အလွတ်စုံထောက်လုပ်ငန်းမှ MD ဦးဌေးညွန့်နှင့် တွေ့ဆုံခြင်း
မြန်မာနိုင်ငံတွင် ပထမဆုံး အလွတ်စုံထောက်လုပ်ငန်း ကုမ္ပဏီလီမိတက်ကို ပြည်တွင်းမှ CID ရဲအရာရှိဟောင်း၊ ဥပဒေပညာရှင်၊ စစ်ထောက်လှမ်းရေးဟောင်းတို့ဖြင့် ဇန်နဝါရီလက ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းနှင့် ပတ်သက်၍ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေများကို သိရှိနိုင်ရန် The Voice သတင်းစာက အဆိုပါ ကုမ္ပဏီ၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးဌေးညွန့်နှင့် တွေ့ဆုံမေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြထားပါသည်။
Voice : မြန်မာနိုင်ငံမှာ စုံထောက်အသင်းအဖွဲ့ ကုမ္ပဏီအဖြစ် စတင်ဖွဲ့တာ ဒါပထမဆုံးလား။
UHN : သိသလောက်တော့ ဒါပထမဆုံး ဖွဲ့တာပါပဲ။ အရင်တုန်းကလည်း မရှိခဲ့ပါဘူး ပြောရမယ်။
Voice : ဒီအဖွဲ့အစည်းကို ဘာကြောင့် ဖွဲ့စည်းဖြစ်တာလဲ။
UHN : နံပါတ်တစ်အချက်က ပြည်သူကို ကူညီဖို့နဲ့ နံပါတ်နှစ်က ရဲတပ်ဖွဲ့မှာ အင်အားက ဖွဲ့စည်းပုံထက် လျော့နည်းနေတယ်။ ဒီနေရာ ပြည်သူ့ရဲ့ အခက်အခဲ ပြဿနာတွေကို ဖြေရှင်းနေရတဲ့ ဝန်တချို့ကို ရဲတပ်ဖွဲ့ဆီက နိုင်သလောက် ဝင်ကူညီဖို့ ရည်ရွယ်တာပါ။ နံပါတ်သုံးက တရားဥပဒေစိုးမိုးရေးအတွက် ဆောင်ရွက်ရခြင်း ဖြစ်ပါတယ်။
Voice : တရားဝင် အဖွဲ့အစည်းအနေနဲ့ ရပ်တည်နေတာလား၊ ဘယ်သူတွေနဲ့ ဘယ်လို ချိတ်ဆက်လုပ်ဆောင်မှာလဲ။
UHN : ဖွဲ့စည်းပြီးစ ဆိုတော့ ရဲတပ်ဖွဲ့နဲ့က အသေးစိတ် မချိတ်ဆက်ရသေးဘူး၊။ တရားဝင်ချိတ်ဆက် ရပ်တည်ဖို့လည်း ကြိုးစားနေပါတယ်။ ပြည်ထဲရေးဌာနကို နှုတ်အား၊ ပုဂ္ဂိုလ်ရေးအားဖြင့် ပြောကြားထားပါတယ်။ ရဲချုပ်ကိုလည်း တင်ပြထားတယ်။
Voice : ဒီအဖွဲ့အစည်းထဲမှာ ဘယ်သူပါလဲ။ အရင် တပ်မတော် ထောက်လှမ်းရေးဟောင်းတွေရော ပါဖို့ ရှိသလား။
UHN : ရဲမှူးကြီး အငြိမ်းစားနဲ့ အရင် CID ရဲတပ်ဖွဲ့က အရာရှိဟောင်းတွေ ပါသလို တစ်ဖက်က ဥပဒေ ကျွမ်းကျင်ပညာရှင် ရှိတယ်။ တရားလွှတ်တော် ရှေ့နေဟောင်းကြီးတွေနဲ့ လူမှုအဖွဲ့အစည်းမှာ လှုပ်ရှားနေသူတွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတာပါ။ တပ်မတော် ထောက်လှမ်းရေးဟောင်းတွေ အကြံပေးအဖွဲ့မှာ ပါပါတယ်။ ကော်မတီအဖွဲ့ ၁၀ ဦးထဲမှာတော့ မပါသေးဘူး။
Voice : လက်ရှိ အမှုဘယ်နှမှု လက်ခံပြီး လိုက်ပါဆောင်ရွက်နေလဲ။
UHN : ဖွဲ့စည်းစ ဖြစ်တော့ လာရောက်အပ်တဲ့ အမှုက မရှိသေးပါဘူး။ ပထမကို လုပ်ငန်းအနေနဲ့ အရင်ဆုံး စတင်မယ်။ အဖွဲ့အစည်းက ခိုင်မာကျယ်ပြန့်လာတဲ့ အခါကျမှ ကုမ္ပဏီ အနေနဲ့ မှတ်ပုံတင်တဲ့ အဆင့် ထပ်လုပ်မယ်။ အခုလုပ်ငန်း အနေနဲ့ အရင်လည်ပတ်နိုင်ဖို့ပဲ ပြင်ဆင်ထားတယ်။
Voice : တရားခံပျောက်၊ သက်သေပျောက် အမှုတွေ စုံစမ်းထောက်လှမ်း ရှာဖွေပေးမယ်ဆိုပြီး ကြော်ငြာမှာ တွေ့ရတယ်။ ဒါက ရဲလုပ်ငန်းနဲ့ဆိုင်တဲ့ အလုပ်ဆိုတော့ ပါဝင်ပတ်သက်ခွင့်ရအောင် ဘယ်လိုညှိနှိုင်းဆောင်ရွက်ဖို့ ရှိလဲ။
UHN : ပြည်သူကို ကူညီဖို့ပါပဲ။ ရဲတပ်ဖွဲ့ကလည်း အင်အား မလုံလောက်ဘူးလေ။ ရည်ရွယ်တာက တရားဥပဒေစိုးမိုးရေးကို တစ်ဖက်က ပါဝင်ဆောင်ရွက်ချင်တယ်။ ဒီမိုကရေစီနိုင်ငံမှာလည်း လိုအပ်တယ်။ ခွင့်ပြုတဲ့ အစဉ်အလာ ရှိတယ်။ တခြားကွန်မြူနစ်၊ ဆိုရှယ်လစ်နိုင်ငံတွေမှာ ခွင့်ပြုမထားဘူး။ ကိုယ့်နိုင်ငံက ကျင့်သုံးနေတဲ့ ဒီမိုကရေစီစနစ်နဲ့အညီ ဥပဒေ စည်းမျဉ်းဘောင်ထဲကနေ ပြည်သူ့အကျိုးအတွက် ပါဝင်လုပ်ဆောင်မယ်ပေါ့ဗျာ။
Voice : အခုက ရန်ကုန်မြို့ တစ်ခုတည်းလား တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လွှမ်းခြုံလုပ်မှာလား။
UHN : ရန်ကုန်က ဦးစားပေး လုပ်မှာပါ။ နောက်ပိုင်းမှ မြန်မာနိုင်ငံတစ်ခုလုံး လွှမ်းခြုံပြီး ကြိုးစားဆောင်ရွက်ဖို့ စီစဉ်သွားမယ်။ အမှုလာအပ်ရင် စတင်ကူညီဖို့ အသင့်ဖြစ်နေပါပြီ။
Voice : အင်အားအနေနဲ့ လက်ရှိ ဘယ်နှဦးရှိလဲ။
UHN : အဖွဲ့ဝင်အင်အားက ကျွန်တော်တို့ လျှို့ဝှက်ထားရမယ့် အခြေအနေမျိုး ရှိတယ်။ ဒါကိုတော့ ပြောလို့ မရသေးဘူး။ ကော်မတီကတော့ ၁၀ ယောက်ကျော် ရှိတာပေါ့။ နောက် အကြံပေးအဖွဲ့နဲ့ အလုပ်လုပ်မယ့်အဖွဲ့ ဆိုပြီး လောလောဆယ် သုံးဖွဲ့ ဖွဲ့ထားပါတယ်။
Voice : စုံစမ်းထောက်လှမ်းမယ့် အမှုအမျိုးအစားအရကော ဝန်ဆောင်ခ ငွေကြေး ဘယ်လိုသတ်မှတ်ထားလဲ၊ အမြင့်ဆုံး ဝန်ဆောင်ခနဲ့ အနိမ့်ဆုံး ဝန်ဆောင်ခယူမယ့် အမှုက ဘာတွေဖြစ်မလဲ။
UHN : အမှုကိစ္စ တစ်ခုချင်းစီရဲ့ လုပ်ငန်းအပေါ် ကြည့်ပြီး ညှိနှိုင်းပြီး ဆောင်ရွက်သွားရမှာပါ။ ဘယ်အမှုမျိုး လာအပ်ရင် ဝန်ဆောင်ခကို ဘယ်လိုယူမလဲဆိုတာ သတ်မှတ်ထားတာ မရှိသေးပါဘူး။
Voice : ဟုတ်ကဲ့ ဘာများဖြည့်စွက်ပြောချင်ပါသလဲ။
UHN : ကျွန်တော်တို့က ပြည်သူကို ကူညီချင်တယ်။ တရားဥပဒေစိုးမိုးရေးကို အားဖြည့်ပေးချင် တယ်။ ဥပဒေ စည်းမျဉ်းတွေနဲ့ ကျွန်တော်တို့ အလုပ်လုပ်မယ်။ အကျိုးအမြတ်ကို မျှော်ကိုးပြီး လုပ်တာ မဟုတ်ဘူး။ တစ်ဝက်ကျော်က ပရဟိတလုပ်ငန်း ပုံစံသွားမယ်။ လောလောဆယ် ရုံးစိုက်ရာနေရာကို လျှို့ဝှက်ထားဦးမယ်။ တရားဝင် Website တို့ အွန်လိုင်းစာမျက်နှာတွေ ဘာမှထူထောင်ထားတာ မရှိပါဘူး။
အောင်ဇော်ထူး
The Voice
Subscribe to:
Post Comments (Atom)
No comments:
Post a Comment