည်းကောင်း၊ ၂ဝ၁၅ ခုနှစ်၊ မတ် ၃၁ ရက်တွင် ကျပ် ၉,၅၄၅ ဘီလျံသို့ လည်းကောင်း၊ ၂ဝ၁၆ ခုနှစ်၊ မတ် ၃၁ ရက်တွင် ကျပ် ၁၂,၂၄၆ ဘီလျံသို့ လည်းကောင်း တိုးမြင့်လာကြောင်း တွေ့ရသည်။

''နိုင်ငံတော်၏ ကြွေးမြီဟောင်းများကို ရှင်းလင်းနိုင်ခြင်းနှင့် ပေးဆပ်ရမည့် အရင်းအတိုးများ ပုံမှန် ပေးဆပ်လျက် ရှိခြင်းကြောင့် ပြည်ပက ချေးငွေ၊ ထောက်ပံ့ငွေများ တိုးတက်ရလျက် ရှိရာ ကြွေးမြီခံနိုင် ရည်ရှိမှု အတိုင်းအတာ အတွင်း ရယူသင့်သည့် ချေးငွေများကို စိစစ် ရယူခြင်းဖြင့်လည်း စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု အရှိန်အဟုန်ကို မြှင့်တင်ပေးရမှာ ဖြစ်ပါတယ်'' ဟု ဦးကျော်ဝင်း က ဇန်နဝါရီ ၃ဝ ရက်တွင် ပြောကြားခဲ့သည်။

သို့သော်လည်း နှစ်လတ်ဘဏ္ဍာရေးလျာထားချက် (၂ဝ၁၅ - ၁၆ ဘဏ္ဍာနှစ်မှ ၂ဝ၁၉ - ၂ဝ ဘဏ္ဍာနှစ်) အရ လာမည့် ၂ဝ၁၇ - ၁၈တွင် ပြည်ပ ချေးယူရငွေကို ကျပ် ၁,၉၅၆ ဘီလျံ လျာထားကြောင်း အရ အသုံး ခန့်မှန်းခြေ ငွေစာရင်းတွင် ဖော်ပြပါရှိသည်။

အဆိုပါ ငါးနှစ်စာ လျာထားချက် အရ ပထမဆုံးနှစ်တွင် ကျပ် ၈၅၄ ဘီလျံ ချေးယူခဲ့ပြီး ဒုတိယနှစ်တွင် ၁,၃ဝဝ ဘီလျံ ချေးယူခဲ့ပြီး ဖြစ်သည်။ လက်ရှိ လျာထားသော တတိယနှစ်သည် ပမာဏ အများဆုံး ဖြစ်ပြီး စတုတ္ထနှစ် တွင်မူ ၁,၁၆၁ ဘီလျံသို့ လည်းကောင်း၊ ပဉ္စမ နှစ်တွင် ၉၃၈ ဘီလျံသို့ လည်းကောင်း အသီးသီး ပြန်လည် လျှော့ချ သွားမည် ဖြစ်သည်။

ကြွေးမြီ စီမံခန့်ခွဲမှု လုပ်ငန်းများ ပိုမိုထိရောက် အောင်မြင် လာစေရန် အာရှ ဖွံ့ဖြိုးရေး ဘဏ်၏ အကူအညီဖြင့် ပြည်တွင်း ပြည်ပ ကျွမ်းကျင် ပညာရှင်များ ငှားရမ်းကာ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်းလည်း ဦးကျော်ဝင်း က ပြောကြားခဲ့သည်။

နိုင်ငံတော်၏ ပြည်တွင်းပြည်ပ ကြွေးမြီ အခြေအနေနှင့် ပတ်သက်ပြီး အစိုးရသစ် စတင် တာဝန်ယူသည့် ကာလတွင် ရှိခဲ့သည့် အခြေအနေကို အများပြည်သူ သိရှိသင့်ကြောင်း အန်အယ်လ်ဒီ ပါတီ၊ လှိုင်းဘွဲ့မြို့နယ်  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချိုက ဖေဖော်ဝါရီ ၇ ရက်တွင် ပြောကြားသည်။

''နိုင်ငံရဲ့ယန္တရား၊ ဝန်ကြီးဌာန အသီးသီးရဲ့ ကြံ့ခိုင်မှု (ကြွေးမြီ) ဟာ ရရန်ရှိတဲ့ ကြွေးမြီနဲ့ ပေးရန်ရှိတဲ့ ကြွေးမြီတွေ အပေါ်မှာ မူတည်ပါတယ်။ ဝန်ကြီးဌာန အသီးသီးရဲ့ ရရန်ရှိတဲ့ အကြွေး၊ ပေးရန်ရှိတဲ့ အကြွေးတွေနဲ့ ပတ်သက်ပြီး ပြည်သူ့ငွေစာရင်း ကော်မတီ ဝင်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေ ကလည်း မျက်ခြည်မပြတ် လေ့လာ စောင့်ကြည့်နိုင်ဖို့ လိုပါတယ်'' ဟု ၄င်းက ပြောကြားခဲ့သည်။

သို့သော်လည်း ပြည်ထောင်စု ဝန်ကြီးဦးကျော်ဝင်း ကမူ နိုင်ငံတွင် ပြည်သူ့ ကြွေးမြီ စီမံခန့်ခွဲမှု ဥပဒေကို ပြဋ္ဌာန်းနိုင် သကဲ့သို့ ကြွေးမြီ ခံနိုင်ရည်ရှိမှု ဆန်းစစ်ခြင်း၊ ကြွေးမြီ စီမံခန့်ခွဲမှု ခိုင်မာ အားကောင်းစေရန် ဆောင်ရွက်ခြင်း၊ ကြွေးမြီ မှတ်တမ်းတင်ခြင်း၊ ကြွေးမြီ အစီရင်ခံခြင်း တို့ကို စနစ်တကျ ဆောင်ရွက်လျက် ရှိကြောင်း ပြောကြား ခဲ့သည်။ လွှတ်တော် ကိုယ်စားလှယ် များသို့ ဖြန့်ဝေ ထားသည့် စာရင်းများ အရ မြန်မာနိုင်ငံ၏ ကြွေးရှင်နိုင်ငံနှင့် အဖွဲ့အစည်း စုစုပေါင်း ၁၇ ခုရှိပြီး အိမ်နီးချင်း တရုတ်နိုင်ငံသည် ကြွေးမြီ ပမာဏ အကြီးဆုံး မြီရှင်နိုင်ငံ ဖြစ်သည်။

ဒုတိယ ဝန်ကြီး ဦးမောင်မောင်ဝင်း၏ လွှတ်တော်သို့ ရှင်းလင်း တင်ပြချက်အရ ၂ဝ၁၆ ခုနှစ်၊ မတ် ၃၁ ရက် အထိ ဝန်ကြီးဌာန ၂ဝ နှင့် ရန်ကုန်/မန္တလေး စည်ပင် သာယာရေး ကော်မတီတို့က ပြည်ပ ကြွေးမြီများ ပေးဆပ်ရန် ရှိနေကြောင်း တွေ့ရသည်။ ဝန်ကြီးဌာန များတွင် စွမ်းအင်ဝန်ကြီးဌာနက ပြည်ပ ကြွေးမြီ ပမာဏ ကန်ဒေါ်လာ ၂,၃၄၉ သန်းဖြင့် အများဆုံး နေရာတွင် ရှိနေပြီး ဘဏ္ဍာရေး ဝန်ကြီးဌာနက ကန်ဒေါ်လာ ၂,၂၁၆ ဒသမ ၉ သန်းဖြင့် ဒုတိယ နေရာတွင် ရှိနေကာ စက်မှု ဝန်ကြီးဌာနက ကန် ဒေါ်လာ သန်း ၁,၇ဝဝ ဖြင့် တတိယ နေရာတွင် ရှိနေသည်။

ထိုနောက်တွင် လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနက ကန် ဒေါ်လာ ၉၁၆ ဒသမ ၇ သန်းကျော်၊ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနက ကန်ဒေါ်လာ ၇ဝ၆ သန်း၊ ပို့ဆောင်ရေး ဝန်ကြီးဌာနက ကန် ဒေါ်လာ ၆၇ဝ ဒသမ ၉ သန်း၊ သမဝါယမ ဝန်ကြီးဌာနက ကန်ဒေါ်လာ ၄၇၈ သန်း၊ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနက ကန်ဒေါ်လာ ၁၁၈ ဒသမ ၂ သန်းကျော်၊ ကာကွယ်ရေး ဝန်ကြီးဌာနက ကန် ဒေါ်လာ ၆၉ ဒသမ ၂ သန်း၊ ဆက်သွယ်ရေး၊ သတင်း အချက်အလက်နှင့် နည်းပညာ ဝန်ကြီးဌာနက ကန် ဒေါ်လာ ၆၄ ဒသမ ၄ သန်း၊ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကန်ဒေါ်လာ ၅၆ ဒသမ ၅ သန်း၊ ပြည်ထဲရေး ဝန်ကြီးဌာနက ကန်ဒေါ်လာ ၃၈ သန်းခန့်၊ ပညာရေး ဝန်ကြီးဌာနက ကန်ဒေါ်လာ ၃၃ ဒသမ ၈ သန်း၊ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာနက ကန်ဒေါ်လာ ၂၉ ဒသမ ၂ သန်း၊  သတ္တုတွင်း ဝန်ကြီးဌာနက ကန်ဒေါ်လာ ၂၇ သန်းခန့်၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနက ကန်ဒေါ်လာ ၂၆ ဒသမ ၁ သန်းခန့်၊ ကျန်းမာရေး ဝန်ကြီးဌာနက ကန်ဒေါ်လာ ၂၃ ဒသမ ၃ သန်း စသည်ဖြင့် အစဉ်လိုက် ရှိနေကြောင်း တွေ့ရသည်။

ပြီးခဲ့သည့် ဦးသိန်းစိန် အစိုးရလက်ထက် ပြည်ပ ချေးငွေများနှင့် ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော်၏ အတည်ပြုချက် ရယူရန် ပေးပို့သည့် အချိန်တွင် အတိုက်အခံ ဖြစ်ခဲ့သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်များ၏ ထောက်ပြ ဝေဖန်မှုများ ရှိခဲ့သော်လည်း လက်ရှိ အစိုးရသစ် လက်ထက် တွင်မူ အတိုက်အခံ ပြန်ဖြစ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် လွှတ်တော် ကိုယ်စားလှယ် များ၏ ထောက်ပြ ဝေဖန်မှုမှာ အားနည်း နေသေးကြောင်း တွေ့ရသည်။

ယခုကဲ့သို့ အစိုးရသစ် လက်ထက် ကြွေးမြီ တင်ပြချက် များနှင့် ဆက်စပ်၍ အစိုးရ အဖွဲ့သည် ပြီးခဲ့သည့် ၁ဝ လအတွင်း ပြည်ပ ကြွေးမြီများ ပြန်လည် ပေးဆပ်မည် ဖြစ်သော်လည်း အထက်ပါ ကွာခြားနေသော ကန်ဒေါ်လာ သန်း ၅၄ဝ ခန့်သည်  စာရင်းစစ် အတည် မပြုရသေးသော ပမာဏ ဖြစ်သောကြောင့် အတည် မယူနိုင်သေးကြောင်း လှိုင်းဘွဲမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်ချို က ပြောသည်။

ထို့ကြောင့် ဦးမောင်မောင်ဝင်း၏ တင်ပြချက်ထက် ဦးကျော်ဝင်း၏ တင်ပြချက်ကို ပိုပြီး အတည် ယူနိုင်ကြောင်း ပြောကြားသည်။ ဝန်ကြီးဌာနများတွင် ရှိနေသော ရရန်၊ ပေးရန်ရှိ အကြွေးများနှင့် ပတ်သက်၍ မေးမြန်းခဲ့ခြင်းနှင့် ပတ်သက်ပြီး ''ဝန်ကြီးဌာနတွေ အားကောင်းမှ နိုင်ငံက အားကောင်းမှာလေ။ ဝန်ကြီးဌာန တစ်ခုမှာ အကြွေးက  တအားများနေတယ် ဆိုရင် ဘယ်လို လုပ်ပြီး အားကောင်းမလဲပေါ့။ အဲဒီတော့ ဒီဝန်ကြီးဌာန တစ်ခုမှာ သူ့မှာ ရစရာတွေ၊ ပေးစရာတွေ ဘယ်လောက် ရှိနေလဲ၊ သူက အကြွေးတွေ ထပ်ခါထပ်ခါ ချေးနေတယ်၊ ဒါကို ဘာကြောင့်ထပ်ချေးသင့်လဲ မချေးသင့်လဲ လွှတ်တော် ကိုယ်စားလှယ်တွေက သိသင့်တယ်''ဟု ပြောခဲ့သည်။
မြန်မာတိုင်းမ်

No comments:

Post a Comment