NLD မှတပါး အခြားမရှိ
အစိုးရ
တပ်မတော်
ပါတီ၊ သံဃာ မည်သည့်အဖွဲ့အစည်းမှာမဆို အကျင့်ပျက်သမားဆိုတာ ရှိတယ်
အရေးကြီးတာက အကျင့်ပျက်သမားကို ဆက်လက်မွေးမြူထားခြင်း၊ မထားခြင်းပဲဖြစ်တယ်
အစိုးရအဖွဲ့မှာ အကျင့်ပျက်ဝန်ထမ်းဆိုတာ ဘယ်ခေတ်၊ ဘယ်ကာလ၊ ဘယ်နိုင်ငံမှာမဆို ရှိစမြဲ။ အစိုးရအနေနဲ့ ဖော်ထုတ်အရေးယူခြင်းရှိတဲ့ အစိုးရခေတ်နဲ့ ဖော်ထုတ်အရေးယူခြင်း မရှိတဲ့အစိုးရခေတ်ဆိုပြီး ကွဲပြားကြတယ်။ ဒီကွဲပြားမှုကပဲ အစိုးရအသီးသီးကို အဆင့်ခွဲခြားပေးခြင်းဖြစ်တယ်။
တပ်မတော်မှာလည်း အကျင့်ပျက်စစ်သားဆိုတာ ရှိစမြဲ။ အရေးယူမှုဆိုရင်လည်း ထောင်ချပြီးထုတ်ပစ်နေရတဲ့အထိ ရှိနေတယ်၊ အကျင့်ပျက် စစ်ခေါင်းဆောင်တွေရဲ့ အသုံးချမှုကြောင့် နာမည်ကောင်းမရှိတဲ့တပ်မတော်ဟာ စစ်သားစုဆောင်းရတာ ပိုမိုခက်ခဲလာတဲ့အတွက် ကြီးတဲ့အမှုငယ်စေ၊ ငယ်တဲ့အမှုပပျောက်စေဆိုတဲ့မူနဲ့ လျော့ပေါ့ပြီး ထိန်းသိမ်းနေကြတဲ့အခြေအနေရှိတယ်။ ကျင့်ဝတ် စည်းကမ်းအရ သိပ်ကောင်းပေမယ့် အကျင့်ပျက်စစ်သည်တွေကတော့ ရှိခဲ့၊ ရှိဆဲ၊ ရှိနေအုံးမှာပါ။
ပါတီဆိုရင်လည်း မူအရဆိုရင် ဆိုဖွယ်ရာမရှိပေမယ့် ခေါင်းဆောင်ပိုင်းတွေရဲ့ ကိုယ်ကျင့်သိက္ခာ၊ ပါတီဝင်တွေရဲ့ ကိုယ်ကျင့်သိက္ခာ၊ ပါတီရဲ့စည်းကမ်းတင်းကျပ်မှုတွေအရ လူတွေရဲ့ယုံကြည်မှုက ကွာခြားကြစမြဲ။ စည်းပျက်ကမ်းပျက်ပါတီဝင်တွေလည်း ထုံစံအတိုင်း ပါရှိလာစမြဲ။ အဲဒီလိုလူတွေကို အရေးယူမှုမရှိခြင်း၊ ဆက်လက်မြှောက်ပေးထားခြင်း၊ မသိကျိုးကျွံပြုထားခြင်းစတဲ့ အပြုအမူတွေလုပ်ဆောင်နေလျင် လူယုံကြည်မှု လျော့နည်းပါလိမ့်မယ်။
သံဃာထုဆိုလျင်လည်း ဘုရားရှင်လက်ထက်ကတည်းက အကျင့်ပျက်ရဟန်းဆိုတာ ရှိခဲ့တယ်။ အဲဒီအကျင့်ပျက်ရဟန်းတွေကို သံဃဝိနည်းတွေနဲ့ လျော်ညီစွာ အရေးယူမှုတွေလုပ်ခဲ့ကြလို့သာ ယနေ့အထိ ရပ်တည်နေနိုင်ခြင်းဖြစ်တယ်၊ ခုထိလည်း ရှိဆဲ၊ နောင်လည်း ရှိနေအုံးမှာပဲ။
မည်သည့်အဖွဲ့အစည်းမှာမဆို ရှိနေမယ့် အဲဒီအကျင့်ပျက်သူတွေကိုကြည့်ပြီး ထိုအဖွဲ့အစည်းကို မကောင်းဟု စွပ်စွဲလို့မရပေ။ ထိုအကျင့်ပျက်သူတွေကို အရေးမယူပဲ မိမိတို့သည် လွန်စွာဖြူစင်ကြောင်း လိမ်လည်နေမှသာလျင် စွပ်စွဲသင့်ပေသည်။
ယနေ့ မြန်မာနိုင်ငံမှ အဖွဲ့အစည်း ပါတီများစွာထဲက NLD ပါတီဟာလည်း တခုအပါအဝင်ဖြစ်တယ်။၊ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့ ဖွဲ့စည်းထားတဲ့ မတထောင်သားသမီးများ စုဝေးရာဖြစ်တယ်။ အဲဒီအတွက် အကျင့်ပျက်ပါတီဝင်ဆိုသူများလည်း ပါဝင်လျက်ရှိတယ်။
NLD ပါတီအနေနဲ့ ထိုအကျင့်ပျက်ပါတီဝင်တွေကို စိစစ်အရေးယူလျက်ရှိတယ်။ အရင်ကလည်း အရေးယူလျက်ရှိသလို၊ နောင်လည်း ဆက်လက်အရေးယူသွားဖို့ရှိတယ်။
တခုရှိတာက အရေးယူမည့် ပုဂ္ဂိုလ်တွေကိုယ်တိုင်က အကျင့်မပျက်ဖို့တော့ လိုတာပေါ့။ ယနေ့ NLD ခေါင်းဆောင်ပိုင်းတွေရဲ့ ကိုယ်ကျင့်သိက္ခာဟာ သိကြတဲ့အတိုင်း ရိုးသားဖြောင့်မတ်ပြီး စည်းကမ်းပျက်နေတဲ့ ပါတီဝင်တွေကိုလည်း အရေးယူလျက်ရှိတာကြောင့် ပြည်သူလူထုအနေနဲ့ စိတ်မချစရာမရှိပါဘူး။
NLD ဦးဆောင်ဖွဲ့စည်းတဲ့ အစိုးရအဖွဲ့မှာလည်း အလားတူအကျင့်ပျက်ဝန်ထမ်းတွေ ရှိတယ်။ အရင်ကတည်းက ပျက်ခဲ့တဲ့လူတွေရှိသလို၊ လုပ်ပိုင်ခွင့်ရမှ ပျက်တဲ့ဝန်ထမ်းတွေလည်း ရှိတယ်။ ဘယ်လိုပဲဖြစ်နေနေ အကျင့်ပျက်ဝန်ထမ်းမှန်ရင် အရေးယူရမှာကတော့ သေချာပေါက် လုပ်ရမယ့်အရာဖြစ်တယ်။
နိုင်ငံတော်တာဝန်ကို ယူခဲ့သည်မှာ တနှစ်နီးပါးရှိလာပြီဖြစ်တဲ့ အစိုးရသစ်ဟာ များစွာသော အရှုပ်ထုပ်စီမံကိန်းများ၊ မြေယာသိမ်းပြသနာများ၊ နှစ်ငါးဆယ်စာကို မုန့်ဖိုးလောက်နှင့်ငှါးရမ်းထားခြင်းများ၊ တရာတန်စီမံကိန်းကို တထောင်ယူထားသော စီမံကိန်းများ စသည်ဖြင့် တိုင်းပြည်နစ်နာစေသော လုပ်ငန်းအကြီးစားများ၊ စီမံကိန်များကို လေ့လာစစ်ဆေးပြီး ပြန်လည်ပြင်ဆင်စရာများကိုလည်း ပြင်ဆင်သွားဖို့ လုပ်ဆောင်လျက်ရှိပါတယ်
မည်သိုပင်ဖြစ်စေ NLD ပါတီဟာ ပြည်သူ့အပေါ်ထားသော သစ္စာတရားကို မယိမ်းမယိုင်စေပဲ လိပ်ပြာသန့်စွာ ကြိုးစားပေးဆပ်သွားမည့် ပါတီအဖြစ် ဆက်လက်ရပ်တည်သွားမှာဖြစ်တယ်
လက်ရှိအနေအထားအရ မြန်မာနိုင်ငံတွင် တိုင်းပြည်အပေါ်စေတနာမှန်ဖြင့် ရပ်တည်နေသောပါတီသည် NLD မှတပါးအခြားမရှိကြောင်း တိုင်းပြည်အပေါ်ထားတဲ့သစ္စာ၊ စောင့်စည်းအပ်သော သိက္ခာ၊ လေးနက်သောမေတ္တာ၊ ဖြူစင်သောစေတနာတွေနဲ့ ထပ်တူပြု၍ ယှဉ်ပြိုင်ဝံ့ပါတယ်လို့ သမိုင်းကိုသက်သေပြုကာ လော်ပါရစေတော့ဗျာ...
YaeTayZa@တောကဘကြီး
Subscribe to:
Post Comments (Atom)
No comments:
Post a Comment