Latest News

Wednesday, February 15, 2017

MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်အား ပုဒ်မ ၅၀၅ (က) ဖြင့် စွဲချက်တင် အမိန့်ချ

MDCF အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်အား ပုဒ်မ ၅၀၅ (က) ဖြင့် စွဲချက်တင် အမိန့်ချ



အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့် တရားဥပဒေစိုးမိုးရေးကို အစဉ်တစိုက် လှုပ်ရှားဆန္ဒပြခဲ့သည့် MDCF (ဒီမိုကရေစီအရေး စဉ်ဆက်မပြတ် လငပ်ရှားမှုအဖွဲ့) ခေါင်းဆောင် ကိုထင်ကျော်ကို ဖေဖော်ဝါရီ ၁၅ ရက် မြောက်ဥက္ကလာပမြို့နယ် တရားရုံး၌ ရုံးထုတ်ခဲ့သည်။

ယင်းနေ့တွင် မြောက်ဥက္ကလာပမြို့နယ် တရားရုံးက ကိုထင်ကျော်အား ပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့သည်။

ရန်ကုန်တိုင်း စစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်က ကိုထင်ကျော်အား ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုသည့် အမှုနှင့်ပတ်သက်၍ တရားလိုပြသက်သေများကို စစ်ဆေးခဲ့ပြီးသည့်နောက် ယင်းကဲ့သို့ စွဲချက်အမိန့်ကို ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (က)တွင် “ပြည်ထောင်စုအစိုးရ၏ ကြည်း၊ ရေ၊ လေ တပ်တစ်ခုခုမှ အရာရှိအား သို့မဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကို သော်လည်းကောင်း၊ သက်ဆိုင်ရာ မိမိ၏၀တ္တရားကို မလေးမစားခြင်း သော်လည်းကောင်း၊ ပျက်ကွက်ခြင်းသော်လည်းကောင်း ပြုစေရန် အကြံရှိလျှင် သို့တည်းမဟုတ် ထိုသို့ပြုစေတန် ရာသည့်အကြောင်းရှိလျှင်” ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်” ဟု ပြဋ္ဌာန်းဖော်ပြထားသည်ကို တွေ့ရှိရသည်။        

“နိုင်ငံတော် ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဆဲတဲ့သူကျတော့ ထောင်ဒဏ် ၁၅ ရက်တည်းချပြီးတော့ အခုနိုင်ငံတော် ၀န်ထမ်းဖြစ်တဲ့ စစ်ဗိုလ်ချုပ်တွေဆဲမှုနဲ့ ကျွန်တော့်ကို ပုဒ်မ ၅၀၅(ခ)နဲ့ စွဲချက်တင်ထားတာကို ကြည့်ခြင်းအားဖြင့် တရားမျှတမှုမရှိဘူး။ ဆဲရင်ဆဲတဲ့ ပုဒ်မနဲ့ တရားစွဲဆိုမှုမရှိဘဲ ဒီပုဒ်မနဲ့ တရားစွဲဆိုတာကို ကြည့်ခြင်းအားဖြင့် တရားမျှတမှုရှိမရှိဆိုတာကို သိနိုင်တယ်။ ဒါကို ကြည့်ခြင်းအားဖြင့် တရားဥပဒေဟာ လွတ်လပ်မှု မရှိသေးဘူး။ တရားဥပဒေပေါ်မှာ သူတို့ရှိနေတယ်။ ဥပဒေအကာအကွယ်ကို ပြည်သူတွေ မရသေးဘူး။ အာဏာရှိတဲ့သူတွေက ဥပဒေကို လိုရင်လိုသလိုသုံးပြီး ပြည်သူတွေကို အနိုင်ကျင့်တရားစွဲဆိုမှုတွေ ရှိနေသေးတယ်။ ပြည်သူတွေဟာ ၂၀၀၈ အခြေခံ ဥပဒေကပေးထားတဲ့ အကာအကွယ်ကိုမရဘူး ဖြစ်နေတယ်” ဟု ကိုထင်ကျော်က တရားရုံးမှ ပြန်လည်ထွက်ခွာစဉ် ပြောကြားသည်။

ထို့နောက် MDCF အဖွဲ့ဝင်များက “တရားဥပဒေ စိုးမိုးရေး ဒို့အရေး” ၊ “တရားစီရင်ရေးမဏ္ဍိုင် ဖြောင့်မတ်မှန်ကန်မှုရှိရေး ဒို့အရေး” နှင့် “၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး ဒို့အရေး” စသည်တို့ကို ကြွေးကြော်ခဲ့ကြသည်။

လက်ရှိတွင် ကိုထင်ကျော်မှာ ရန်ကင်းမြို့နယ် တရားရုံးတွင် ပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် တရားရင်ဆိုင်လျက်ရှိပြီး ၎င်းအား ကျောက်တံတားမြို့နယ် တရားရုံးကလည်း ငြိမ်း၊ စု၊ စီ ဥပဒေ ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ် နှစ်လကျခံစေရန် အမိန့်ချမှတ်ထားကြောင်း သိရသည်။

ထို့ပြင် ကိုထင်ကျော်မှာ ယခင်အစိုး ရလက်ထက်တွင် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)၊ ငြိမ်း၊ စု၊ စီ ဥပဒေပုဒ်မ ၁၈၊ ပုဒ်မ ၁၉ တို့ ဖြင့် ရန်ကုန်မြို့ရှိ မြို့နယ်တရားရုံး အသီးသီးက စုစုပေါင်းထောင်ဒဏ် ၁၃ နှစ် ၄ လချမှတ် ခံထားရသူ တစ်ဦးဖြစ်ပြီး အစိုးရသစ်လက်ထက် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသူ ဖြစ်သည်။        
Writer:
ဝေလင်းအောင်

=============

Eleven Media Group

No comments:

Post a Comment