Latest News

Saturday, February 18, 2017

ကျောက်မီးသွေးနဲ့ လည်ပတ်နေတဲ့ MCL ဘိလပ်မြေစက်ရုံကို ရပ်တန့်ပေးဖို့ ဒေသခံတွေ ဆန္ဒပြ

ကျောက်မီးသွေးနဲ့ လည်ပတ်နေတဲ့ MCL ဘိလပ်မြေစက်ရုံကို ရပ်တန့်ပေးဖို့ ဒေသခံတွေ ဆန္ဒပြ

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်က မော်လမြိုင်ဘိလက်မြေစက်ရုံ MCL ဟာ ၂၀၁၅ နှစ်ကုန်ပိုင်းက စတင်ပြီး ကျောက်မီးသွေးကို အသုံးပြုလည်ပတ်နေတဲ့အတွက် စက်ရုံလည်ပတ်မှုကို ရပ်တန့်ပေးဖို့ ဒေသခံတစ်ထောင်ကျော်က ဒီနေ့ ဆန္ဒပြကြပါတယ်။

ကျောက်မီးသွေးကို အသုံးပြုနေတဲ့အတွက် စိုးရိမ်လို့ အခုလို စုဝေးပြီး ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်တယ်လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ ကျိုက်မရောမြို့နယ်၊ ကော့ဒွန်းကျေးရွာ ဒေသခံ မိနီနီအောင် က ပြောပါတယ်။

"စိုးရိမ်စိတ်တွေကြောင့် ကျမတို့ ဒီပွဲကို လုပ်ဖြစ်ရခြင်းဖြစ်တယ်ပေါ့။ ဘယ်လိုပြောမလဲ ဖြစ်လာမှ လုပ်မယ်ဆိုရင် ကျမတို့အတွက် အရမ်းကို ထိခိုက်သွားနိုင်တယ်။ ကျမတို့ဟာ ဆန္ဒပြပွဲကို လမ်းလျှောက်ပြီးတော့ ပြတာမဟုတ်ဘူး။ ကော့ပနောကွင်း ရာဘာခြံရဲ့ အနားမှာပဲ ကားနဲ့လာကြတယ်။ လာကြပြီး အဲဒီမှာစုဝေးကြတယ်"

ကျောက်မီးသွေးအသုံးပြုပြီးလုပ်ဆောင်တဲ့ စက်ရုံတွေကို အလိုမရှိကြောင်း၊ ဒိုင်းနမိုက်မိုင်း အသုံးပြုမှုအလိုမရှိကြောင်း ဆန္ဒပြသူတွေက ကြွေးကြော်ခဲ့ပြီး ရေအရင်းအမြစ်ကာကွယ်ဖို့၊ ရှေးဟောင်းအမွေအနှစ် မပျက်စီးဖို့နဲ့ သဘာဝအလှအပတွေ မပျက်စီးအောင် ဆောင်ရွက်ဖို့လည်း ဟောပြောခဲ့ကြပါတယ်။

ဆန္ဒပြပွဲကို ကျိုက်မရောမြို့နယ်က သံဃာတော်တွေ၊ ကော့ပနော၊ ကော့ဒွန်း၊ ကွမ်းငန်း၊ ကော့ဝမ်းနဲ့ နိတုံ စတဲ့ ကျေးရွာ ၁၃ ရွာက ဒေသခံတွေနဲ့ ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ကြပါတယ်။

MCL စက်ရုံမှာ ကျောက်မီးသွေးနဲ့လည်ပတ်နေတာကို ရပ်တန့်ပေးဖို့အတွက် ဒေသခံတွေက လွှတ်တော်နဲ့ အစိုးရအဖွဲ့တွေထံ တောင်းဆိုစာ ပေးပို့ထားပြီးဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ - မိနီနီအောင်

RFA

No comments:

Post a Comment